အရှေ့တောမှာ ကလေးတွေကစားနေချိန် မိုင်းထပေါက်လို့ တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်

အရှေ့တောမှာ ကလေးတွေကစားနေချိန် မိုင်းထပေါက်လို့ တစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်

ပုံစာ - ဒဏ်ရာရခဲ့တဲ့ကလေးတစ်ဦး။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက ကထောင်းနီကျေးရွာမှာ ကလေးတွေဆော့ကစားနေချိန် မိုင်းပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကထောင်းနီကျေးရွာက ဆန်စက်အနီးမှာ ကလေးငယ်တွေ ဆော့ကစားနေချိန် မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာပါ။

အဲဒီပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်ခွဲအရွယ် မဂျူးမြတ်လင်း ဦးခေါင်းမှာမိုင်းစထိမှန်လို့ ပွဲချင်းပြီးသေဆုံးသွားပြီး နောက်ထပ် ကလေးငယ်နှစ်ဦးလည်း ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ပေါက်တာက မိုင်းလို့ပြောတာပဲ။ ကလေးတွေက တစ်ရွယ်တည်းလေးတွေ ဆော့နေကြတာ။ တက်နင်းမိတာလား ဘယ်လိုဖြစ်တာလဲတော့ မသိဘူးပေါ့နော်။ ပေါက်ကွဲသံတော်တော်ကြမ်းတယ်” လို့ ‌ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ အသက် ၄ နှစ်အရွယ် နော်ဝါးအယ်ဝါးနဲ့ အသက် ၃ နှစ်အရွယ် မောင်ဘုန်းမြတ်အောင်တို့ဖြစ်တယ်လို့ဖြစ်ပြီး တစ်ဦးကတော့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ ဒေသခံကဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးငယ် အပါအဝင် ကလေးငယ် သုံးဦးစလုံးကိုတော့ ဒီနေ့မနက်မှာပဲ ထားဝယ်မြို့ပေါ်ကဆေးရုံကို ကားနဲ့တင်ဆောင်သွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဒီနေ့မနက် မိုင်းပေါက်ကွဲတဲ့နေရာဟာ ကထောင်းနီရွာလမ်းဆုံရဲ့ အနီးအနားမှာပဲဖြစ်တာကြောင့် ဒေသခံတွေသွားလာနေကျ နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီနေရာက လမ်းဆုံဘေးနားမှာပဲလေ။ အဲဒီကလေးမိဘတွေက ခဲသွားယင်း(တနိုင်တပိုင်ခဲသတ္တုရှာဖွေ)နေတာ။ ကလေးတွေလည်း သွားလာဆော့ကစားနေကျနေရာတွေပဲ” လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့မိုင်းဟာ ဘယ်သူ့ရဲ့မိုင်းဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကထောင်းနီကျေးရွာဟာ အခုနှစ်ဖော်ဝါရီလကစလို့ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ အရှေ့တောဒေသဧရိယာအတွင်းက‌ ကျေးရွာတစ်ခုဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်းက စစ်လက်နက်ပစ္စည်းကြွင်းအကျန်တွေနဲ့ မိုင်းတွေကြောင့် အရပ်သားသေဆုံးတဲ့ဖြစ်စဥ်တွေဟာ အခုနောက်ပိုင်းမှာ အများအပြားရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစပိုင်းကလည်း ထားဝယ်မြို့၊ အိမ်‌ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းဝင်းအတွင်း မိုင်းလို့ယူဆရတဲ့ပစ္စည်းတစ်ခု ပေါက်ကွဲခဲ့တာကြောင့် အသက်ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ် ၂၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

The Tanintharyi Times