ဟိန္ဒားက ခဲသတ္တုမိုင်းတွေ ရွာအဝင်လမ်းအထိတိုးချဲ့တူးဖော်လာလို့ ဒေသခံတွေစိုးရိမ်နေ

ဟိန္ဒားက ခဲသတ္တုမိုင်းတွေ ရွာအဝင်လမ်းအထိတိုးချဲ့တူးဖော်လာလို့ ဒေသခံတွေစိုးရိမ်နေ

ထားဝယ်မြို့နယ်၊ အ‌ရှေ့တောဒေသက ဟိန္ဒားကျေးရွာတဝိုက်မှာ ခဲသတ္တုမိုင်းလုပ်ကိုင်သူ‌တွေက ရွာအဝင်လမ်းကိုပါ တူးဖော်နေတာကြောင့် ရွာအဝင်လမ်းပျက်စီးမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

အရင်ကရွာဝင်လမ်းနဲ့မလှမ်းမကမ်းမှာ ရွာခံတွေက တနိုင်တပိုင်လုပ်ကိုင်တာတွေရှိပေမဲ့ အခုသြဂုတ်လအစပိုင်းမှာတော့ လမ်းဘေးဝဲယာတွေ ပါ စက်ယန္တရားတွေနဲ့ တိုက်စားပြီးတူးနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလိုလမ်းဘေးဝဲယာတွေမှာ တူးဖော်‌နေတဲ့ ခဲမိုင်းတွေဟာ ဟိန္ဒားရွာခံပိုင်ဆိုင်တဲ့ လုပ်ငန်းမဟုတ်ဘဲ တခြားဒေသ လာရောက်လုပ်ကိုင်နေကြတာဖြစ်တယ်လိုဘ ဒေသခံရဲ့ပြောပြချက်အရ သိရပါတယ်။

“ဒီနေရာမှာရွာခံတွေဘယ်သူမှမလုပ်ဘူး။ လမ်းပျက်မှာကိုကြောက်ကြတယ်။ အခုတူးနေတာက လမ်းအောက်ကိုတိုက်စားပြီး လမ်းပခုံးစွန်းကိုတောင်ရောက်နေပြီ။ ဒီလမ်းကမိန်းလမ်းကြီးလေ။ ဟိန္ဒားအဝင်လမ်းက ဒီလမ်းပဲရှိတာ။ ဒီအတိုင်းဆိုလမ်းကဖြိုခံရတော့မယ်” လို့ ဟိန္ဒားဒေသခံတစ်ဦးက ပြောပါတယ်။

တခြားရွာကလာရောက်လုပ်ကိုင်နေသူတွေကလည်း တနိုင်တစ်ပိုင်လုပ်ကိုင်နေတဲ့ ဒေသခံတွေဖြစ်ပြီး သူ့အစုနဲ့သူ လက်ကိုင်မြေတူးစက်တွေ၊ ခဲကျင်စက်တွေ၊ မီးစက်တွေနဲ့ လုပ်ကိုင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီခဲသတ္တုလုပ်ကွက်တွေဟာ ကော်သူးလေတပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့လုပ်ကိုင်နေတာဖြစ်ပြီး သူတို့ကိုပဲအခွန်ပေးဆောင်ပြီး လုပ်ကိုင်နေတာလို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော်(KTLA) ဆာကဆောတပ်မကို ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

“ရွာသားတွေက လမ်းပျက်စီးမယ်လို့ပြောတော့။ အသစ်ဖောက်ပေးမယ်လို့ အသံထွက်လာတယ်။ ခွင့်ပြု‌ပေးတဲ့သူတွေကြားကပဲဒီအသံထွက်တာ။ လုံးဝမဖြစ်သင့်ဘူး။ ရွာအတွက်ဘာအကျိုးမှလည်းမရှိဘူးလေ။ ဘယ်သူကကျေနပ်မှာလဲ။ ရှိနေတဲ့လမ်းအကောင်းကြီးကိုဖျက်ဆီးနေတာ” လို့ နောက်ထပ်ရွာခံတစ်ဦးက ပြောပါတယ်။

ခဲသတ္တုတူးဖော်တဲ့လုပ်ငန်းနဲ့နီးစပ်သူတစ်ဦးကတော့ ဟိန္ဒားရွာအဝင်လမ်းနဘေးနဲ့ အဆောက်အအုံရှိတဲ့နေရာတွေဟာ ခဲသတ္တုကြောရှိပြီး အထွက်များတဲ့နေရာတွေဖြစ်တာကြောင့် အစိုးရအဆက်ဆက်က ကုမ္ပဏီတွေကိုတောင် လုပ်ကိုင်ခွင့်မပြုခဲ့တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

ဟိန္ဒားကျေးရွာတစ်ဝိုက်မှာ အဲဒီခဲသတ္တုမိုင်းလုပ်ကွက်အပြင် ဒေသခံတွေတနိုင်တပိုင်လုပ်ကိုင်နေတဲ့ နောက်ထပ်လုပ်ကွက် နှစ်ကွက်ခန့်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဟိန္ဒား‌‌ဒေသမှာ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်(MPC) ကုမ္ပဏီထွက်ခွာပြီးနောက်ပိုင်း စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ကလုပ်ပိုင်ခွင့်ရထားပေမဲ့ လာရောက်လုပ်ကိုင်တာမျိုးတော့မရှိသေးပါဘူး။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုထဲက ပြင်ကြီးရွာ၊ ပိန္နဲတောရွာ၊ ကံပေါက်ကျေးရွာအဝင် ဆင်ရပ်တံတားအနီးနဲ့ မဂ္ဂင်ရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေ အနီးအနားကိုလည်း ခဲလုပ်ကွက်တွေရောက်လာတဲ့အကြောင်း ပြီးခဲ့တဲ့လမှာ တနင်္သာရီတိုင်းမ်သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။

တိုင်းအတွင်း ရင်းနှီမြုပ်နှံမှုစီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Tanintharyi Coalition Resource Watch အဖွဲ့ကထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ဧပြီလကနေ ဇွန်‌လအထိ သုံးလတာအတွင်းအစီရင်ခံစာမှာတော့ စစ်ကောင်စီတပ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ ခဲမဖြူ၊ သတ္တုတူးဖော်တဲ့လုပ်ကွက် အကျယ်အဝန်း ဧကထောင်ချီအထိရှိလာနေပြီလို့ ဖော်ပြထားပါတယ်။

လုပ်ကွက်တွေသိသိသာသာများလာတဲ့နေရာတွေကတော့ ထားဝယ်ခရိုင်အတွင်းက ကံပေါက်၊ ဇင်းဘာနဲ့ ထားဝယ်အရှေ့တောဒေသတွေဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

The Tanintharyi Times