တန်ဖိုးမဲ့လာတဲ့ငွေနဲ့ ဆင်းရဲမွဲတေမှုလှိုင်းလုံးကြားက ပြည်သူ့ဘဝ

တန်ဖိုးမဲ့လာတဲ့ငွေနဲ့ ဆင်းရဲမွဲတေမှုလှိုင်းလုံးကြားက ပြည်သူ့ဘဝ

အရင်က ပစ္စည်းတစ်ခုကို ကောင်းမကောင်း၊ လတ်ဆတ်မှု ရှိမရှိကြည့်ပြီး ဘာမှစဉ်းစားစရာမလိုဘဲ ဝယ်မယ်လို့ ဆုံးဖြတ်နိုင်ပေမဲ့ အခုနောက်ပိုင်းမှာတော့ အိမ်မီးဖိုချောင်အတွက် ဈေးသွားရတဲ့ မနက်ခင်းတိုင်းဟာ မသီတာ အတွက် ချောက်ချားစရာနေ့ရက်တွေ ဖြစ်လာခဲ့ပါတယ်။

“အရင်က ဈေးဖိုး တစ်သောင်း၊ တစ်သောင်းခွဲဆိုတာ နှစ်ရက်စာ သုံးရက်စာလောက်အတွက် ဝယ်လို့ရတယ်။ အခုက တစ်ရက်စာတောင် မနည်းခြစ်ကြုတ်တွက်ချက်ဝယ်မှ ရတော့တာ”လို့ အသက် ၃၄ နှစ်အရွယ် အိမ်ထောင်ရှင်မ တစ်ဦးဖြစ်တဲ့ မသီတာက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းပြည်ရဲ့ ချွတ်ခြုံကျမှုတွေထဲမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှု ပြဿနာဟာ ရှေ့တန်းကို ရောက်လာခဲ့တာပါ။

စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားဟာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၀၀ နီးပါးသာရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း တရိပ်ရိပ်ထိုးကျနေတဲ့ မြန်မာငွေကြေးတန်ဖိုး ကြောင့် အခုလအစမှာ အမေရိကန်တစ်ဒေါ်လာရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ ၅၀၀၀ နီးပါးထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီရဲ့ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှုဒဏ်ကို မသီတာတို့လို အခြေခံ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ်။

“အခု ဝင်ငွေနဲ့ ထွက်ငွေက ချိန်ခွင်လျှာဇောက်ထိုးလို ဖြစ်နေတာကြာပြီ။ လောက်ငအောင် မနည်းချိန်ဆသုံးစွဲနေရတယ်”လို့ မသီတာက ဆိုပါတယ်။

တစ်ဖက်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာပေမဲ့ အခြားတစ်ဖက်ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရပေါက်ရလမ်းက တိုးမြင့်မလာဘဲ ဝင်ငွေရဖို့ရှာဖွေရတာဟာ အရင်ကထက် ပိုမိုခက်ခဲလာတယ်လို့ မသီတာကပြောပါတယ်။

ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မသီတာရဲ့ တစ်လဝင်ငွေဟာ ကျပ်ငွေ ၅ သိန်းခန့်ရှိပြီး လင်မယားနှစ်ယောက်ပေါင်း တစ်လဝင်ငွေဟာ ကျပ်ငွေ ၁၀ သိန်းနီးပါးရှိပါတယ်။

အရင်က အဲဒီတစ်လဝင်ငွေဟာ အိမ်မီးဖိုချောင် စရိတ်၊ ကလေးကျောင်းစရိတ်၊ လျှပ်စစ်မီတာခ၊ ရေမီတာခအပါအဝင် အခြားသော သာရေး၊နာရေး၊ ကျန်းမာရေး အ သုံးစရိတ်တွေအတွက် လုံလောက်ကာမိပေမဲ့ လက်ရှိမှာတော့ မနည်းလောက်ငအောင် သုံးစွဲနေရတယ်လို့ မသီတာ က ဆိုပါတယ်။

“အရင်က အသေးသုံးမုန့်ဖိုးဆိုရင် ၁၀၀၀၊ ၂၀၀၀ (ကျပ်) နဲ့ရတယ်။ အခုက အသေးသုံးတောင် အနည်းဆုံးတစ်သောင်းတန် တစ် ရွက်လောက်ဖြစ်နေပြီ” လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်မီကဆိုရင် ပေါ်ဆန်မွှေးရိုးရိုးဆန်တစ်အိတ်ရဲ့ တန်ဖိုးဟာ (ရန်ကုန်ဈေး) ကျပ်ငွေငါးသောင်းကျော်သာရှိခဲ့ပြီး လက်ရှိမှာတော့ ကျပ်ငွေ တစ်သိန်းခွဲကျော် အနည်းဆုံးရှိနေခဲ့တာဖြစ်ပါတယ်။ ဆင်းသွယ်ဆန်တစ်အိတ်ကလည်း ကျပ်ငွေ သုံးသောင်းကျော်သာရှိခဲ့ပြီး လက်ရှိမှာတော့ ကျပ်‌ငွေတစ်သိန်းကျော် ရှိနေခဲ့တာပါ။

ထို့နည်းတူ စစ်အာဏာသိမ်းမှု မတိုင်မီ စားအုန်းဆီတစ်ပိဿာကို ကျပ်ငွေ ၄၀၀၀ ကျော်သာရှိခဲ့ပေမဲ့ လက်ရှိမှာတော့ စားအုန်းဆီတစ်ပိဿာရဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်ငွေတစ်သောင်းကျော်ရှိနေပါပြီ။ ဒါ့အပြင် ဟင်းသီးဟင်းရွက်နဲ့ အသားငါး ဈေးနှုန်းတွေကလည်း သုံးဆနီးပါးမြင့်တက် လာခဲ့ပါတယ်။

“အရင်က ပုဇွန်အစိတ်သား (ကျပ်) ၂၅၀၀၊ ၃၀၀၀ ။ အခု အစိတ်သား (ကျပ်) ၈၀၀၀၊ ၉၀၀၀။ ဒါတောင် ကန်ကျော့(မွေးမြူရေး) ပုဇွန်နော်။ ရေချိုပုဇွန်ထုတ်ဈေးဆို မေးတောင်မကြည့်ရဲဘူး” လို့ မသီတာက ဆိုပါတယ်။

ဂေါ်ဖီထုတ် တစ်ထုတ်ဟာ ၂၀၂၁ ခုနှစ်မတိုင်မီက ငွေကျပ် ၇၀၀ ခန့်သာ ရှိခဲ့ပေမဲ့ လက်ရှိမှာ တစ်ထုတ်ကို ငွေကျပ် ၇၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ စစ်အာဏာသိမ်းမှုမတိုင်မီက ငွေကျပ် ၅၀၀ ဖိုးဆိုရင်သုံးထုတ်ရတဲ့ ကော်ဖီမစ် ထုတ်ဟာ လက်ရှိမှာ တစ်ထုတ်ကို ၄၀၀ ကျပ်ပါ။ စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၁ ခုနှစ် နှစ်စမှာ ကြက်ဥတစ်လုံးဟာ ကျပ်ငွေ ၁၀၀ ၊ ၁၂၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ လက်ရှိမှာ ကြက်ဥတစ်လုံးဟာ ကျပ်ငွေ ၃၅၀ ထိ ဈေးနှုန်းရှိပါတယ်။

ဒီလို ငွေကြေးဖောင်ပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို မသီတာတို့လို စားသုံးသူတွေသာ ကြုံတွေ့ရတာမဟုတ်ဘဲ ရောင်းချသူ ဈေးသည်တွေလည်း ကြုံတွေ့ရတာဖြစ်ပါတယ်။

မမိုးဟာ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၂၆ လမ်းဈေးမှာ ကုန်စိမ်းရောင်းချသူဖြစ်ပါတယ်။ သီရိမင်္ဂလာဈေး၊ တွံတေးစတဲ့နေရာတွေကနေ အသီးအရွက်ကုန်စိမ်းတချို့ကို အဆင်ပြေသလို တစ်ပိုင်တစ်နိုင်ယူငင်ရောင်းချ နေတာဖြစ်ပါတယ်။ အရင်က သူ့ဆီမှာ ကုန်စိမ်းအမျိုးပေါင်း ၁၀ မျိုးမက တင်ပြီးရောင်းချနိုင်ခဲ့ပေမဲ့ လက်ရှိမှာ ကုန်စိမ်း လေးငါးမျိုးကိုသာ အလုပ်ကလေးမပြတ်အောင် ရောင်းနေရတယ်လို့ မမိုးကဆိုပါတယ်။

“ဒီနေ့ရောင်းရပြီး နောက်နေ့ပြန်ဝယ်ရတဲ့ငွေက ဒီနေ့လို ပစ္စည်းအမယ်အတိုင်း ပြန်မရတော့ဘူး။ ဒီနေ့လို အမယ်အတိုင်း ပြန်ရချင်ရင် အိတ်စိုက်ရရော။ ဈေးက ရောင်းရင်းရှုံးနေသလိုဖြစ်နေတာ” လို့ မမိုးက ပြောပါတယ်။

အရင်ကဆို မမိုးအနေနဲ့ ကျပ်ငွေ တစ်သိန်းရင်းနှိးလိုက်ရင် ကုန်စိမ်းအမယ်ပေါင်း ၁၀ မျိုးမက တင်ရောင်းနိုင်ပေမဲ့ လက်ရှိမှာ ကျပ်ငွေ တစ်သိန်းအရင်းအနှီးက ကုန်စိမ်းအမယ် သုံးလေးမျိုးသာ ရပါတော့တယ်။

ခေါက်ပြန်ကြေးစနစ်နဲ့ ယူငင်ရောင်းချတဲ့ ဒါမှမဟုတ် နေ့ပြန်တိုးယူပြီးရောင်းချတဲ့ ဈေးသည်အများစုဆိုရင် အမြတ်မရှိ၊ အရင်းပြုတ်ကြတဲ့ အတွက် တချို့ဈေးမရောင်းနိုင်ကြတော့ဘူးလို့ မမိုးက သူ့ပတ်ဝန်းကျင်က အသိဈေးသည်တွေ ‌အခက်ကြုံနေရတာကို ပြောပြတယ်။

“ဈေးကအကျမရှိဘူး၊ အတက်ကြီးပဲ။ ဈေးတက်တော့ လူတွေကလည်း အရင်လို ဖောဖောသီသီ မဝယ်ကြ‌တော့ဘူး။ အဲဒီတော့ ကုန်စိမ်းကကျန်၊ ကျန်တော့ ပစ်ရ။ ဒါပေမဲ့ နေ့ပြန်တိုး၊ ခေါက်ပြန်ကြေးကျ မပေးလို့မရဘူးလေ။ အဲ့ဒီတော့ အရင်းပြုတ်ပြီး ဈေးမရောင်းနိုင်ကြတော့ဘူး” လို့ မမိုးက ရှင်းပြပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ လက်ရှိ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဆင်းရဲမွဲတေမှုဟာ မြင့်တက်လာနေပြီး ပိုမို ဆင်းရဲလာနေတဲ့ ပြည်သူတွေတင်မဟုတ်ဘဲ အဆိုးရွားဆုံး ဆင်းရဲခက်ခဲကျပ်တည်းနေတဲ့ ပြည်သူတွေထိပါ ရှိလာ နေခဲ့တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme) ရဲ့ ဧပြီလအတွင်းက ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာက ပြီးခဲ့တဲ့နှစ် ဇွန်လကနေ အောက်တိုဘာလအတွင်း သုတေသနစာတမ်းကောက်ယူထားမှုအပေါ်မှာ အခြေခံထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် အရင်နှစ်တွေက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ မြို့ပြ နေလူတန်းစားရဲ့ ဆင်းရဲမွဲတေမှုနှုန်းထားဟာ သုံးဆမြင့်တက်သွားမယ်လို့ ဆိုထားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လူဦးရေ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုကို ခံစားရလိမ့်မယ်လို့ ဆိုထားခဲ့ပါတယ်။ ဆင်းရဲမွဲတေသူ ၄၈ ဒသမ၂ ရာခိုင်နှုန်းထိ ရှိလာမယ်လို့လည်း အစီရင်ခံစာမှာ မှန်းထားပါတယ်။

ယခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဆင်းရဲမွဲတေမှုကြောင့် မြန်မာနိုင်ငံတွင်း လူလတ်တန်းစားအလွှာဟာ ပျောက်ကွယ်သွားပြီလို့လည်း ဆိုပါတယ်။

ဒီအခြေအနေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာသာ ကြုံတွေ့ရင်ဆိုင်နေရတာလို့ ထင်မှတ်ရပေမဲ့ လက်တွေ့ မှာတော့ မြို့ကြီးပြကြီးအပါအဝင် တစ်တိုင်းပြည်လုံးက အခြေခံပြည်သူတွေ ကြုံတွေ့ဖြတ်သန်းနေရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှုဟာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသာဖြစ်ပြီး လက်ရှိမှာ နိုင်ငံတွင်းဆင်းရဲမွဲတေမှုဟာ ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရှိပါတယ်။ အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုပြီးနောက် တစ်နှစ်အကြာမှာပဲ ဆင်းရဲမွဲတေမှုဟာ နှစ်ဆနီးပါး မြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ၃ ရာခိုင်နှုန်း သာရှိခဲ့ပြီး အခုနှစ်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားနိုင်ကာ စစ်အာဏာသိမ်းမှုမတိုင်မီ မူလ အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ခက်ခဲနေဦးမယ်လို့ ဆိုထားခဲ့ပါတယ်။ အခုလ ဒုတိယပတ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ နိုင်ငံလူဦးရေရဲ့ ၃၂ ရာခိုင်းနှုန်းဟာ ဆင်းရဲမွဲတေနေပြီလို့လည်း ဆိုထားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့နှစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့ရဲ့ ဇွန်လ ပထမပတ်အတွင်းက ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်အရ လာမယ့် သုံးလ တာကာလအတွင်း မြန်မာနိုင်ငံအတွင်း လူဦးရေရဲ့ ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုကိုရင် ဆိုင် ရလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

“အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၆၂ ရာခိုင်နှုန်းမြင့်တက်လာတယ်။ စစ်တပ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်နဲ့ လက်ရှိ အခြေအနေ နှိုင်းယှဉ်ရင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အဆ ပေါင်း ၂၇၀ ကျော် ကွာဟသွားပြီလို့” အဆိုပါအဖွဲ့နှစ်ခုရဲ့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

တိုင်းပြည်ရဲ့ လက်ရှိ ငွေကြေး‌ဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုနဲ့ စီးပွားရေးအကျပ်အတည်း အခြေအနေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးစိန်ဌေးက ယင်းပြဿနာအားလုံးဟာ စီးပွားရေးကို စီမံကိုင်တွယ်ဖြေရှင်းနေတဲ့ စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ အခုလ ၈ ရက်ကထုတ်လွှင့်ခဲ့တဲ့ လွတ်လပ်တဲ့အာရှအသံ စကားဝိုင်းထုတ်လွှင့်မှုမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ပုံကိုင်ပုံနဲ့ ဆောင်ရွက်မှုတွေဟာ တလွဲတချော်ဖြစ်နေခဲ့တာမို့ အခုလို ပြဿနာတွေဖြစ်နေတာလို့ ဦးစိန်ဌေးက သုံးသပ်ပါတယ်။

“တစ်လုံးတည်းပြောရရင်တော့ တိုင်းပြည်စီးပွားရေးဒီလိုကျတာ mismanagement လို့ ကျွန်တော်တို့ ဘောဂဗေဒ မှာသုံးတယ် ။ စီမံခန့်ခွဲမှုညံ့လို့ ၊ လွဲမှားလို့ အဲလိုဖြစ်တာ” လို့ ဦးစိန်ဌေးက ဆိုပါတယ်။

WFPနဲ့ FAO ရဲ့ပူးတွဲထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံဟာ ဆီးရီးယား၊ ယီမင်၊ ကွန်ဂိုနိုင်ငံတွေနဲ့ တန်းတူ စားနပ်ရိက္ခာမလုံလောက်မှုအကျပ်အတည်းကို စိုးရိမ်စရာ ကြုံတွေ့နေရတဲ့ နိုင်ငံ ဖြစ်နေခဲ့ပါပြီ။

နီလာအေး

The Tanintharyi Times