အားလုံးပါဝင်ရေးမူနဲ့ လူမျိုးနွယ်စုငယ်အချို့ကို ချဉ်းကပ်ခြင်း
အားလုံးပါဝင်ရေးမူနဲ့ လူမျိုးနွယ်စုငယ်အချို့ကို ချဉ်းကပ်ခြင်း
လက်ရှိကာလမှာ စစ်ရေးအရ တော်လှန်နေရသလိုပဲ အခြားတဖက်မှာလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် နိုင်ငံရေးအရ စုဖွဲ့မှုတွေလုပ်နိုင်အောင် ဆွေးနွေးတာတွေ မတူကွဲပြားတဲ့ တော်လှန်ရေးအင်အားစုတွေ အကြားမှာ၊ တိုင်းရင်းသားတွေ အကြားမှာ ပြုလုပ်နေကြတာရှိပါတယ်။ ဒီလိုမျိုး တော်လှန်ရေးအင်အားစုတွေ အကြား ပြောဆိုဆွေးနွေးပြီး စုဖွဲ့နိုင်အောင်ကြိုးပမ်းကြတာဟာလည်း သိပ်လွယ်ကူတဲ့ ကိစ္စမဟုတ်တာကို အများသိပြီး ဖြစ်ပါတယ်။
ဒီမိုကရေစီ စံတန်ဖိုးကို အလေးဂရု ပြုကြတဲ့ အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စရပ်တွေမှာ အထူးသဖြင့် လူထုအများစုအပေါ်သက်ရောက်မှုရှိလာမယ့် ကိစ္စရပ်တွေကိုဆွေးနွေးရာမှာ အများအားဖြင့် သက်ဆိုင်သူအားလုံးပါဝင်နိုင်ရေးအတွက် ‘အားလုံးပါဝင်ရေးမူ’ဆိုတာကို လက်ကိုင်ပြုလေ့ရှိပါတယ်။
ဒါပေမဲ့ ဒီမူဝါဒ အရ ချဉ်းကပ်ကြတဲ့အခါမှာလက်တွေ့မှာ အခက်အခဲတွေ ရှိကြပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းမှာ နေထိုင်တဲ့ မတူကွဲပြားတဲ့ လူမျိုးနွယ်စုအချို့ကို ဒီလို အားလုံးပါဝင်ရေးမူနဲ့ ချဉ်းကပ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ဖိတ်ခေါ်တာ၊ သူတို့ပါဝင်လာနိုင်အောင် ကြိုးပမ်းရာမှာ သတိချပ် သင့်တယ်လို့ ယူဆတဲ့ အချက်တွေကို ဆွေးနွေးပါရစေ။
နားလည်အောင်ကြိုးပမ်းပါ၊ အကဲမဖြတ်ပါနဲ့။
မတူတဲ့လူမျိုးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်၊ ရိုးရာ၊ ဓလေ့၊ ပုံပြင်၊ ဒဏ္ဍာရီ ၊သမိုင်းတွေနဲ့ ရှင်သန်နေထိုင်ကြတာဖြစ်ပါတယ်။ အချင်းချင်းကြားမှာ နားလည်မှုတိုးလာဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့ အတွက်က အပြန်အလှန် အရင်ဆုံးဖြစ်တည်မှုတွေအတွက် နားလည်ဖို့ဖြစ်ပါတယ်။ အပြန်အလှန် အကဲဖြတ် ကြပြီး မတူတဲ့ စံနှုန်းတွေနဲ့ တိုင်းတာမျိုးက အချင်းချင်းကြားမှာ မလိုလားအပ်တဲ့ ပြဿနာလေးတွေ များတတ် ပါတယ်။ အထူးသဖြင့်တော့ နေရာမတူ၊ ဘာသာစကားကွဲပြား၊ ကိုးကွယ်ရာ ခြားနားတဲ့ အခြေအနေမျိုးမှာပါ။ ဥပမာဆိုပါစို့။ ပင်လယ်မှာ အများအားဖြင့် အသက်မွေးနေထိုင်တဲ့ ဆလုံလူမျိုးတွေကို မြင်တဲ့ အခါမှာ တချို့ကသူတို့ရဲ့ စံပေတံနဲ့ အကဲဖြတ်လိုက်ပြီး ဒီလူမျိုးစုလေးဟာ အတော်ပဲ မဖွံ့ဖြိုးသေးတာပဲ၊ အရာရာ နိမ့်ကျနေတာပဲ၊ ဒီလို လူတွေနဲ့ အတူတူ တွဲလုပ်လို့ ဖြစ်ပါ့မလားလို့ သံသယ စဝင်မိတာမျိုးရှိပါတယ်။ ထားဝယ်တွေကြားထဲမှာဆိုရင် ဆလုံနေ၊ ဆလုံစား လို့ပြောတတ်တာမျိုးရှိပါတယ်။ ဆလုံနဲ့ နှိုင်းပြောတာဟာ ခံရခက်အောင် နာအောင် နှိမ်ပြောတာမျိုးဆန်ပါတယ်။ ဒီလိုမျိုး အကဲဆတ်တဲ့ ကိစ္စတွေကိုသတိပြုရမှာ ဖြစ်ပါတယ်။ အဓိကက အချင်းချင်း နားလည်မှုနက်ရှိုင်းအောင် အရင် အားထုတ်ရမှာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တာတွေကို လမ်းစဖော်ရမှာဖြစ်ပါတယ်။
ဖြစ်တည်မှုနောက်ခံများကို မြင်အောင်ကြည့်ပါ။
လူမျိုးစုတခုမှာ ကြီးပြင်းလာရခြင်းဟာ လူတွေရဲ့ ဖြစ်တည်မှုတခုဖြစ်ပါတယ်။ ဗမာဆိုရင် ဗမာ့ဓလေ့တွေနဲ့ ကြီးပြင်းရနိုင်သလို ကရင်၊ မွန်၊ ရှမ်း အစရှိသဖြင့် မတူတဲ့ လူမျိုးနွယ်စုရဲ့ ဖြစ်တည်မှုများရှိပါမယ်။ နောက်တခု ကတော့ လူတွေမှာကိုယ်ခန္ဓာ ကျား၊ မ ဖြစ်တည်မှုအရ၊ လူမှုလိင် (gender) ခံယူမှုကွဲပြားမှုအရ၊ အသက်အရွယ်အရ၊ ဆင်းရဲ ချမ်းသာ၊ ပိုင်ဆိုင်မှု၊ အသိုင်းအဝိုင်းမှာ လူဝင်ဆံ့မှု၊ အသိ၊ အတတ် ပညာ၊ အသက်မွေးမှု အစရှိသဖြင့် နောက်ခံ အကြောင်း အရင်းတွေအလိုက်လည်း ကွဲပြားကြပါတယ်။ လူမျိုးစု အကြီးတွေအကြားမှာ ဒီလို နောက်ခံ ကွဲပြားတာကို အလွယ်မြင်နိုင်တာ၊ ကိုယ့်ကိုယ်ကိုယ်လည်း ပွင့်လင်းစွာ ဖော်ထုတ် ပြောဆိုတတ်ထားကြတာမျိုးလည်း ရှိတာမို့ ဒီလို ဖြစ်တည်မှု နောက်ခံ ကိုမူတည်ပြီး နိုင်ငံရေးအရ ဖြစ်စေ စုဖွဲ့ဖို့၊ ပါဝင်ဖို့ လမ်းစရှိတတ်ကြပါတယ်။ အချို့သော လူမျိုးစု အငယ်တွေမှာကျတော့ သူတို့ရဲ့ ဖြစ်တည်မှု နောက်ခံက သိပ်မရှင်းနေတာ၊ ထုံတမ်းဓလေ့တွေ အရကိုပဲ အသားကျနေတာမျိုးဖြစ်တတ်လို့ အားလုံးပါဝင်ရေးမူ ဆိုပေမဲ့ တချို့တွေဟာ မရည်ရွယ်ဘဲ ချန်ထားခံရတာ၊ ပါဝင်ခွင့် မရတာတွေလိုမျိုး ရှိနိုင်ပါတယ်။ လူမျိုးအငယ်အချို့ကို ချဉ်းကပ်လိုတွေက သူတို့ရဲ့ ဖြစ်တည်မှု နောက်ခံကိုပါ သေချာ နားလည်အောင် ကြိုးပမ်းရမယ့် အနေအထားမျိုးဖြစ်ပါတယ်။
စနစ်တခုခုထဲကို အတင်းမသွတ်သွင်းပါနဲ့။
လူမျိုးနွယ်စုအချို့ကို ချဉ်းကပ်တဲ့အခါမှာ သူတို့အတွက် ပြောဆိုဆွေးနွေးဖို့၊ ဆုံးဖြတ်နိုင်ဖို့ လမ်းဖွင့်ထားတယ်၊ ပါဝင်ခွင့်ရအောင် လုပ်မယ်၊ သူတို့ကို မချန်ရစ်ခဲ့ဘူးဆိုတာဟာ မူအားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အချို့တွေဟာ လက်ရှိ နိုင်ငံရေး စနစ်၊ အုပ်ချုပ်ရေးရာ၊ ဒီမိုကရေစီ၊ ကိုယ်စားပြုခြင်း စတဲ့ အရာတွေရဲ့ အဝေးမှာ သီးသီးသန့်သန့် နေထိုင်ရှင်သန်ကြတာမျိုးဖြစ်နေနိုင်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်စနစ်မှာ သူတို့ ဓလေ့ ထုံးတမ်းနဲ့ ရိုးရာတွေ၊ အသက်မွေးမှုတွေ၊ ယုံကြည်မှုတွေ ရှိပြီးသားဖြစ်နိုင်ပါတယ်။ ဝေးလံခေါင်သီ တဲ့ အရပ်တွေမှာ အခြေချကြတဲ့ လူမျိုးနွယ်စုတွေကို ထဲထဲဝင်ဝင်လေ့လာခဲ့တဲ့ ပါမောက္ခ ဂျိမ်းစကော့ရေးသားခဲ့သလို စိုးမိုးအုပ်ချုပ်မခံလိုတဲ့ သူတွေ၊ အုပ်ချုပ်ရေးစနစ်တွေနဲ့ ဝေးရာမှာ သီးသီးသန့်သန့် နေလိုသူ အုပ်စုတွေလည်း ရှိနေနိုင်ပါတယ်။ ဒီလိုမျိုးအုပ်စုလေးတွေကို ချဉ်းကပ်ရာမှာ ကိုယ်တွေရဲ့ ဒီမိုကရေစီ၊ ကိုယ်စားပြုမှု၊ ကော်မတီ၊ အဖွဲ့၊ ဖက်ဒရယ်စနစ်၊ လွှတ်တော်၊ လူအများစု ဆန္ဒ အကောင်ထည်ဖော် စတဲ့ နိုင်ငံရေး ကစားကွင်း၊ စနစ်တွေ တခုခုထဲကိုအတင်းဝင်လာဖို့ တွန်းအားပေးတာမျိုး၊ ဆွဲဆောင် စည်းရုံးတာမျိုးကို မလုပ်မိဖို့လိုပါတယ်။ ဒို့ကတော့ သူတို့ပါဝင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။ သူတို့ကိုက ဘာမှ လာမပြော၊ မပါဝင်တာဆိုပြီးလည်း မျက်ကွယ်ပြုဖို့ မသင့်ပါဘူး။ အနည်းဆုံးတော့ သူတို့ကို နားလည်အောင် ကြိုးစားပြီး သူတို့ မထိခိုက် မနစ်နာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
အရပ်တပါးက လူနည်းစုများဒေသခံဌာနေတိုင်းရင်းသားများကိစ္စကို ပြောကြတဲ့အခါ၊ အထူးသဖြင့် လူနည်းစု ဖြစ်ပြီး တသီးတခြားနေတတ် ကြတဲ့ မျိုးနွယ်စုအငယ်တွေအကြောင်း ဆွေးနွေးတဲ့ အခါ နိုင်ငံရပ်ခြားက သာဓကတွေ၊ ဖြစ်ရပ်တွေကို ကြည့်တတ်ကြပါတယ်။UNDRIPလို့ ခေါ်ကြတဲ့ ဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကုလ ကြေညာချက်လည်းရှိပြီးသားဖြစ်ပါတယ်။ ဒီလို အခွင့်အရေး၊ လွတ်လပ်ခွင့်၊ တန်းတူမှု စတာတွေကို အလေးထားတဲ့ ဒီမိုကရေစီနိုင်ငံအချို့မှာ လူနည်းစုတွေအတွက် အထူးအခွင့်အရေးတွေ ပေးထားတတ်ကြပါတယ်။ ဥပမာ - လွှတ်တော်မှာ အမတ်နေရာ သီးခြားပေးတာ၊ နိုင်ငံရေးရာထူးသီးသန့်ပေးထားတာ၊ သီးခြားထောက်ပံ့ကြေး၊ သီးခြား လွတ်လပ်ခွင့် အစရှိသဖြင့် အမျိုးမျိုးရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံနဲ့လည်း ဒါမျိုးက မစိမ်းလှပါဘူး။ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်၊ အမတ်၊ ဝန်ကြီး အစရှိသဖြင့်ပေါ့လေ။
ဒါပေသိ နိုင်ငံအချို့မှာတော့ တချို့သော လူမျိုးစု အငယ်တွေဟာ လူအများစုလက်ခံတဲ့ နိုင်ငံရေးစနစ်ကြီးထဲဝင်ဖို့၊ ကိုယ့်အခွင့်အရေးကို ဖော်ထုတ်ဖို့၊ ကာကွယ်ဖို့ အစရှိသဖြင့် တက်ကြွစွာ လုပ်နေပေသိ သူတို့ရဲ့ မူလ ဖြစ်တည်မှု ဓလေ့ ရိုးရာ ထုံးတမ်းတွေကို ပြောင်းလဲလိုက်ရတာမျိုးရှိပါတယ်။ မူလက တောတောင်တွေထဲ၊ ရေပြင်ကျယ်ထဲမှာ သူ့ရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့ ရှိနေခဲ့တဲ့ မျိုးနွယ်စု အငယ် အချို့ဟာ အခုအခါမှာတော့ သူတို့ရဲ့ မူလ ရိုးရာ အသက်မွေးမှုတွေကို ထားခဲ့ပြီး ပညာသင်ရ၊ တက္ကသိုလ်တက်ရ၊ တိုင်းရင်းသားပါတီထောင်ရ၊ ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ်၊ စကားရည်လု၊ မိတ်ဖွဲ့ အစရှိသဖြင့် လူမျိုးနွယ်စု အကြီးတွေနဲ့ လူအများလက်ခံထားတဲ့ ပင်မရေစီးပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေကြားမှာ လူးလာကူးခတ် နေကြပါပြီ။ တချို့ကတော့ ဒါကိုပဲ ဖွံ့ဖြိုးလာခြင်းရယ်လို့ ဆိုကြပေမဲ့ တချို့ကတော့ သူတို့ရဲ့ မူလ ဖြစ်တည်မှုတွေကို စနစ်ကြီးက တိုက်စားသွားတာ၊ သူတို့ လွတ်လွတ်လပ်လပ် ရှင်သန်လို့မရတော့အောင် စနစ်ကြီးက ဝါးမြိုပစ်လိုက်တာ လို့လည်း ဆိုကြပါတယ်။
ဒါတွေကတော့တွေ့နေ မြင်နေရတဲ့ လူ့အဖွဲ့အစည်းထဲက မျိုးနွယ်စု ငယ်တွေရဲ့ အခြေအနေကို တစိတ်တပိုင်းကို ဆွေးနွေးတာပါ။ နိုင်ငံရေး၊ ပညာရေး နဲ့ အခြားကဏ္ဍတွေ ပြောင်းလဲဖို့ အားလုံးပါဝင်ရေးမူနဲ့ စုစည်းကြတဲ့အခါ အများ နဲ့ အနည်း၊ အကြီးနဲ့အသေး ကွဲပြားစုံလင်မှုတွေကနေ မလိုလားအပ်တဲ့ ပဋိပက္ခကလေးများ ဖြစ်မလာစေဖို့ ရည်ရွယ်ရင်းပါ။
ဏီဋိ
The Tanintharyi Times
