“အခုတော့ ထုတ်လို့ရသမျှ ဘတ်လဲထားတယ်”
“အခုတော့ ထုတ်လို့ရသမျှ ဘတ်လဲထားတယ်”
အိမ်ရာချေးငွေကို ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ပိုချေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကဘဏ် ၃ ခုအပါအဝင် ဘဏ် ၇ ခုကစစ်ကောင်စီက အရေးယူယူမယ်လို့ ကြေညာပြီးနောက်ပိုင်း နိုင်ငံအနှံ့က ဘဏ်တွေမှာ တန်းစီငွေထုတ်ယူမှုတွေများလာပြီး နေ့စဥ်ထုတ်ယူနိုင်တဲ့ပမာဏကို ဘဏ်တွေက စတင်ကန့်သတ်လာခဲ့ပါတယ်။ အခုလို အခြေအနေတွေ ဖြစ်ပေါ်လာပြီးနောက် တနင်္သာရီတိုင်းမှာလည်း ငွေထုတ်ယူမှုအခက်အခဲတွေရှိလာနေပါတယ်။
အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းမှာရှိတဲ့ ဘဏ်တွေနဲ့ မိုဘိုင်းဘဏ်အကောင့်တွေမှာ ငွေထုတ်ယူတဲ့အချိန် ဘယ်လိုအခက်အခဲတွေရှိနေလဲ၊ အဲဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းနေရလဲဆိုတာနဲ့ ဘဏ်တွေနဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်နေလဲဆိုတာတွေကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
လောင်းလုံးဒေသခံ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦး
မေး - အခုတလော ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဖြေ - ငွေက သွားထုတ်တိုင်းလိုသလောက်မရတော့ဘူး။ သူတို့ပေးတဲ့နည်းနည်းစီနဲ့ပဲ လုပ်စားနေရတယ်။ တကယ်ကိုယ်လွှဲချင်တာက ပိုက်ဆံက သိန်းတစ်ရာလောက်ရှိတယ်။ သူတို့ထုတ်ပေးတာက နည်းနည်းစီဆိုတော့ ခွဲထုတ်နေရတာပေါ့။ ဒါဆို ပိုက်ဆံလိုနေတဲ့ သူတွေဆီ အရင်ကလို မြန်မြန်မပို့နိုင်တော့ဘူး။ ကြန့်ကြာတာပေါ့။ ကြန့်ကြာနေရင် ဈေးမှာလည်း နည်းနည်းသွားကွာတယ်။ အရင်ကဆို ဘဏ်တစ်ခေါက်သွားပြီး သိန်းတစ်ရာဆိုတစ်ရာယူလာလို့ ရတယ်။ နှစ်ခေါက်သုံးခေါက်ပြန်သွားထုတ်နေရတော့ ငွေဈေးနည်းနည်း ကွာသွားတာပေါ့။
မေး - K pay၊ Wave pay တွေရော ငွေထုတ်တဲ့အခါ ဘယ်လို အခြေအနေရှိလဲ။
ဖြေ - ထုတ်ပေးတဲ့သူကရှိတယ်။ ရာခိုင်နှုန်းတွေအများကြီးပေးနေရတာတခုပဲ။ ဘဏ်က လိုသလောက်မရတော့ K pay၊ Wave payက ရာခိုင်နှုန်းပေးပြီးထုတ်ကြတယ်။ ငွေပေးနိုင်ဖို့ပဲ။
မေး - ဘဏ်က ငွေလိုသလောက်မထုတ်ပေးတော့တာ၊ Kpay ၊ Wave pay တွေ ငွေထုတ်ရအဆင်မပြေဖြစ်လာတာက ကိုယ့်ရဲ့ လုပ်ငန်းအပေါ်မှာ၊ နေ့စဥ်ဘဝမှာ ဘယ်လို သက်ရောက်မှုရှိလဲ။
ဖြေ - ဘဏ်ကလိုသလောက်မရတော့ လုပ်ငန်းကြန့်ကြာတဲ့အပိုင်းတွေရှိတယ်။ ငါးရာကုန်တဲ့ နေရာမှာတစ်ထောင်ကုန်တာပေါ့။ ဘဏ်ကိုခဏခဏသွားရတာ ဆိုင်ကယ်ဆီလိုလာပြီ။ ရာခိုင်နှုန်းနဲ့ထုတ်ရတော့ ပိုက်ဆံပိုကုန်ပြီလေ။ အရင်က ကမ္ဘောဇဘဏ်ဆို ကမ္ဘောဇဘဏ်တစ်ခုတည်းသွားတာနဲ့ လိုက်သလောက်ပိုက်ဆံထုတ်လို့ရနေပြီ။ အခုကပတ်ပတ်ပြီး ဘဏ်တိုင်းလိုက်သွားနေရတော့ အချိန်ပိုပေးရတယ်။
မေး - ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်ဒီလိုဖြစ်တယ်လို့ သိထားလဲ။
ဖြေ - သူတို့ထုတ်မပေးနိုင်လို့ပေါ့။ ဘာလို့ဆို ဒီရက်ပိုင်းထွက်လာတဲ့သတင်းတွေကြောင့် အများကြီးပါတယ် အဓိကက။ ဘဏ်ကဥက္ကဌတွေဖမ်းမိတဲ့ သတင်းတွေကြောင့် ဘဏ်ပြိုလဲမှာစိုးရိမ်ပြီး လူတွေက ပိုက်ဆံပိုထုတ်လာကြတယ်။ သတင်းတွေကအမှန်လည်း ဖြစ်ချင်ဖြစ်မယ်၊ မှားချင်လည်းမှားမယ်ပေါ့။ စိုးရိမ်စိတ်တွေကတော့ တားလို့မရဘူးလေ။
မေး - ကိုယ့်ရဲ့ ဘဏ်အကောင့်၊ မိုဘိုင်း Banking ထဲက ကိုယ့်ပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုးစိုးရိမ်မှုတွေရှိနေလဲ။
ဖြေ - အခုဘဏ်ထဲမှာ ပိုက်ဆံထည့်ထားတာ အမြဲစိုးရိမ်နေရတယ်။ အရင်ကဆို ဘာအကောင့်ပဲဖြစ်ဖြစ် အကောင့်တစ်ခုမှာ သိန်းငါးဆယ်ထားထားတယ်။ အခုဆိုထားလို့မရဲတော့ဘူး။ လိုမှဘဏ်ထဲ နဲနဲထည့်လိုက်တယ်။ အရင်ကဆို ငွေလဲလုပ်ငန်းလုပ်နေတဲ့သူက သိန်းတစ်ရာဆိုတစ်ရာပစ်ထည့်ထားတာ။ အခုဆို အခြေအနေမကောင်းရင် ဆယ်သိန်းတောင်မထည့်ချင်တော့ဘူး။ ရှိတာအကုန်ထည့်ထားရင်အကုန်ဆုံးရှုံးသွားလိမ့်မယ်။
မေး - တကယ်လို့များ အခုထက်ပိုပြီးခက်ခဲလာရင် ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ။
ဖြေ - ခုနကပြောသလို ပိုက်ဆံကိုလိုမှထည့်တော့တယ်။ အခုလွှဲဖို့လိုအပ်လာရင် သွားထည့်လိုက်တယ်။ ငါးသိန်းလွှဲရမယ်ဆို ငါးသိန်းထည့်လိုက်တယ်။ အပိုမထားတော့ဘူး။ တချို့သူတွေကလည်း ရှုံးချင်ရှုံးမြတ်ချင်မြတ် နိုင်ငံခြားငွေလဲလိုက်ကြတယ်။ တခြားရွှေတွေ ပစ္စည်းတွေဝယ်လိုက်ကြတာလည်းရှိတယ်။ ဘာမှမလုပ်ဘဲ ဒီတိုင်းထားထားတာလည်း ရှိတယ်။ သူ့အတွေးနဲ့သူအမျိုးမျိုးပေါ့။
ထားဝယ်မြို့ခံ အထည်ဆိုင်ရောင်းချနေသူ အမျိုးသမီး
မေး - အခုတလော ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဖြေ - ကိုယ့်ငွေကိုယ်ထုတ်တာတောင်တန်းစီနေရတယ်။ လိုသလောက်လည်းမထုတ်ပေးဘူး။ တစ်နေ့မှ သုံးလေးသိန်းဆိုတော့ဘာမှလုပ်မရပါဘူး။
မေး - K pay၊ Wave pay တွေရော ငွေထုတ်တဲ့အခါ ဘယ်လို အခြေအနေရှိလဲ။
ဖြေ - ဒါလည်းအတူတူပဲ။ ရာခိုင်နှုန်းနဲ့ထုတ်ရတယ်။ အရင်ကဆိုဘဏ်မှာ အလကား ထုတ်ပေးသေးတယ်။ အခုကသူတို့တောင် ရာခိုင်နှုန်း နဲ့ထုတ်ပေးတာ။ ရွေးချယ်စရာတခြားဟာမရှိလို့သာပဲ၊ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။
မေး - ဘဏ်က ငွေလိုသလောက်မထုတ်ပေးတော့တာ၊ Kpay , Wave pay တွေ ငွေထုတ်ရအဆင်မပြေဖြစ်လာတာက ကိုယ့်ရဲ့ လုပ်ငန်းအပေါ်မှာ၊ နေ့စဥ်ဘဝမှာ ဘယ်လို သက်ရောက်မှုရှိလဲ။
ဖြေ - အမြတ်တွေနည်းလာတာပေါ့။ နဂိုကတည်းက ကားခတွေကဈေးကြီး၊ ဘတ်စျေးတွေကတက်၊ မြန်မာငွေတန်ဖိုးကကျ၊ ရာခိုင်နှုန်းပါထပ်ပေးနေရတော့ ကိုယ့်အတွက်ဘာမှတောင်မကျန်တော့ဘူး။ စား၀တ်နေရေးကြာင့်သာမဖြစ်မနေလုပ်နေရတာဖြစ်သွားပြီ။
မေး - ကိုယ့်ရဲ့ ဘဏ်အကောင့်၊ မိုဘိုင်း Banking ထဲက ကိုယ့်ပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုးစိုးရိမ်မှုတွေရှိနေလဲ။
ဖြေ - စိုးရိမ်တာတော့ အားလုံးကိုစိုးရိမ်ပါတယ်။ ဖြစ်နိုင်ရင် ထည့်ကိုမထားချင်တော့ဘူး။ ဘာမှအာမခံချက်မရှိဘူးလေ။ ဘာမှမလုပ်လည်း အကောင့် ပိတ်ခံရတာတွေ ကြားရတယ်။ လိုသလိုလည်းထုတ်မရ၊ တကယ်ကိုစိတ်ညစ်ရပါတယ်။ ပါသွားရင်လည်း ကံပဲဆိုတာမျိုးဖြစ်သွားပြီ။
မေး - တကယ်လို့များ အခုထက်ပိုပြီးခက်ခဲလာရင် ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ။
ဖြေ - ဒီထက်ပိုပြီး ခက်ခဲလာရင်တော့ ဘာလုပ်ရမှန်းကိုမသိဘူး။ ဘာမှကြိုတွေးလို့မရတဲ့ခေတ်ဖြစ်နေပြီ။ အနာဂတ်မှာလည်း ဘာဖြစ်မယ်ဆိုတာသေချာမသိတော့ဘူး။ တစ်မျိုးပြီးတစ်မျိုး အဆင်မပြေဖြစ်နေတာ ကြာပြီလေ။ ဖြစ်လာတာတွေကို ကြုံသလိုပဲဖြရှင်းရတာ့မှာပေါ့။
ထားဝယ်မြို့နယ်နေ ကျေးလက်ဒေသခံလူငယ်အမျိုးသမီးတစ်ဦး
မေး - အခုတလော ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဖြေ - ငွေတွေက လိုသလောက် ထုတ်မရဘူး။ ဘဏ်စာအုပ် အခြေအနေအရ ဘဏ်မန်နေဂျာက ကြည့်ပြီး ငွေပမာဏကို သူသတ်မှတ်ပြီးထုတ်ပေးတယ်။ KBZ မှာဆိုရင် တနေ့ ငါးသိန်း၊ ဆယ်သိန်း၊ အများဆုံး ဆယ့်ငါးသိန်းပဲထုတ်လို့ရတယ်။ တယောက်နဲ့တယောက် မတူဘူး။ Special အကောင့်အနီဆိုရင် နေ့တိုင်းထုတ်လို့ရတယ်။ Saving အပြာရောင်ဆိုရင် တပတ်မှတခါပဲထုတ်လို့ရတယ်။ YOMA မှာလည်း တစ်နေ့ကို ဆယ်သိန်းလောက်ပဲ ထုတ်လို့ရနေသေးတယ်။ ငွေထုတ်တဲ့အခါကြရင်လည်း အကြောင်းပြချက် ပြောပြရသေးတယ်။
မေး - K pay၊ Wave pay တွေရော ငွေထုတ်တဲ့အခါ ဘယ်လို အခြေအနေရှိလဲ။
ဖြေ - K pay၊ Wave pay ဆိုင်တွေကြတော့ ဆိုင်သမားတွေက သူတို့လည်း ဘဏ်ကို ရာခိုင်နှုန်းနဲ့ ပြန်ပေးရလို့ဆိုပြီး ဆိုင်မှာလည်း ရာခိုင်နှုန်းတိုးယူကြတယ်။ ဘဏ်ကငွေမထုတ်ပေးတော့ ရာခိုင်နှုန်းတိုးယူတဲ့ လူတစ်စုက သီးသန့်ထပ်ပေါ်လာတာ။ တချို့ဆိုင်တွေ ၁ ရာခိုင်နှုန်းနဲ့ ထုတ်ပေးနေချိန်မှာ တချို့တွေက ၂ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးယူနေကြတာလေ။ ထားဝယ်အွန်လိုင်းရှော့ဈေးရောင်း GP ကနေလည်း ရာခိုင်နှုန်းဈေးတွေကို လျှောက်ကစားနေတော့ ရာခိုင်နှုန်းက မတက်သင့်ဘဲတက်နေတာပါ။ နေရာအပေါ်လိုက်ပြီးလည်း ဈေးကွာသေးတယ်။ အချို့နေရာတွေကျတော့ ၄ ရာခိုင်နှုန်းလောက်အထိပေးပြီး ထုတ်နေရတယ်ကြားတယ်။
မေး - ဘဏ်က ငွေလိုသလောက်မထုတ်ပေးတော့တာ၊ Kpay , Wavepay တွေ ငွေထုတ်ရအဆင်မပြေဖြစ်လာတာက ကိုယ့်ရဲ့ လုပ်ငန်းအပေါ်မှာ၊ နေ့စဥ်ဘဝမှာ ဘယ်လို သက်ရောက်မှုရှိလဲ။
ဖြေ - အချိန်တွေမကုန်သင့်ဘဲ လိုအပ်တာထက်ပိုပြိး အချိန်ကုန်ခံနေရတာပေါ့။ ပိုက်ဆံဆယ်သိန်းလောက် ထုတ်ဖို့အရေး နယ်ကနေ တစ်ခါတစ်ခါပြန်တက်နေရတာလည်းမလွယ်ဘူး။ အလုပ်က လစာရလို့ အိမ်ကိုပိုက်ဆံ ပြန်ပို့ဖို့လည်းမလွယ်တော့ဘူး။ အများဆုံးခံရတာတော့ အခြေခံလူတန်းစားတွေပါပဲ။
မေး - ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်ဒီလိုဖြစ်တယ်လို့ သိထားလဲ။
ဖြေ - ငွေရှိရက်သားနဲ့ ဗဟိုဘဏ်က မထုတ်ပေးတာဆိုတော့ သတင်းကြေညာချက်တွေအရသုံးသပ်ရတာတော့ mobile bankingစနစ်ကို အသက်သွင်းချင်နေတာ၊ တခုခုဆို ကြုံသလိုထိန်းချုပ်ချင်နေတာလို့ပဲ ယူဆပါတယ်။
မေး - ကိုယ့်ရဲ့ ဘဏ်အကောင့်၊ မိုဘိုင်း Banking ထဲက ကိုယ့်ပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုးစိုးရိမ်မှုတွေရှိနေလဲ။
ဖြေ - လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကတော့ ပစ္စည်းအရောင်းအဝယ်အတွက် K pay၊ Wave pay အပြင် အခြားအခြားသော Mobile Banking စနစ်တွေကို မဖြစ်မနေသုံးပြီး လည်ပတ်နေရမှာပါပဲ။ စိုးရိမ်တာက ငွေစက္ကူအသစ်တွေ အဆက်မပြတ်ရိုက်ထုတ်နေတော့ ငွေကြေးပိုပြီးဖောင်းပွလာမှာနဲ့ မြန်မာငွေစျေးကျလာမှာကိုပဲ ပိုစိုးရိမ်ပါတယ်။
မေး - တကယ်လို့များ အခုထက်ပိုပြီးခက်ခဲလာရင် ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ။
ဖြေ - ငွေထုတ်တာကတော့ နောက်တပတ်၊ နှစ်ပတ်လောက်ဆိုရင် အဆင်ပြေလာတော့မှာလို့ ပြောကြတာပဲ။ ဒီထက်ပိုခက်ခဲလာရင်တော့ ဘယ်လိုစခန်းသွားကြမလဲ မမှန်းဆတတ်တော့ပါဘူး။
မြိတ်မြို့ခံ အရောင်းစာရေးအမျိုးသမီး
မေး - အခုတလော ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဖြေ - ဘဏ်တွေက လွဲငွေကို ပမာဏအတိုင်းအပြည့်မထုတ်ပေးနိုင်ဘူး။ ဆိုင်အတွက် ငွေလွှဲတွေဝင်လို့ သွားထုတ်တာ အပြည့်မထုတ်ပေးဘူးရှင့်။ ငွေကို သူတို့ တတ်နိုင်သလောက် နည်းနည်းပဲထုတ်ပေးတယ်။ ဆယ်သိန်း၊ သိန်းနှစ်ဆယ်လောက်ပေါ့။
မေး - K pay၊ Wave Pay တွေရော ငွေထုတ်တဲ့အခါ ဘယ်လို အခြေအနေရှိလဲ။
ဖြေ - kpay၊ wavepay တွေဆီကငွေထုတ်တဲ့အခါ ရာခိုင်နှုန်းတွေ ဖြတ်တောက်ခံရပါတယ်။ ကျမတို့ အရောင်းအဝယ်ဈေးနှုန်းမှာ ရာခိုင်နှုန်းခတွေက သူတို့အလိုလို ပေါင်းလိုက်ရတာမျိုးပေါ့။ ဈေးတွေပိုတက်တယ်။
မေး - ဘဏ်က ငွေလိုသလောက်မထုတ်ပေးတော့တာ၊ Kpay , Wavepay တွေ ငွေထုတ်ရအဆင်မပြေဖြစ်လာတာက ကိုယ့်ရဲ့ လုပ်ငန်းအပေါ်မှာ၊ နေ့စဥ်ဘဝမှာ ဘယ်လို သက်ရောက်မှုရှိလဲ။
ဖြေ - လုပ်ငန်းတိုင်းကအရောင်းအဝယ်ကိုအခြေခံပြီး online payment ကိုပဲ့သုံးကြတာများပါတယ်။ နိုင်ငံရပ်ခြားမှာအလုပ်လုပ်ပြီး မိသားစုကိုထောက်ပံ့ရတာတွေရော။ လိုအပ်တဲ့နေရာကို ထောက်ပံ့ရတာတွေ အားလုံးက online payment ပါပဲ။ အခုလိုရာခိုင်နှုန်းတွေဖြတ်ခံရတာက အလုပ်အကိုင်ရော၊ နေ့စဥ်ဘဝကိုရော ပိုခက်ခဲစေပါတယ်။
မေး - ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်ဒီလိုဖြစ်တယ်လို့ သိထားလဲ။
ဖြေ - ဘဏ်တွေကို စစ်ကောင်စီကအရေးယူတဲ့ကိစ္စနဲ့ပတ်သက်လို့ လူတွေဘက်ကလည်း အယုံအကြည်နည်းပြီး ငွေထုတ်သမားများလာတယ်လို့ ထင်ပါတယ်။
မေး - ကိုယ့်ရဲ့ ဘဏ်အကောင့်၊ မိုဘိုင်း Banking ထဲက ကိုယ့်ပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုးစိုးရိမ်မှုတွေရှိနေလဲ။
ဖြေ - အခုက Mobile Banking ထဲကပိုက်ဆံထက် ဗဟိုဘဏ်ကနေ အသစ်ရိုက်ထုတ်လိုက် ပိုက်ဆံအသစ်တွေက ပိုစိုးရိမ်စရာပဲ။ ငွေကြေးဖောင်းပွမှုတွေထပ်ဖြစ်လာမှာကို ပိုစိုးရိမ်တယ်။
မေး - တကယ်လို့များ အခုထက်ပိုပြီးခက်ခဲလာရင် ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ။
ဖြေ - မပြောတတ်တော့ဘူးရှင့်။ အခြေအနေကြည့်ပြီးပဲလုပ်ရမှာပေါ့။
ဘုတ်ပြင်းမြို့ခံ လုပ်ငန်းရှင်အမျိုးသား
မေး - အခုတလော ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဖြေ - လုံးဝအဆင်မပြေပါဘူး။ ရာခိုင်နှုန်းတွေပေးရတယ်။ ကိုယ်လိုသလောက်ထုတ်လို့မရဘူး။ လောလောဆယ်တော့ နည်းနည်းပြန်အဆင်ပြေလာတဲ့သဘောရှိတယ်။
မေး - K pay၊ Wave Pay တွေရော ငွေထုတ်တဲ့အခါ ဘယ်လို အခြေအနေရှိလဲ။
ဖြေ - Kpay, wave pay တွေက အရင်တပတ်တုန်းကတော့ တစ်သိန်းကို ဆယ်ရာခိုင်နှုန်းလောက်အထိပေးပြီး ထုတ်ရတယ်။ အခုတော့ တစ်သိန်းကို ၁၂၀၀ (ကျပ်) ပေးပြီးထုတ်နေရတယ်။
မေး - ဘဏ်က ငွေလိုသလောက်မထုတ်ပေးတော့တာ၊ Kpay , Wavepay တွေ ငွေထုတ်ရအဆင်မပြေဖြစ်လာတာက ကိုယ့်ရဲ့ လုပ်ငန်းအပေါ်မှာ၊ နေ့စဥ်ဘဝမှာ ဘယ်လို သက်ရောက်မှုရှိလဲ။
ဖြေ - ကျနော်တို့ဆီမှာတော့ လုံးဝအဆင်မပြေဘူး။ ဘဏ်ကတစ်ရက်ကို ဆယ်သိန်းထုတ်ပေးလိုက်၊ သိန်း ၂၀ ထုတ်ပေးလိုက်ပဲ။ အခုခေတ်ကုန်ဈေးနှုန်းနဲ့ အရောင်းအဝယ်ဘာမှလုပ်လို့မရဘူး။ အခုက ပစ္စည်းတန်ဖိုးတွေအပြင် ငွေထုတ်ခ ရာခိုင်နှုန်းတွေပါ လိုက်ထည့်တွက်နေရပါတယ်။
မေး - ဘဏ်တွေမှာ ငွေထုတ်ရခက်ခဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်ဒီလိုဖြစ်တယ်လို့ သိထားလဲ။
ဖြေ - ဘဏ်တွေမှာ ငွေကုန်သွားလို့လားမသိဘူး။ အခုဘဏ်က ထပ်ထုတ်ပေးတဲ့ငွေတွေမှာ အသစ်တွေကြီးပဲ။ ငွေအသစ်ထပ်ထုတ်ထားတာလို့ထင်တယ်။
မေး - ကိုယ့်ရဲ့ ဘဏ်အကောင့်၊ မိုဘိုင်း Banking ထဲက ကိုယ့်ပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုးစိုးရိမ်မှုတွေရှိနေလဲ။
ဖြေ - လုံးဝတော့ break downဖြစ်သွားမယ်လို့တော့မထင်ဘူး။ အခုတော့ ထုတ်လို့ရသမျှ ဘတ်လဲထားတယ်။ ကိုယ့်ငွေတန်ဖိုးလည်း မကျတော့ဘူးလေ။
မေး - တကယ်လို့များ အခုထက်ပိုပြီးခက်ခဲလာရင် ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ။
ဖြေ - တခြားငွေကြေးတစ်ခုကို ပြောင်းလဲသုံးစွဲသင့်တယ်လို့ထင်ပါတယ်။ ဥပမာ ထိုင်းဘတ်ငွေ လဲထားတာမျိုးပေါ့။
The Tanintharyi Times