ထောင်ထွက် ကိုထက်

ထောင်ထွက် ကိုထက်

ထောင်ထဲတွင်တုန်းကလည်း ဝန်ကြီးချုပ်က သူ့ကို ခေါင်းထိုးပေးရသည်။

တောထဲတွင်လည်း ရဲဘော်အားလုံးက သူ့လက်အောက်မှာ။

ထိုင်းနိုင်ငံ မဲဆောက်ရောက် တော်လှန်ရေးဆယ်လီတို့၏ခေါင်းတွေပေါ်လည်း သူ ဓားမိုးထားနိုင်သည်။

သူက ကိုထက်။ ထောင်ထွက် ကိုထက်။
ကိုထက်သည် သူ့ကိုယ်သူ အာဏာရှင်တော်လှန်သူတစ်ဦးအဖြစ် အပြည့်အဝခံယူထားသူ။

သမီးတို့၏ ပညာရေးအတွက် မဲဆောက်တွင် လာရောက်နေထိုင်ရသော်လည်း သူ့စိတ်က ပြည်တွင်းတော်လှန်ရေးတွင်သာ နစ်နေသည်။
ထိုစိတ်ကြောင့် သူ ထောင်ကျပြီးပြီ။ တောခို သေနတ်ကိုင် တိုက်ပွဲလည်း ဝင်ခဲ့ပြီးပြီ။
ပြည်ပြေးဘဝလည်း ရောက်ခဲ့ပြီးပြီ။ သို့သော် သူ့စိတ်က ပြည်တွင်း စစ်အာဏာရှင်တိုက်ပွဲထဲတွင်သာ နစ်နေသည်။ နှစ်ထားသည်။

“မဲဆောက်ကို ရွေးလိုက်တာက သမီးတွေပညာရေးအတွက်ပဲ။အခုဆို လူက ဒီမှာ၊ စိတ်က ပြည်ထဲက တိုက်ပွဲတွေမှာ” ဟု ကိုထက်က ဆိုသည်။

သူသည် အရပ်အမောင်းလည်း ပုံမှန်၊ အသားအရေလည်း ထားဝယ်သားတို့ထုံးစံ မဖြူမညို။ ရုပ်ရည်လည်း နှာခေါင်းအနည်းငယ် ပွယောင်းယောင်းရှိသော်လည်း ပုံမှန်။ အာဏာမသိမ်းခင်ကဆိုလျှင် သူ့ဘဝလည်း ပုံမှန်။

ထားဝယ်ခရိုင်၊ လောင်းလုံးနယ်သားဖြစ်သော သူသည် ရွာနှင့်အနီးဆုံးသော အထက်တန်းကျောင်းတွင် ဆယ်တန်းအထိနေသည်။

ကျောင်းထွက်ပြီးနောက် လူပျိူဘဝတစ်လျှောက်တွင် ဆံပင်ညှပ်သည်။
ကျောင်းဆရာမ သူ့အမျိုးသမီးနှင့် အိမ်ထောင်ကျပြီးကတည်းက အိမ်ဆောက်ပစ္စည်း(ကုန်မာ)ဆိုင်ကို ဓာတ်ဆီ၊ ဒီဇယ်ဆိုင်နှင့် တွဲဖွင့်သည်။

“သာသာယာယာပဲ တစ်ပတ်တစ်ခါ မိသားစုလိုက် မိသားစုကေတီဗွီသွားတယ်။ နွေကျောင်းပိတ်ရင် နိုင်ငံအနှံ့ ဘုရားဖူးထွက်တယ်၊ ကားတစ်စီးနဲ့။ အခုတော့ အဲဒါတွေက အိပ်မက် မက်ခဲ့သလို ဖြစ်သွားပြီးပေါ့” ဟု ကိုထက်က လွမ်းလွမ်းဆွံ့ဆွံ့ ပြောသည်။

သူသည် ရပ်ကျိုးရွာကျိူး သယ်ပိုးသူတစ်ဦးလည်း ဖြစ်သောလူလတ်ပိုင်း စီးပွားရေးသမားတစ်ဦး။ ရွာနာရေးကူညီမှုအသင်းဝင်၊ သွေးလှူရှင်အသင်းဝင်၊ ကျောင်းအကျိုးတော်ဆောင်။

ဘာသာရေးတွင်လည်း စွမ်းသမျှ ဝင်ပါသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ကွန်ပြူတာအခြေခံသင်တန်းကို ကျောင်းများတွင် ကုသိုလ်ဖြစ် သင်ပေးလိုက်သေးသည်။

လူမှုစည်းပွားတွင် သူ ကျင်လည်သော်လည်း နိုင်ငံရေးကိစ္စတွေကို ကြားမြင်သိသမျှ စိတ်ညစ်၍ သူနှင့် အတော်ဝေးဝေးတွင်သာ ရှိနေသည်။

“နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ဘာမှ မသိဘူး။ ဘယ်ပါတီမှ မဝင်ဘူး၊ နိုင်ငံရေးက အကျော်အခွတွေများတယ်၊ လှည့်ကွက်တွေ များတယ်၊ ငယ်ငယ်ကတည်းက စီးပွားရေးပဲ ဝါသနာပါခဲ့တာ”ဟု သူက ပြောသည်။

သို့သော် အာဏာသိမ်းလိုက်သောအခါတွင်မူ သူ့မိသားစုအပါအဝင် တိုင်းပြည်အနာဂါတ် မကောင်းနိုင်ပြီကို သူကောင်းကောင်းသိသည်။

“အာဏာသိမ်းပြီးတဲ့”
၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၄ နာရီ၊ အမျိုးသမီးက လှုပ်နှိုးကာ ပြောသည်။
မနက်၊ ထားဝယ်မြို့ကို သွားကြည့်သည်။ ဝန်ကြီးအိမ်ယာရှေ့တွင်စစ်သားတွေ ပြည့်နေသည်။

“သွားပြီ၊ ငါတို့နိုင်ငံကြီးတော့ အမှောင်ခေတ်ပြန်ရောက်တော့မယ်ပေါ့လေ” ဟု ကိုထက်က သူ့၏ ထိုစဉ်က တွေးကြောက်ခဲ့ပုံကို ပြောသည်။

ဟုတ်ပါသည်။ စစ်အာဏာရှင် စနစ်ဆိုးကို သူမုန်းသည်။ ခါးသည်။ အသက် ၄၀ စွန်းနေပြီ ဖြစ်သောသူသည် အမှောင်ခေတ်တွင် မွေးဖွားကြီးပြင်းခဲ့ရသည်။

သူ၏ လူငယ်ဘဝကို အရာရာ အစိုးမရသော စစ်အစိုးရလက်ထက်တွင် အရာရာ အောက်တန်းနောက်တန်းကျလှသော နိုင်ငံသားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ရသည်။

သိမ်ငယ်မှု၊ ငုံ့ထားရသည် ခေါင်း၊ စောဒကတက်ခွင့်မရသော ဆုံးဖြတ်မှုများ။ အာဏာရှိသူ အနိုင်ယူခဲ့သည့် ခေတ်ဆိုးကြီး။

ပွင့်လင်းလာသော လူ့အဖွဲ့အစည်းနှင့် တောက်ပစ နိုင်ငံတွင် ရှင်သန်ခွင့်ရနေသော သူ့သမီးများကို သူတို့လူငယ်တုန်းက ခံစားခဲ့ရသည့် မလွတ်လပ်မှုနှင့် အကြောက်တရားမျိုးစုံဖြင့် သူ မဖြတ်သန်းစေလို။

ခုတော့ သူတို့မိသားစုအပါအဝင် နိုင်ငံတစ်ခုလုံးကို လူတစ်စုက လိုသလို ချယ်လှယ်ကြပြန်တော့မည်ကို သူကြိုသိလိုက်လေပြီ။
ဘီယာတစ်ပါကင်ဝယ်၍ အိမ်ပြန်ခဲ့ကာ မူးအောင်သောက်သည်။သူငယ်ချင်းတွေကို ခေါ်သည်။

“နိုင်ငံအနာဂတ်လည်း ပျက်ပြီ၊ ငါတို့ ဘာဆက်လုပ်ကြမလဲ၊ တခုခုတော့ လုပ်မှ ရမယ်”ဟု ကိုထက်က စကားဝိုင်းကိုစသည်။

လေးထိပ်စီး လူလတ်ပိုင်းများဖြစ်သော၊ ကိုယ်လက်မခံနိုင်သည့် ကိစ္စတစ်ရပ် ဖြစ်ပေါ်လာပြီကို လက်ပိုက်ကြည့်နေရန် မသင့်ကြောင်း နားလည်သော၊ လုပ်နိုင်ကိုင်နိုင်အနေအထားတွင်ရှိသော သူတို့သူငယ်ချင်းတစ်သိုက်လည်း ထိုနေ့က မူးသွားကြသည်။

ဘာဆက်လုပ်ကြမည်ဟု အဖြေ ရေရေရာရာ မရှိခဲ့။

ဖေဖော်ဝါရီ ၅ ရက်နေ့၊ ထားဝယ်တွင် ဆန္ဒစပြပြီကြားသောအခါသူ ဘာစလုပ်ရမည်ကို တွေးမိလာသည်။ ဆန္ဒပြပွဲများကို ဝန်းရံမည်၊ အားပေးထောက်ကူမည်။

သူကိုယ်တိုင်လည်း မိသားစုအားလုံးကို ခေါ်ကာ ဆန္ဒပြပွဲများတွင် ဝင်နွှဲသည်။ ရွာမှ လူငယ်တွေ ထားဝယ်တွင် ဆန္ဒတက်ပြရန် ဆော်ဩသည်။

သူ့အိပ်ထဲကငွေ မတည်စိုက်ထုတ်ကာ ဗွီနိုင်းပြားကြီးများထုတ်ပေးသည်။ ဆန္ဒပြသူတွေကို ရေသန့်ဘူး၊ အအေးဝယ်တိုက်သည်။

ထားဝယ်ပင်မ သပိတ်စစ်ကြောင်းတွင် ကျောင်းနေဘက် သူ့သူငယ်ချင်းတစ်ဦး ရှေ့ထွက်ဟောပြောနေသည်ကို တွေ့သောအခါ သူ ကျေနပ်ရသည်။ သူကတော့ ဟောပြောခြင်းမလုပ်။ဟောခိုင်းလျှင်လည်း မဟောတတ်။

ကျောင်းဆရာမ သူ့အမျိုးသမီးကို ပညာရေးသပိတ်စစ်ကြောင်းကို ပို့သည်။ ကြိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထားဝယ်တွင် သပိတ် စစ်ကြောင်းကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းသောအခါ သူ့အမျိုးသမီး၊ သူ့သမီးတို့နှင့် တကွဲတပြားစီ။ ထိုနေ့က သူတို့မိသားစု ဘေးမသီရန်မခ အိမ်ပြန်ရောက်ကြသော်လည်း ဆန္ဒပြသူ လေးဦး ကျဆုံးသွားပြီး လူ ၇၀ကျော် ဒဏ်ရာရကြသည်။

သူသိလိုက်ပြီ။ ဒီပွဲက လက်သုံးချောင်း ထောင်ရုံမျှနှင့် ပြီးမည့်ပွဲမဟုတ်။

မတ်လထဲတွင် သူ့ ဆိုင်တွင်ရှိသော သံကောင်းကောင်းဖြင့် ဓား စလုပ်သည်။ ဂျင်ဂလိလုပ်သည်။ တူမီးတွေ စလုပ်သည်။

“မနည်းဘူး၊ ထော်လာဂျီနဲ့ တစ်စီးစာပဲ။ လုပ်ခဲ့တာ”ဟု ကိုထက်က ပြောပြသည်။

တူမီးလုပ်ပြီး တောထဲသွားကာ ကိုယ်တိုင်စမ်းပစ်ကြည့်သည်။သေချာပြီဆိုမှ ရွာနှင့် ရွာနီးစပ်မှ လူငယ်များကိုခေါ်ကာ ညဘက်မှာ တူးမီးပစ်နည်း သင်တန်းပေးကာ သေနတ်တပ်ဆင်ပေးသည်။စစ်ဖိနပ်ဝယ်ပေးသည်။

ညဘက်တစ်ညလုံး ရွာထဲ အုပ်စုဖွဲ့ ကင်းစောင့်သည်။ နေ့ဘက်ပြန်အိပ်သည်။ ညနေ ၃ နာရီဆိုက ရွာနီးစပ်လှည့်ကာဆန္ဒပြသည်။

ကြားထဲတွင် စစ်ကျွန်ပညာရေးအလိုမရှိ၊ ကျောင်းဖွင့်ရက် ကျောင်းမတက်ရေးလှုပ်ရှားမှု လုပ်ကြသည်။

သူတို့ရွာ စာသင်ကျောင်းမှာ အဆောင်တစ်ခု မီးလောင်သည်။ မီးလောင်ပြီး ၁၀ ရက်ခန့်အကြာ မေလနှောင်းပိုင်းတွင် သူ့အိမ်သို့ရဲကား ၂ စီး ရောက်လာကာ သူ့ကို လာခေါ်သည်။

ကျောင်းမီးလောင်သည့်ကိစ္စ သူ့ကို ရိုးစွပ်သည်။
“ကျောင်းကို ခုလို သာယာလာအောင် လုပ်ခဲ့တဲ့ ကျောင်းအကျိုးတော်ဆောင်တစ်ယောက်က မီးရှို့ပါ့မလား” ဟု သူကမချိတင်ကဲ မေးခွန်းထုတ်သည်။

စာသင်ကျောင်းသို့ ခေါ်သွားကာ စစ်ဆေးပြီးနောက် ရဲစခန်းသို့ခေါ်သွားသည်။
ကိုဗစ်ကြောင့် ကျောင်းမဖွင့်၍ ကျောင်းမတက်ရသော ဆယ်တန်းကျောင်းသူ သူ့သမီး အကြီးမက ရဲရဲတောက်။

သူ့အဖေကိုဖမ်းသည့် ရဲစခန်းအား ဗုံးခွဲမည်။ သူလုပ်ထားသည့် လက်လုပ်လက်ပစ်ဗုံးတွေ လွယ်အိပ်ထဲထည့်ကာ ဆိုင်ကယ်နှင့် ရဲစခန်း ထွက်လာသည်။ ရွာသားရဲဘော်များက နောက်က အမောတကော လိုက်တားကြရသည်။

ရဲစခန်းသွားရာ တောလမ်းတနေရာတွင် ဆိုင်ကယ်ဆီကုန်၍ ရပ်နေသော သူ့သမီးကြီးကို တွေ့၍ ချော့မော့ကာ ပြန်ခေါ်သွားကြသည်။
သူ့ရဲဘော်များက သူ့ကို ပြန်ကယ်ရန် အားမတန်၍ မာန်လျှော့ကြရသည်။

သူ့ကို ရဲစခန်းတွင် စစ်ကြောရေးလုပ်ပြီးနောက် မီးရှို့မှုအထောက်အထား မတွေ့၍ လောင်းလုံးတရားရုံးသို့ ကားဖြင့်ပို့၊ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ကာ ညနေတွင် ထားဝယ်ထောင်သို့ ပို့လိုက်ကြသည်။

ထောင်ကိုမူ သူ ရင်မခုန်။ ၂၀၀၈ ခုနှစ်က လိုင်စင်မဲ့ကား လက်ဝယ်တွေ့ရှိမှုဖြင့် သူ ထောင်တစ်လ ကျဖူး၍ ထောင်အကြောင်း သူ သိနေသည်။

ဘဝတူ နိုင်ငံရေးအကျဉ်းသားများလည်း ရှိသည်။ ထို့အပြင် သူ့အရင် အဖမ်းခံထားရသော ထားဝယ်ခရိုင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ကျောင်းနေဘက် သူ့သူငယ်ချင်းလည်း ရှိသည်။

“ဖမ်းခံရပြီးမှတော့ ထောင်ရောက်လေ ကောင်းလေပေါ့။ ထောင်ထဲရောက်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီရမလဲပဲ စဉ်းစားတယ်” ဟု
ကိုထက်က ဆိုသည်။

ထောင်ထဲရောက်သောအခါ သူ့သူငယ်ချင်း နိုင်ငံရေးအကျဉ်းသားကလည်း သူ့ကို လာတွေ့သည်။ သူ့သူငယ်ချင်းကသူထင်ထားသည်ထက် ပိုအဆင်ပြေနေ၊ ကျမ်းမာနေသဖြင့် သူပင် ကူညီပေးရန် မလို။ သူကျေနပ်သည်။

အခန်းတန်းစီးကလည်း ရွာတွင် သူ့ညီလို နေလာခဲ့သူ။ အားလုံးအေးဆေး။ ထောင်ထဲတွင် ဆေးလိပ် ခိုးသောက်သည်၊ ကွမ်းစားသည်။

သူ စိတ်ပါလျှင် တတ်မြောက်ကျွမ်းကျင်သော ဆံသပညာဖြင့်အကျဉ်းသားများကို ဆံပင်ညှပ်ပေးသည်။

ရမန်ကြီး ၁၅ ရက် ရုံးထွက်သော်လည်း စစ်ကောင်စီဘက်ကတင်ထားသည့် သက်သေများ ရောက်မလာနိုင်ခဲ့။ စစ်ကောင်စီဒေါက် တိုင်အဖြစ် ရှင်းလင်းသုတ်သင်ခံရသဖြင့် သူ့အမှုက ရှေ့မတိုးနိုင်။ ရုံးချိန်းတိုင်း ရမန်ကြီး ၁၅ ရက်သာ ထပ်ယူနေရသည်။ ကိုဗစ်ကာလဖြစ်သောကြောင့် မိသားစုနှင့် တွေ့ခွင့်မရသော်လည်း ထောင်ဝင်စာကတော့ ပုံမှန်ရောက်နေရာ စားရေးအတွက် မပူထိ။

ထောင်တွင်းဆောင်းပါးများစုကာ စာအုပ်ထုတ်ရန်ပင် ကြိုးစားလိုက်သေးသည်။
ထောင်ကျ နိုင်ငံရေးအကျဉ်းသားများကို စာအုပ်နှင့် ဘောပင်လျှို့ဝှက်ပေးကာ ၎င်းတို့ နှစ်သက်ရာကို ရေးခိုင်းသည်။

သို့သော် စာအုပ် တစ်အုပ်စာ ဆောင်းပါး၊ ကဗျာ မရလိုက်ခင်တွင် သူ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်သွားသည်။

ထောင်ထဲတွင် ထောင်ကြီးချုပ်သမားဘဝဖြင့် လေးလကျော်ကျော်သာ သူနေလိုက်ရသည်။
ထိုလက်ရေးမူစာအုပ်လေးကို ပိုက်ကာ သူ ထောင်က ထွက်လာသည်။

လွတ်လွတ်ခြင်း ဒုလ္လဘရဟန်း ဝတ်လိုက် သည်။ ဘွဲ့အမည်က အရှင်သုန္ဒလ။

သူရဟန်းဝတ်နေစဉ် ရဲကား၊ ရဲဆိုင်ကယ်တို့က သူ့အိမ်ရှေ့မှာ ဝဲလည်လည်။ ဘုန်းကြီးဝတ်နှင့်ပင် လက်နက်ကိုင်တော်လှန်ရေးသမားတို့နှင့်သူဆက်သွယ်ရသည်။

ဘုန်ကြီး တစ်လခန့် ဝတ်ပြီးနောက် လူထွက်ပြီး အိမ်ရောက်သောအခါ သူဇနီးနှင့် သမီးတို့က အဝတ်ထုတ် အသင့်ပြင်ကာ စောင့်နေကြသည်။ သူတို့မိသားစု ထားဝယ် အရှေ့တောနယ်သို့ ထွက်လာခဲ့တော့သည်။

“ဆက်နေရင် တနည်းနည်းနဲ့ ထပ်ဖမ်းမယ်ဆိုတာ သိတယ်လေ။ နောက်ပြီး တော်လှန်ရေးလည်း ဆက်ဖြစ်နေတော့ ဆက်တော်လှန်မှပဲ ရမယ်ပေါ့။ သမီးကြီးနဲ့ ဇနီးက (တော်လှန်ချင်စိတ်)ပိုဆိုးသေး။ ဒါကြောင့် ရွာက ထွက်လာကြတာ” ဟု သူကဂုဏ်ယူသည့်လေသံဖြင့် ပြောသည်။

ထားဝယ် အရှေ့တော တော်လှန်နယ်မြေတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသို့ဝင်ကာ သူနှင့် သူ့သမီးအကြီးတို့က အခြေခံစစ်ပညာသင်တန်းတက်ကြသည်။

သင်တန်းဆင်းပြီးနောက် သူက လက်လုပ်သေနတ်၊ မိုင်းစသည့် ထုတ်လုပ်ရေးကို အဓိက လုပ်ကိုင်သည်။ ဇနီးက အွန်လိုင်းမှ စသင်နိုင်ရန်၊ သမီးတို့က အွန်လိုင်းမှ ကျောင်းဆက်တက်နိုင်ရန်ကြိုးစားသည်။

သမီးကြီးကတော့ စာဆက်သင်ရန်ဘက် အာရုံ မရောက်တော့။ တပ်ဖွဲ့တစ်ခုတွင် တပ်သားဖြစ်နေပြီး ဆေးတပ်သားဖြစ်ရန်ကြိုးစားသည်။
ကြားထဲတွင် ရန်သူ့စစ်ကြောင်း မကြာခဏ လာတိုက်သဖြင့် စခန်းပြောင်းရ၊ အချိန်အခါမဲ့ ထထပြေးရသည်များလည်း ကြုံခဲ့ရသည်။

“သမီးတွေက တောထဲမှာ ပြေးနေကတည်းက သူတို့ရဲ့ အတော်လေးတဲ့ ကျောင်းစာအုပ်တွေကို လွယ်ပြီး ပြေးနေရတယ်။ မြင်တာ မျက်ရည်တောက်တောက် ကျရတယ်” ဟု ကိုထက်က ထိုခဏကို ပြန်မြင်ယောင်သလို မြန်မာပြည်ဘက် ငေးကာ ပြောသည်။

သူ့ မိုင်းဆရာလည်း တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားသည်။ သမီးတို့ပညာရေးကလည်း မရေရာ။

တစ်နေ့၊ သူတို့ဒေသသို့ စစ်ကောင်စီစစ်ကြောင်းကြီး ချီလာသည်။ သူတို့ တတ်နိုင်သမျှ ရှေ့ထွက်၍ ကြားဖြတ်တိုက်ခိုက်၊ ခုခံတာဆီးကြသော်လည်း သူတို့စခန်း အသိမ်းခံလိုက်ရသည်။

သူ့ဇနီးနှင့် သမီးနှစ်ယောက်ကိုမူ အခြားရဲဘော်များက ဘေးလွတ်ရာသို့ နေရာရွှေ့ပေးကြသည်။ မိသားစုက ခင်ပွန်းမပါဘဲ တောနှင့်တောင်ကို ကျော်ကာ တနေကုန် ပြေးလွှားကြရသည်။ ထိုရန်သူ့စစ်ကြောင်း ပြန်ထွက်သွားသော အခါ မိသားစုအားလုံး ပြန်ဆုံ၍ ခေါင်းခြင်းဆိုင်တိုင်ပင်ကာ မိသားစုရှေ့ရေးဆုံးဖြတ်ချက် ချကြသည်။

“အရွယ်မရောက်သေးတဲ့ သမီးငယ် နှစ်ယောက်က ရှိသေးတာကိုး”ဟု ကိုထက်ပြောသည်။

ကာလက မရေမရာကာလ။ တနင်္သာရီတိုင်းအတွင်း ခုခံတော်လှန်စစ်ပင် ကောင်းစွာ မဆင်နွှဲနိုင်သေးဘဲ ပြင်ဆင်ရင်းသင်၊ သင်ယူရင်း ပြင်ဆင်ကာ ရန်သူကို ချွေစနစ်၊ ပျောက်ကျားစနစ်သာ ဆင်နွှဲနိုင်သေးသည့်ကာလ။

သမီးတို့ အသက်ဘေးနှင့် ပညာရေးအတွက် ရန်ကုန် ပြောင်းကြမည်။ သမီးကြီးကတော့ တောထဲတွင် ဆက်နေကာ တော်လှန်တိုက်ပွဲ ဆက်နွှဲမည်ဟု ဆုံးဖြတ်သည်။

သူကတော့ ၈ တန်းနှင့် ၆ တန်းအရွယ် သမီးနှစ်ဦးနှင့် ဇနီးကို ခေါ်ကာ ရန်ကုန်ကို တိတ်တဆိတ် ပြောင်းလာခဲ့ရတော့သည်။
ရန်ကုန်တွင် CDM ပညာရေးဝန်ထမ်း ဇနီးသည်က NUG ကျောင်းတွင် စာသင်သည်။

ဇနီးသည်အတွက် CDM ချီးမြင့်ငွေဆိုပြီး ရန်ကုန် ရောက်မှ (ကျပ်)ငါးသောင်း ရဖူးကြောင်း ကိုထက်က ခနဲ့တည့်တည့် ပြောသည်။

ရန်ကုန်၌ အခြေမကျခင်မှာပင် သူ့ကို ချစ်ခင်သော CDMရဲတပ်သားဟောင်းတစ်ယောက်က သူ့ကို လှန်းသတိပေးလာသည်။

သတိပေးချက်က ခပ်တိုတိုပင်။ “အစ်ကိုတို့နေတဲ့ ရန်ကုန်လိပ်စာအတိအကျ ရဲဘက်က ရသွားပြီ။ အမြန်ရှောင်ပါ”။

လူနေထူထပ်သည့် ရန်ကုန်သည်ပင် သူ့အတွက် မလုံခြုံလျှင် မြန်မာနိုင်ငံတွင် သူတို့ ရှောင်တိမ်းနေနိုင်သည့်နေရာ သူ့တွင် မရှိတော့။

မန္တလေးသား မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် မိသားစုကိုခေါ်ကာ ထိုင်းနိုင်ငံ မဲဆောက်သို့ အောက်လမ်းမှ ထွက်လာခဲ့တော့သည်။

ထိုသို့ တစ်ဘက်နိုင်ငံ ထွက်လာရသည့်အတွက် သူ လိပ်ပြာမလုံ။ အထူးသဖြင့် ထောင်ထဲတွင် ကျန်ခဲ့သည့် ရဲဘော်များအပေါ် သူမတရားဟု ခံစားနေရသည်။

“ပြန်လာခေါ်မယ်လို့ ပြောခဲ့တဲ့ စကားအတွက် ရှက်မိတာ၊ နှုတ်ဆက်ပြခဲ့တဲ့လက်ကို ဖြတ်ပစ်ချင်တဲ့အထိ အသည်းနာတယ်”ဟု ကိုထက်က သူ့ခံစားချက်ကို ဖွင့်ပြောသည်။

သို့သော် သမီးတို့ပညာရေးက မဲဆောက်တွင် အဆင်ပြေသည်။ စစ်ဘေးရှောင် အချင်းချင်း ကူညီချိတ်ဆက်ပေးမှုကနေ သူ့သမီးနှစ်ဦး ကျောင်း အခမဲ့ နေခွင့်ခဲ့သည်။

အခုဆိုလျှင် သမီးလတ်က GED တက်နေပြီး သမီးထွေးက PREGED တက်နေကြသည်။
GED အောင်လက်မှတ် ရပါက သူ့သမီးတို့ တက္ကသိုလ်တစ်ခုခုတွင် တက်ခွင့်ရပြီ။
ထိုအသိ၊ ထိုပီတိနှင့်ပင် သူ စိတ်ဖြေ နေရသည်။

သူနှင့် သူ့ဇနီးတို့သည့် အခုထိ ထိုင်းနိုင်ငံတွင်း နေထိုင်သွားလာခွင့် အထောက်အထား အခုထိ မလုပ်ရသေး။ မလုပ်နိုင်သေး။

လက်ရှိတွင် သူ လူပျိုဘဝက တက်ကျွမ်းခဲ့သည့် ဆံသဆရာအလုပ်ဖြင့် ရပ်တည်နေသည်။
သူ့ဆံသခက ထိုင်းနိုင်ငံအနေနဲ့ဆိုပါက ဈေးချိုသည်ဟု ပြောနိုင်သည်။ ခေါင်းတစ်လုံးမှ ဘတ် ၄၀။

သူ၏ အဓိက ဖောက်သည်များမှာ စစ်ဘေး‌ရှောင်များနှင့် ၎င်းတို့၏သားကျောင်းသားများ၊ အနီးအနားနေ တော်လှန်ရေးဆယ်လီများ။

ထောင်ထဲတွင်တုန်းကလည်း ထောင်ကျနေသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်အပါအဝင် ထောင်သားများကို သူ ဆံပင် အခမဲ့ ညှပ်ပေးခဲ့ရဖူးသည်။

တောထဲတွင်လည်း ရဲဘော်တို့ကို သူ ဆံပင် အခမဲ့ ညှပ်ပေးခဲ့ရသည်။

ထိုင်းနိုင်ငံ မဲဆောက်ရောက် တော်လှန်ရေးဆယ်လီတို့က၏ခေါင်းတွေပေါ်လည်း သူ ဓားမိုးထားနိုင်သည်။

ယင်းအတွက်တော့ သင့်တင့်မျှတသည့် လုပ်အားခ သူယူသည်။ ထိုလုပ်အားခထဲမှ ထုတ်နှုတ်ကာ ပြည်တွင်းရဲဘော်များကို သူနိုင်သမျှ ထောက်ပို့သည်။

“ကိုယ်စားဖို့ ထမင်းလုပ်ထဲက ဖဲ့ထုတ်ပြီးတော့ တော်လှန်ရေးကို နိုင်တဲ့ဘက်က ပေးစွမ်းနေတယ်ပေါ့”ဟု ကိုထက်က သူ့ရပ်တည်ခံယူမှုကို ပြောသည်။

ထောင်ထွက် နိုင်ကျဉ်းဟောင်း ကိုထက်သည် သူ ပြန်လာခေါ်ပါမည်ဟု ပြောခဲ့သော ထားဝယ်ထောင်မှ ထောင်သားများအတွက်မူ လိပ်ပြာ မလုံလှ။

မဲဆောက်ရောက် အထောက်အထားမဲ့ ကိုထက်က မဲဆောက်သောက လေပူတွေ ‘ဟူး’ကနဲ မှုတ်ထုတ်သည်။ ပြီးတော့ စိတ်မသက်မသာလေသံဖြင့်  ရသေ့စိတ်ဖြေ ပြောသည်။

“ဒို့နိုင်ငံ မလွတ်မြောက်သေးသ၍ ငါတို့က ထောင်သားတွေပဲလေ”……

လင်းခ

The Tanintharyi Times