အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ဒိုက်ဦးနဲ့ သာယာဝတီသို့ ပြောင်းရွှေ့
အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ဒိုက်ဦးနဲ့ သာယာဝတီသို့ ပြောင်းရွှေ့
ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေကို ဒိုက်ဦးအကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။
မနေ့က ပြောင်းရွှေ့တာ ဖြစ်ပြီး ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသား ၂၀၀ နဲ့ အမျိုးသမီး ၆၀ ဦးတို့ကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ နိုင်/ကျဉ်း အရေအတွက်ကိုတော့ သိရှိရဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့လည်း PPNM ဘက်က ပြောဆိုထားပါတယ်။
အကျဉ်းထောင်တွေထဲမှာ ဦးဆောင်နိုင်စွမ်းရှိတဲ့ နိုင်/ကျဉ်းတွေနဲ့ ဖိနှိပ်မှုကို ရင်ဆိုင်နိုင်သူတွေလို့ ထောင်အာဏာပိုင်တွေဘက်က ယူဆထားသူတွေကို အဓိက ပြောင်းရွှေ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“ဒိုက်ဦးအကျဉ်းထောင်က နယ်မြေအနေအထားအရ ပဲခူးရိုးမနဲ့ နီးစပ်ပြီး လူထုနဲ့ ကင်းကွာနေတဲ့ အနေအထားမျိုးမှာ အကျဉ်းထောင်ရဲ့ လူ့အခွင့်အရေးခွင့်ဖောက်မှုတွေကို ပြည်သူတွေ သိဖို့ ခဲယဉ်းတယ်၊ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကို ဖိနှိပ်တဲ့အပေါ်မှာ ၂၀၂၃ မှာ အဆိုရွားဆုံးသော ဖိနှိပ်ခဲ့တဲ့ ထောင်တွေ ဖြစ်တယ်” တယ်လို့ ကိုသိုက်ထွန်းဦးကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ကလည်း အင်းစိန်အကျဉ်းထောင်ကနေ ဒိုက်ဦးနဲ့ သာယာဝတီထောင်တွေဆီကို နိုင်ငံရေးအကျဉ်းသားတွေ ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ဇွန်လထဲမှာပဲ နိုင်/ကျဉ်းတွေကို မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ မကွေးအကျဉ်းထောင်ကို ပြောင်းရွှေ့တာ၊ မွန်ပြည်နယ်ရှိ ကျိုက်မရောအကျဉ်းထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်တာတွေ ရှိခဲ့ပါတယ်။
“ထောင်ပြောင်းရွှေ့မှုတွေက အကျဉ်းဦးစီးဌာနက စနစ်တကျကိုမှ လုပ်နေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောလို့ရပါတယ်၊ အကျဉ်းထောင်အတွင်း ထောင်တွင်းသပိတ်တိုက်ပွဲတွေ လှုပ်ရှားမှုတွေ မဖြစ်ပေါ်ဖို့ သူတို့ (ထောင်အာဏာပိုင်တွေ) ဦးစားပေးဆောင်ရွက်နေတာလို့ ကျနော်တို့ မြင်ပါတယ်ဗျ” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
အိုးဘိုထောင်ကနေ မကွေးထောင်ကို ပြောင်းရွှေ့ခံရသူတွေထဲမှာ အကျဉ်းသား ၄၀ ကျော်ကို မကွေးအကျဉ်းဦးစီးဝန်ထမ်းတွေကို ရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ကျိုက်မရော အကျဉ်းထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကိုလည်း စော်ကားဆဲဆိုတာ၊ သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်တာ၊ လေးခွနဲ့ အုတ်ခဲတွေကိုင်ဆောင်ကာ အင်အားသုံး ဝိုင်းပစ်တာကြောင့် နိုင်ငံရေးအကျဉ်းသူ ၅ ဦးကျော် အပြင်းအထန် ဒဏ်ရာရခဲ့သလို အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
မြန်မာပြည်မှာ စစ်အာဏာသိမ်းကာလအစ်ကနေ အခုအချိန်ထိ ပြည်သူ ၂၇,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ ပြည်သူ ၂ သောင်းကျော်တို့ဟာ ထိန်းသိမ်းချုပ်နှောင်ခံထားရဆဲ အခြအနေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times
