ကျိုက်မရောထောင်က နိုင်ငံရေးကျဉ်းသား ၁၅၀ ဝန်းကျင်ကို သံခြေခြင်းခတ်ပြီး ထောင်ပြောင်းရွှေ့
ကျိုက်မရောထောင်က နိုင်ငံရေးကျဉ်းသား ၁၅၀ ဝန်းကျင်ကို သံခြေခြင်းခတ်ပြီး ထောင်ပြောင်းရွှေ့
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်ကို သံခြေခြင်းခတ်ပြီး ထောင်ပြောင်းရွှေ့နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ဆီကသိရပါတယ်။
ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအမျိုးသား ၅၀ ဝန်းကျင်နဲ့ အမျိုးသမီး ၁၀၀ ဝန်းကျင်တို့က ဒီကနေ့မနက် ၁ နာရီကျော်လောက်မှာ ထောင်ပြောင်းရွှေ့ခံရတာ ဖြစ်ပါတယ်။
ထောင်တွင်းဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ ထောင်အာဏာပိုင်တွေကို ဆန့်ကျင်တွန်းလှန်နေသူတွေကို အဓိကထား ပြောင်းရွှေ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ထောင်တွင်းဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ သူတွေ၊ ခေါင်းဆောင်ပိုင်းတွေလို့ သတိထားမိခံရသူတွေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ညွှန်ကြားရေးမှူးကို အမျိုးသမီးဆောင်ဘက်က ဝိုင်းဝန်းတောင်းဆိုပေးကြတဲ့ အမျိုးသမီးတွေပါတယ်၊ အကျဉ်းသားတွေဘက်က အမြဲရပ်တည်ပြီးတော့မှ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တွန်းလှန်ကြသူတွေ အဓိက အဲလူတွေကို ပြောင်းရွှေ့သွားတယ်လို့ သိထားရပါတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
လက်ရှိ ဘယ်အကျဉ်းထောင်ကို ပြောင်းသွားသလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပဲ စုံစမ်းနေဆဲ ဖြစ်တယ်လိုလည်း PPNM ကနေ သိရပါတယ်။
ကျိုက်မရောအကျဉ်းထောင်မှာ ဇွန်လ ၁၂ ရက်နေ့ ညနေက အမျိုးသားအဆောင်နဲ့ အမျိုးသမီးအဆောင်ကြား အုတ်ရိုးမှာ သွပ်ကာနေချိန် အကျဉ်းသား ၁ ဦး ဓာတ်လိုက်ပြီး အမြင်ပေ ၂၀ ကျော်ကနေ ပြုတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ အမျိုးသမီးအဆောင်က အကျဉ်းသူတွေဟာ ဓာတ်လိုက်ပြုတ်ကျခဲ့ရတဲ့ အကျဉ်းသားကို အချိန်မီ ဆေးကုသနိုင်ရေးအတွက် အာဏာပိုင်တွေဆီ အော်ဟစ်တောင်းဆိုခဲ့ကြတဲ့ ကိစ္စအပြီး အခုလို ထောင်ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။
ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်/ကျဉ်း အမျိုးသမီးတွေထဲမှာ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နဲ့ မခက်ခက်လွင်တို့လည်း ပါဝင်တယ်လို့ ကနဦး သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးနဲ့ ဝန်းရံသူ အကျဉ်းသား ၁၆၄ ဦးတို့ဟာ ထောင်တွင်း လူ့အခွင့်အရေးချို့းဖောက်မှုတွေနဲ့ ဆက်စပ်ပြီး အစာငတ်ခံဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
The Tanintharyi Times
