လုံလောက်တဲ့ ဆေးကုသမှု မရတာကြောင့် ဒိုက်ဦးအကျဉ်းထောင်က နိုင်/ကျဉ်း တစ် ဦး ထပ်မံသေဆုံး
လုံလောက်တဲ့ ဆေးကုသမှု မရတာကြောင့် ဒိုက်ဦးအကျဉ်းထောင်က နိုင်/ကျဉ်း တစ် ဦး ထပ်မံသေဆုံး
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ဆေးကုသမှုမခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား ကိုလင်းလင်းထွန်းဟာ မေလ ၈ ရက်နေ့ ကသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကိုလင်းလင်းထွန်းဟာ ဖမ်းဆီးခံထားရပြီးနောက် စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာကြောင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဆေးကုသမှု ရရှိဖို့ ထောင်အာဏာပိုင်တွေကို မကြာခဏ တောင်းခံခဲ့ပေမယ့် လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုလင်းလင်းထွန်းရဲ့ ကျန်းမာရေး အခြေအနေ အရေးပေါ်ဖြစ်နေချိန်မှာ ထောင်အာဏာပိုင်တွေက ပြင်ပဆေးရုံကို မပို့ပေးပဲ အသက်သေဆုံးခါနီး အချိန်ရောက်မှ ပြည်ပဆေးရုံကို ပို့ဆောင်ခဲ့တာကြောင့် အခုလို မသေသင့်ပဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
“အကျဉ်းထောင်ရဲ့ ထောင်ဆေးရုံတွေမှာ ထောင်ဆရာဝန် လုံလောက်မှု မရှိဘူး၊ ဆရာဝန်တွေက အကျဉ်းသားတွေကို အမြဲတစေ စောင့်ရှောက်မှု မပေးနိုင်ဘူး၊ ဒါကြောင့်မို့လည်း အကျဉ်းထောင်တွေမှာ ရောဂါတွေက ပိုဆိုးရွားလာပြီးမှာ ပြင်ပကုသခွင့်ရဖို့ အချိန်အင်မတန်ကြာမြင့်တာ ဖြစ်တဲ့အတွက် ဒီလိုသေဆုံးမှုတွေ များလာတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ကိုလင်းလင်းထွန်းဟာ အသက် ၃၂ နှစ်အရွယ်ရှိ လယ်ဝေးဒေသခံတဦးဖြစ်ပြီး ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
ဒိုက်ဦး အကျဉ်းထောင်မှာ ဖေဖော်ဝါရီကနေ မေလအထိ ၃ လတာအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦး အထိ ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသူ အသက် ၆၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေးဝင်း၊ မတ်လ ၆ ရက်နေ့မှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားနဲ့ ဦးခင်စိုးနဲ့ အခု မေလ ၈ ရက်နေ့မှာ သေဆုံးသွားရတဲ့ ကိုလင်းလင်းထွန်းတို့ ဖြစ်ပါတယ်။
“ဒိုက်ဦးအကျဉ်းထောင်က ၂၀၂၃ မှာဆိုရင် ဖိနှိပ်မှု အများဆုံး ထောင် ၁ ထောင် ဖြစ်တယ်၊ နိုင်ငံရေးအကျဉ်းသား အများဆုံး သေဆုံးခဲ့တဲ့ ထောင် ၁ ထောင်ဖြစ်တယ်၊ ၂၀၂၄ မှာလည်း ဇန်နဝါရီလကနေ ၅ လတာ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦး သေဆုံးမှု ရှိခဲ့တယ်” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဆေးကုသခွင့် မရတာကြောင့် သေဆုံးရတဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦးအထိ ရှိခဲ့ပြီး ဒိုက်ဦးအကျဉ်းထောင်မှာ ၃ ဦး၊ ကျိုက်မရောအကျဉ်းထောင်မှာ ၂ ဦး၊ မကွေးအကျဉ်းထောင်မှာ ၁ ဦး၊ ကလေးအကျဉ်းထောင်မှာ ၁ ဦးနဲ့ မန္တလေး အိုးဘိုထောင်မှာ ၁ ဦးတို့ ဖြစ်ပါတယ်။
နိုင်/ကျဉ်းတွေ သေဆုံးမှု များလာနေတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC လို အဖွဲ့အစည်းတွေအနေနဲ့ အကျဉ်းထောင်တွေအတွင်း ဝင်ရောက်စစ်ဆးခွင့် ရရှိဖို့ အခုထက်ပိုပြီး ကြိုးပမ်းအားထုတ်သင့်တယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက တိုက်တွန်းပြောဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးက သိကြတယ် ပြောကြတယ်၊ သို့သော်လည်းပဲ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ လုံလောက်တဲ့ ထိရောက်တဲ့ ဖိအားပေးမှု မရှိသေးသ၍ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက အခုလိုပဲ အလဟဿ သေဆုံးနေရမှာ ဖြစ်တဲ့အကြောင်း ICRC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို သတင်းစကားပါးချင်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်အာဏာသိမ်းကြိုးစားမှု ၃ နှစ်နဲ့ ၃ လကျော်အတွင်း မြန်မာနိုင်ငံက ပြည်သူပေါင်း ၂၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသလို လက်ရှိအချိန်အထိ ပြည်သူ ၂ သောင်းကျော်ဟာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။
အဆိုပါ အကျဉ်းကျနေသူတွေထဲမှာ ပြည်သူ ၈၉၈၇ ဦးတို့ဟာ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ထားသူတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
The Tanintharyi Times
