အာဏာရှင်တစ်ကျော့ပြန် မဖြစ်စေလို
အာဏာရှင်တစ်ကျော့ပြန် မဖြစ်စေလို
“စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဆိုတာ လူ့အခွင့်အရေးတွေထဲက အခြေခံအကျဆုံးအခွင့်အရေးပါ။
ပြည်သူတွေဆီ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ပို့ဆောင်ပေးရမယ့် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးကြီးပါတယ်။ ဒါ့ကြောင့်မို့လည်း တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားကြရတာ မဟုတ်ပါလား။
နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံး မဏ္ဍိုင်ထဲမှာ ပါဝင်နေတဲ့ သတင်းမီဒီယာလုပ်ငန်းဟာ မြန်မာနိုင်ငံမှာတော့ အာဏာရှင်တွေရဲ့ ဖိနှိပ်တိုက်ခိုက်မှုကို အမြဲတမ်း အလူးအလဲ ခံကြရပါတယ်။ ဒါပေမယ့် သတင်းသမားတွေကတော့ နှိပ်ကွပ်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပြည်သူတွေ သတင်းမှန်သိရှိရေးအတွက် ရနိုင်တဲ့နည်းလမ်းတွေနဲ့ သတင်းမှန်တွေကို ထုတ်ဖော်ဖြန့်ဝေခဲ့ကြတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ စတဲ့ လူမဆန်တဲ့ အကြမ်းဖက်မှု မျိုးစုံကျူးလွန်ထားတယ် မဟုတ်လား။ ပြည်သူတွေပိုင်တဲ့ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတမျိုးစုံကိုအပိုင်စီးအုပ်စိုးထားတာ မဟုတ်လား။ ပြည်သူတွေကို နည်းမျိုးစုံ နှိပ်စက်ညှည်းပန်းပြီး ဂုတ်သွေးကို နစ်နစ်နဲနဲ စုပ်ယူနေတာ နှစ်ပေါင်းများစွာကြာပြီ မဟုတ်လား။
ပြည်သူလူထုက အဲဒီအမှန်တရားတွေ သိသွားမှာကို အာဏာရူး၊ ဥစ္စာရူးတစ်သိုက်က စိုးရိမ် အကြောင့်ကြဆုံးပါပဲ။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ စစ်အုပ်စုအတွက် အိပ်မက်ဆိုး၊ အကြီးမားဆုံး ရန်သူ၊ သူတို့အာဏာကို အမြစ်ကလှန်ပစ်မယ့် အစွမ်းထက်လက်နက်မို့ သူတို့အကြောက်ဆုံးဆိုရင်လည်း မမှားပါဘူး။ အာဏာရှင် ကြီးစိုးနေတဲ့နေရာမှာ သတင်းလွတ်လပ်ခွင့်တို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ဆိုတာ ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ဘူး။
စစ်အာဏာရှင် ကြီးစိုးခဲ့တဲ့ နှစ်ပေါင်းခုနစ် ဆယ်အတွင်းမှာ မြန်မာနိုင်ငံသတင်းသမားတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ကြရတယ်။ မတရားဖမ်းဆီးအကျဉ်းချတာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ သတင်းသမား အများအပြား ရှိခဲ့တယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းပြီးချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီဒီယာသမားတွေအပေါ် နှိပ်ကွပ်မှုဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ သတင်းအချက်အလက် သိရှိခွင့်၊ လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်နဲ့ ထုတ်ဖော်ရေးသားခွင့်တို့ဟာ မရှိသလောက် ဖြစ်သွားပြီးသတင်းမီဒီယာသမားတွေဟာ စစ်အုပ်စုရဲ့ အပြစ်ရှာတိုက်ခိုက်မှု အမျိုးမျိုးကို ခံကြရပါတယ်။ သတင်းသမားတွေကို ရန်သူသဖွယ် သတ်မှတ်ပြီး ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်မှုအပြင် သတင်းဌာနတွေကိုလည်း ပိတ်သိမ်းလိုက်ကြတယ်။
UNESCO ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီဟာ သတင်းမီဒီယာသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့တဲ့အထဲက ၆၀ ကျော်ကို ပြစ်ဒဏ်အသီးသီးနဲ့ အကျဉ်းချထားပြီး၊ သတင်းသမား ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြတယ်။ ဒါ့အပြင် သတင်းမီဒီယာလိုင်စင် ၁၅ ခုကို ပယ်ဖျက်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းသမားတွေကို အကျဉ်းချထားတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဖမ်းမခံရဘဲ တိမ်းရှောင်လွတ်မြောက်သွားတဲ့ သတင်းသမားတွေကတော့ နိုင်ငံခြား တိုင်းပြည်တစ်ခုခုမှာ ကြုံသလိုနေထိုင်ပြီး သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ကြတယ်။ နယ်စပ်မျဉ်းတစ်လျှောက်နဲ့ ထိုင်းနိုင်ငံရဲ့ မြို့တချို့တွေဟာ သတင်းဌာနနဲ့ သတင်းသမားတို့ရဲ့ မှီခိုရာနေရာဖြစ်လာခဲ့တယ်။
တချို့ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ လွတ်မြောက်နယ်မြေမှာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေထဲမှာ စသဖြင့် မိမိနဲ့သင့်ရာတော်ရာမှာ ခိုလှုံရင်း သတင်းလုပ်ငန်းကို အခက်အခဲ ပေါင်းစုံကြားထဲက လုပ်ကိုင်နေကြရရှာတယ်။
ပြည်တွင်းမှာ နေရစ်ခဲ့တဲ့ သတင်းသမားတွေကတော့ နည်းမျိုးစုံနဲ့ ကိုယ်ရောင်ဖျောက် ထားကြရတယ်။ သတင်းလုပ်ငန်းဟာ အလွန်တရာ အန္တရာယ်များလွန်းတာမို့ ပြည်တွင်းသတင်းထောက်တွေအနေနဲ့ တခြားဟန်ပြ အလုပ်တခုခုလုပ်ပြီး လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်ဆောင်ကြရပါတယ်။ ဒီလို အထူးသတိထားပြီး လုပ်ကိုင်နေတဲ့ ကြားထဲက စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ သတင်းသမားတွေလည်း အများအပြား ရှိနေဆဲပါပဲ။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ ထဲမှာမြန်မာက အဆင့် ၁၇၃ နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အနိမ့်ဆုံးနီးပါးကို ရောက်နေတာ တွေ့ရပါတယ်။
ဝါရင့်သတင်းသမားပဲဖြစ်ဖြစ်၊ CJ လို့ခေါ်တဲ့ ပြည်သူပြည်သား သတင်းသမားပဲဖြစ်ဖြစ် ပြည်တွင်းမှာအသက်ကိုဖက်နဲ့ထုပ်ပြီး အလုပ်လုပ်နေကြရတဲ့ သူတွေပါ။ ဒါပေမယ့် ခက်ခဲကျပ်တည်းမှုတွေ ဘယ်လိုကြုံကြုံ တခြားတော်လှန်ရေးမျက်နှာစာတွေနည်းတူ သတင်းမီဒီယာသမားတွေဟာ ရေဆန်ကို အားတင်းကျော်ဖြတ်လျက်ပါပဲ။
အဲဒီလို စစ်အုပ်စုရဲ့ အသေအလဲ တိုက်ခိုက်တာကိုတိမ်းရှောင်ရင်း သတင်းမှန်ရယူရေး ကြိုးပမ်းနေတဲ့ သတင်းသမားတွေအတွက် နောက်ထပ် အခက်တွေ့စရာနဲ့ ကြုံတွေ့ရပြန်ပါတယ်။ ဧပြီလမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ရဲ့ သတင်းမီဒီယာတွေ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး အသီးသီး ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်တွေကြောင့်ပါ။ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဒီလိုညွှန်ကြားချက်မျိုး ထုတ်ပြန်တာက လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်ထားတဲ့ အာဏာရှင်ဆန်တဲ့ သဘောထားမျိုး ဖြစ်နေတယ်လို့ ဆိုရမှာပါ။
ဥပမာ… သတင်းထောက်ကဒ်နဲ့ အမည်အရင်းကို ပြောရမယ်၊ ယူနီဖောင်းဝတ်ရမယ် ဆိုတာမျိုးက ပြည်တွင်းမှာနေထိုင်နေတဲ့ သတင်းသမားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်စေပါတယ်။ စစ်ကောင်စီရန်ကြောင့် သတိကြီးကြီးထားပြီး လုပ်ရကိုင်ရတာမို့ လျှို့ဝှက်အမည်နဲ့ အဆက်အသွယ်ပြုကြရတာ များပါတယ်။
သတင်းထောက်ကဒ်ဆိုတာ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်မယ့် သက်သေအထောက်အထားဖြစ်နိုင်တာမို့ မဆောင်ထားသင့်တဲ့ အရာပါပဲ။
သတင်းသမားမှန်ရင် သူတို့စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိပြီးသားပါ။ အဲဒီကျင့်ဝတ်တွေနဲ့အညီလုပ်ဆောင်ဖို့ပဲ အရေးကြီးပါတယ်။
စစ်ရေး၊ လုံခြုံရေးအကြောင်းပြပြီး သတင်းရယူပိုင်ခွင့်ကို နည်းမျိုးစုံနဲ့ ကန့်သတ်ချုပ်ချယ်နေမယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာဖို့ပဲ ရှိပါတယ်။ အာဏာရှင်ကိုတော်လှန်ရင်းအာဏာရှင်ဆန်တဲ့ အပြုအမူ ညွှန်ကြားချက်မျိုး လုပ်ဆောင်မိသွားမှာကို ရှောင်ရှားကြဖို့ လိုပါတယ်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ပြုမူလုပ်ဆောင်ချက်တွေကသာ မိမိတို့မျှော်မှန်းတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်ကို ရှေးရှုဦးတည်နိုင်မှာပါ။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် ၁၉ ကို ကောက်နုတ်ဖော်ပြရမယ်ဆိုရင် “လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရှိတယ်။ အဲဒီအခွင့်အရေးကို နှောင့်ယှက် ဟန့်တားခြင်း တစုံတရာမရှိဘဲ မည်သည့်မီဒီယာမဆို သတင်းအချက်အလက်များနဲ့ စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရယူခွင့်တို့ ပါဝင်တယ်” လို့ ပါပါတယ်။
ပြည်သူတွေ သတင်းအချက်အလက်မှန် သိရှိနိုင်ဖို့အတွက် လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ဖြန့်ဝေခွင့်ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ပြည်သူတွေ သတင်းအမှန် သိရှိမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နိုင်မှာပါ။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီကို သွားရာလမ်းကြောင်းမှာ လွတ်လပ်တဲ့ သတင်းမီဒီယာဟာ မရှိမဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် သတင်းမှန်သိခွင့် မရှိတဲ့ အဖြစ်မျိုးကို စစ်အာဏာရှင် အုပ်စိုးတဲ့ ကာလတလျှောက်လုံး ပြည်သူတွေ ကြုံတွေ့ခဲ့ရပြီးပါပြီ။ နောက်ထပ် ဒီလို အဖြစ်မျိုး ထပ်မကြုံရအောင် အာဏာရှင်စနစ်ကို တိုက်ဖျက်နေကြရတာပါ။
ဒါကြောင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြမယ့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အာဏာရှင်ဆန်တဲ့လုပ်ဆောင်ချက်မျိုးကို ထပ်မံမပြုလုပ်မိဖို့ အထူးသတိထားကြရပါမယ်။ ဒီလိုမှ မဟုတ်ဘဲ လိုအပ်ချက်အရအာဏာရှင်ဆန်ရပါတယ်လို့ အကြောင်းပြမယ်ဆိုရင် အကြမ်းဖက်စစ်တပ် ပြိုပျက်သွားစေဦးတော့၊ အတွင်းလှိုက်စားနေတဲ့ အာဏာရှင်စိတ်ဓါတ်ဟာ လူ့အဖွဲ့အစည်းထဲမှာ တနည်းတဖုံ စွဲမြဲလည်ပတ်နေဦးမှာပဲ ဖြစ်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
