စစ်ကောင်စီတပ်သားတွေ တပ်လာစွဲလို့ ရေဖြူက ရွာတချို့မှာ ဥယျာဉ်ခြံလုပ်ငန်းတွေရပ်နားထားရ

စစ်ကောင်စီတပ်သားတွေ တပ်လာစွဲလို့ ရေဖြူက ရွာတချို့မှာ ဥယျာဉ်ခြံလုပ်ငန်းတွေရပ်နားထားရ

ပုံစာ - ရေဖြူမြို့နယ်ထဲက ရော်ဘာခြံတစ်ခြံ။

ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းရွာမှာ စစ်ကောင်စီတပ်သားတွေတပ်စွဲနေထိုင်နေလို့ ဥယျာဉ်ခြံ လုပ်ငန်းတွေရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မိုးဦးကာလရောက်ရင် ခြံပိုင်ရှင်တွေဟာ တောခုတ်ပြီး ရော်ဘာပင်၊ ကွမ်းသီးပင် စတဲ့ပျိုးပင်တွေကိုစိုက်ပျိုးလေ့ရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားလို့ ခြံပိုင်ရှင်တွေအနေနဲ့ ခြံထဲမဝင်ရဲဘဲဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့အဲမှာထိုင်နေတော့ ဘယ်သူက သွားလုပ်ရဲတော့မှာလဲ။ အခုအချိန်က သစ်ပင်စိုက်မယ့်လူဆို တောရှင်းပြီး သစ်ပင်စိုက်ဖို့ အစာထည့်ဖို့ပြင်ဆင်နေပြီ။” လို့ ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ မိကျောင်းလှောင်းရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုအချိန်ဟာ သံပုရာသီးတွေ ခူးပြီးရောင်းရမယ့်အချိန်ဖြစ်ပြီး သံပုရာသီးပေါတဲ့ရာသီဖြစ်တဲ့နောက်လထဲရောက်တဲ့အချိန်ထိမခူးရောင်းနိုင်ရင် ဈေးကောင်းမရတာနဲ့ကြုံနိုင်တယ်လို့လည်း အဲဒီအမျိုးသားက ပြောပါတယ်။

အခုလ ၂၃ ရက်နေ့ ကလိန်အောင်မြို့တံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားအင်အား ၆၀ ခန့်ပါတဲ့ စစ်ကြောင်းက ကလိန်အောင်မြို့နဲ့ မိကျောင်းလှောင်းရွာကြားက ခြံတွေထဲ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့အရပ်သားရဲ့နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတာ ဒီနေ့နဲ့ဆိုသုံးရက်ရှိနေပါပြီ။

စစ်ကောင်စီတပ်စွဲနေထိုင်နေတဲ့ ရွာက ခြံလုပ်ငန်းလုပ်ကိုင်သူတွေအပြင် တိုက်ပွဲမဖြစ်တဲ့ အနီးအနားရွာက ခြံလုပ်ငန်းလုပ်ကိုင်သူတွေလည်း ဥယျာဉ်လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ပြောပါတယ်။

အနီးအနားမှာတိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီဘက်ကပြန်ပစ်လေ့ရှိတဲ့ လက်နက်ကြီးကျည်အန္တရာယ်စိုးရိမ်လို့ ကံပေါက်ရွာ၊ အုန်းပင်ကွင်း၊ မင်းသား၊ ဆင်ကူး စတဲ့ရွာတွေက ခြံလုပ်ငန်းလုပ်ကိုင်သူတွေလည်း ခြံလုပ်ငန်းရပ်နားထားရတယ်လို့ ဆိုပါတယ်။

“ကိုယ်မဝင်ခင်က တိုက်ပွဲမဖြစ်ဘူး ဝင်ပြီးမှတိုက်ပွဲဖြစ် လက်နက်ကြီးထပစ်တော့ ဘယ်ကိုပြေးလို့ပြေးရမန်းမသိဘူး။ တိုက်ပွဲဖြစ်မဖြစ်က ကြိုကြေညာထားတာလည်းမဟုတ်ဘူးလေ။” လို့ ကံပေါက်ဒေသခံ ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးအန္တရာယ်စိုးရိမ်တာကြောင့် ခြံထဲမဝင်တာ တစ်ပတ်ကျော်လောက်ရှိပြီလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။

အခုလိုမိုးဦးရာသီမှာ တောခုတ်တာမလုပ်နိုင်ရင် ခြုံပင်၊နွယ်ပင်တွေပိပြီး သစ်ပင်ငယ်တွေဆုံးရှုံးတာ၊ ပျိုးပင်ထပ်ပြီးမစိုက်ပျိုးနိုင်တာ၊ ဒူရင်းသီး၊ သံပုရာသီးလို ရာသီပေါ်သီပင်စားပင်တွေအချိန်မှီမခူးရောင်းနိုင်တာတွေကြုံရပြီး ဝင်ငွေထိခိုက်တယ်လို့ ခြံလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ကလိန်အောင်မြို့အနီးတဝိုက်မှာ အခုလ ၇ ရက်နေ့ကတည်းကစပြီး ထိတွေ့ပစ်ခတ်မှုတွေဖြစ်နေတာပါ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား၊ နေအိမ်၊ ဥယျာဉ်ခြံနဲ့ သုံးဘီးယာဉ် ထိခိုက်ပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။

ရော်ဘာခြစ်တာ၊ ထင်းကောက်တာ၊ တောခုတ်တာ စတဲ့အကြောင်းအရင်းအမျိုးမျိုးနဲ့ ဥယျာဉ်ခြံထဲသွားလာလို့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်မှာ အရင်က ရှိခဲ့ဖူးပါတယ်။

The Tanintharyi Times