သတိမပြတ်မှ ကိုင်တွယ်နိုင်မယ့် ပဋိပက္ခ
သတိမပြတ်မှ ကိုင်တွယ်နိုင်မယ့် ပဋိပက္ခ
ကျောက်နီမော် မသီတာထွေး ပြဿနာက အစပြု တောက်လောင်ခဲ့ပြီးနောက် အပြီးသတ်မငြိမ်းသွားဘဲ တငွေ့ငွေ့ ရှိနေဆဲ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခဟာ မေလ ၁၇ ရက် ဘူးသီးတောင်မြို့အရေးကိစ္စမှာ ဟုန်းခနဲ ပြန်လည်ထတောက် လောင်မြိုက်လာခဲ့ပါတယ်။
အကြောင်းရင်းက ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားတဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲမှာ ရိုဟင်ဂျာ လူ မျိုး ၃၀ ခန့်သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်၊ ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာနေအိမ်တွေကို ရ က္ခိုင့်တပ်တော်က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာကနေ စတင်လာခဲ့တာပဲဖြစ်ပါတယ်။ရိုဟင်ဂျာတွေသေဆုံးမှုကလည်း ရက္ခိုင့်တပ်တော်က ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက်ကြောင့်လို့ စွပ်စွဲမှုတွေထွက်ပေါ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခဟာ မြန်မာနိုင်ငံတွင်းအခြားသောဒေသရဲ့ ပဋိပက္ခတွေထက် ပိုမိုထိလွယ်ရှလွယ်တဲ့ အကြောင်းရင်းဖြစ်သလို လူ့အခွင့်အရေး၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ အသိအမှတ်ပြုမခံရမှု၊ အဖိနှိပ်ခံလူနည်းစု စတဲ့ အမြင်ရှုထောင့်တွေနဲ့ ကမ္ဘာကြီးရဲ့ ပိုမို ချဉ်းကပ်ခံရတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အမည်နာမသတ်မှတ်ခေါ်ဝေါ်ခံရမှု အခန်းကဏ္ဍလည်း ပါဝင်တာဖြစ်ပါတယ်။ ဒီချဉ်းကပ်ခံရမှုနဲ့ ရှုထောင့်အမြင်တွေကြောင့်ပဲ ဒီမိုကရေစီပြယုဂ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် နိုင်ငံတကာရာဇဝတ်မှုခုံရုံးဆီထိ တရားခံတစ်ဦးပမာ ရောက်ရှိခဲ့တာက အထင်အရှားသက်သေ ပါပဲ။
မေလ ၁၇ ရက် ဘူးသီးတောင် ဖြစ်စဉ်မတိုင်မီ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲ၊ စစ်ရေးနဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင် မြို့တော်စစ်တွေနဲ့ ပြည်နယ်တောင်ပိုင်းက ဒေသတချို့ကလွဲရင် ပြည်နယ်ရဲ့ ဒေသအများ စုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘူးသီးတောင် ၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ပြီဆိုရင် မြောက်ပိုင်းတခွင်မှာ မြို့တော်စစ်တွေတစ်ခုသာ ကျန်ရစ်မှာဖြစ်ပြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ထားတဲ့ အမ်းဒေသကိုသိမ်းယူနိုင်ရင် တောင်ပိုင်းမဟာဗျူဟာထွက်ပေါက်ကနေ မြန်မာပြည် အထက်အောက် လမ်းကြောင်းဟာ ရက္ခိုင့်တပ်တော် စီးနင်းထားရာ နယ်မြေဧရိယာတွေ ဖြစ်လာမှာပါပဲ။
ဒီအခြေအနေဟာ စစ်တပ်ဘက်ကကြည့်ရင် အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်ပြီး နေပြည်တော်ကို လက်လွတ်ရဖို့ လက်တကမ်းအလို အကြောင်းချင်းရာပါပဲ။ ဒါကြောင့် စစ်တပ်ဟာ သူ့အတွက်ရခိုင်မြေက တစ်ဆင့်ဖြစ်တဲ့ အဆိုးရွားဆုံးနေ့ရက်တွေဆီ ရောက်မလာအောင် ရိုဟင်ဂျာလူမျိုးရေးပဋိပက္ခကို ဧပြီလအစောပိုင်းကတည်းက စစ်မှုထမ်းဥပဒေနဲ့ အတူ ရက္ခိုင့်မြေမှာ ဖန်တီးနေခဲ့တာပဲ ဖြစ်ပါတယ်။ (ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာရဲ့ ဧပြီလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် အရေးကိစ္စဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြောဆိုချက်ကို ကြည့်ရင် ဒီအချက်က သိသာ စေတာ ဖြစ်ပါတယ်။)
ဒီလိုဆိုတဲ့အတွက် မေလ ၁၇ ရက် ဘူးသီးတောင်ဖြစ်စဉ်မှာ ရက္ခိုင့်တပ်တော်ရဲ့ ကျူးလွန်မှုမရှိနိုင်ဘူးလို့ တရားသေ ဆိုလိုတာမျိုးမဟုတ်ဘဲ စစ်တပ်က ဖန်တီးဖော်ဆောင်နေမှု ပကတိတရားကို သိသာအောင် ညွှန်းဆိုပြခြင်းသာ ဖြစ်ပါတယ်။ တကယ်တမ်း မေလ၁၇ ရက် ဘူးသီးတောင်မြို့ဖြစ်စဉ်ကို ယေဘူယျကျကျသုံးသပ်ကြည့်မယ်ဆိုရင်လည်း ပြည်နယ်ရဲ့ မြေပြင်အနေအထားအရ သတင်းအချက်အလက်တွေကို မှန်တယ်၊ မှားတယ်လို့ တစ်ထိုင်တည်းဆုံး ဖြတ်နိုင်ဖို့က မလွယ်ကူတာ အမှန်ပါပဲ။
မြေပြင်တိုက်ရိုက်အဆက်အသွယ်ရရှိဖို့ ခက်ခဲတာ၊ ရရှိခဲ့ရင်တောင် တိကျသေချာတဲ့ သတင်းအချက်အလက်အဖြစ် အတည်ပြုနိုင်ဖို့ ရာခိုင်နှုန်းနည်းပါးတာ၊ အင်တာနက်ဖြတ်တောက်ပိတ်ဆို့တားဆီးခံထားရတာ၊ ပဋိပက္ခနဲ့ စစ်တပ် ဖိအားကြားမှာရှိနေတဲ့ ဒေသခံတွေရဲ့ စိတ်ခံစားချက်၊ မြေပြင်ပထဝီအနေအထား၊ ဘာသာစကားအခက်အခဲ (ဒေသခံ ရိုဟင်ဂျာ အများစုဟာ ဗမာစကားကို လိပ်ပတ်လည်အောင် ပြောတတ်သူနည်းပါးကြပါတယ်) စတာတွေကြောင့် သတင်းအချက်အလက်ကို ယတိပြတ်ကောက်ချက်စွဲနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူတာ အမှန်ပါပဲ။
တစ်ဖက်က စစ်တွေမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တောမှာ ရှိနေတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ဖြစ်တည်မှုကို ကြည့်မယ်ဆိုရင်လည်း သူတို့အတွက် ဘယ်အကြောင်းတရားကမှ အကောင်းဘက်မှာရှိမနေခဲ့တာ ၂၀၁၂ ခုနှစ် ပဋိပက္ခကာလအလွန်ထဲကပဲ ဖြစ်ပါတယ်။
လက်ရှိကာလမှာလည်း စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့ စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရတာ၊ ဖိအားပေး စစ်တိုက်ခိုင်းစေခံရတာ၊ လူသားဒိုင်းအပြုခံရတာ စတာတွေရှိနေသလိုလူမျိုးရေးအရ ကိန်းနဲ့အေဘယ်လ် ( Cain and Abel) လို အနေအထားမှာရှိနေတဲ့ ရခိုင်လူမျိုးစု အသာစီးအနိုင်ရလာမှုကလည်း မပြေးသော်ကန်ရာရှိ ဆိုသလို ပဋိပက္ခအလွန် စိုးရိမ်စိတ်ကို ဖြစ်ပေါ်ခံစားရစေတာ မြေကြီးလက်ခတ် မလွဲပါပဲ။
ရက္ခိုင့်တပ်တော်ရဲ့နေရာ ရွှေ့ပြောင်းဖို့ ဖိအားပေးခံရတာမျိုးက ဆိုခဲ့တဲ့ ပဋိပက္ခအလွန်စိုးရိမ်စိတ်ကို ပိုမိုကြီးထွားစေတာမျိုးပါပဲ။ ဒါက သူတို့အတွက် ရှေ့တိုးထမ်းပိုး ၊ နောက်ဆုတ်လှည်းထုပ် ဆိုတာမျိုးပါပဲ။
ကမ္ဘာကြီးရဲ့ ရှုထောင့်အမြင်ကို ကြည့်မယ်ဆိုရင်လည်း ဘယ်လိုအခြေအနေ၊ အကြောင်းတရားမှာမဆို ထာဝရအဖိနှိပ်ခံနေရပြီး အသိအမှတ်ပြုခြင်းမခံရတဲ့ လူမျိုးစုတစ်ခုအတွက်၊ လူမျိုးတုန်းသတ်ဖြတ်ခံရမှု၊ အမည်နာမ အသိအမှတ်ပြုမခံရမှုနဲ့ ပဋိပက္ခတွေကြား ထောင်ပေါင်းများစွာနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လူမျိုးစုတစ်ခုအတွက် အား နည်း သူဘက်က အသံကျယ်ကျယ်ပိုပြီး ရပ်တည်ထုတ်ဖော်ပေးနေမှာကလည်း အမှန်တရားပါပဲ။ ( အတိတ်အဖြစ် အပျက်တွေကလည်း ဒီလိုဖြစ်စေဖို့ အကြောင်းရှိခဲ့တာ ဖြစ်ပါတယ်။)
တကယ်တော့ ဒီအကြောင်းတရားတွေဟာ အခုမှ ရုတ်တရက်ကြီး ထပြီးပေါ်ပေါက် ရှိတည်လာခဲ့တာမဟုတ်ပါဘူး။ ဒီဖြစ်ရပ်တွေဟာ ၂၀၁၂ ခုနှစ်အလွန်ကာလတွေထဲက ဖွဲမီးလို တမြေ့မြေ့ရှိနေခဲ့တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ အရှင်းလင်းဆုံး သိမှတ်ထားရမယ့် ကိစ္စကတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍပါပဲ။ ရခိုင်ရဲ့ လူမျိုးရေးပဋိပက္ခဟာ စစ်တပ်က တမင်တကာကို ဖန်တီးထားခဲ့တဲ့ ပြဿနာဖြစ်ပြီး၊ တခြားတစ်ဖက်မှာလည်း ဒီပြဿနာအတွက် ကမ္ဘာကြီးကို သူမဟုတ်တဲ့ အခြားတရားခံတစ်ယောက်ကို ရှေ့တန်းတင်ဖို့ စီစဉ်ထားတဲ့ ဗျူဟာဆိုတာပါပဲ။
၂၀၁၂ ၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ကာ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးသွားစေအောင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး အဲဒီကာလ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ညံ့ဖျင်းမှုကို အခွင့်ကောင်းယူခဲ့တာ၊ အဲဒီအတွက် ကမ္ဘာကြီးရဲ့ စွပ်စွဲမှုနဲ့ ဖိအားကို အရပ်သားအစိုးရက ရင်ဆိုင်ခဲ့ရပြီး စစ်တပ်ရဲ့ ဇာတ်ညွှန်းထဲ ဝင်ပါမိရင်း ပြဿနာမီးစဟာ တစတစ ပိုပြီး ရှည်လျား ခဲ့တာ၊ လူမှုအသိုင်းအဝိုင်းကြားမှာ ထောက်ခံသူနဲ့ ကန့်ကွက်သူ အခြမ်းနှစ်ခု ကွဲလွဲသွားခဲ့တာ၊ ဒါတွေဖြစ်ပွား ခဲ့တာပါ။
ဒါကို ကြည့်ရင် လက်ရှိ ဘူးသီးတောင်ပြဿနာဟာလည်း စစ်တပ်က ရှို့လိုက်တဲ့ စနစ်တံ ဝါယာကြိုးအစဆိုတာ သိသာမြင်သာစေသလို ဒါဟာ စိတ်ခံစားချက်တွေအပေါ်မှာ မူတည်ပြီး ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ဘူး ဆိုတာကို မေ့မထားဖို့လိုအပ်တာ ဖြစ်ပါတယ်။
ဘူးသီးတောင်ဖြစ်ရပ်ကို ဥပမာ ပြန်ကောက်ပြောရရင် မီးရှို့မှုဖြစ်စဉ်မှာ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေပါဝင် ကောင်းလည်း ပါဝင်နိုင်သလို၊ စစ်တပ်ရဲ့ ဗျူဟာကျကျ ဖန်တီးမှုလည်း ဖြစ်နိုင်သလို၊ အဲဒီနှစ်ခုလုံးမဟုတ်တဲ့ ARSA ၊ ARA ၊ RSO လို အဖွဲ့တွေရဲ့ အစွန်းရောက်မှုလည်း ဖြစ်နိုင်သလို၊ အဲဒါတွေကနေ အားလုံးကင်းလွတ်ပြီး ထင်မှတ်မထားတဲ့ အကြောင်းရဲ့ အကျိုးဆက်ဖြစ်မှုလည်း ဖြစ်နိုင်တာမျိုးပါပဲ။
ဒါဟာ ဘာကိုညွှန်းဆိုပြသလဲလို့ ဆိုတဲ့အခါ လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အာဏာရှင်စနစ်အမြစ်ပြုတ်ရေး တော်လှန်စစ်နဲ့ အဲဒီရဲ့ ရည်မှန်းချက်ခရီးဆီ မရောက်အောင် ဖန်တီးနေတဲ့ ပြဿနာတွေနဲ့ အကျိုးအကြောင်းအရ ဖြစ်လာနိုင်ခြေရှိတဲ့ အခင်းဖြစ်ရပ်တွေအပေါ်မှာ ဘယ်လိုစီမံခန့်ခွဲကိုင်တွယ်မလဲဆိုတဲ့ ပြဒါးတိုင်ကို ညွှန်းဆိုပြနေတာပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ရိုဟင်ဂျာအရေးကိစ္စဟာ ဖက်ဒရယ်ဒီမိုကရေစီလို့ ဦးတည်ထားတဲ့ ပန်းတိုင်ကို ပျက်သုဉ်းသွားစေ နိုင်သလို နွေဦးတော်လှန်ရေးအတွင်း ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ကမ္ဘာကြီးရဲ့ ရှုမြင်မှုနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်အစိုးရလို့ ပြည်သူက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းကြား စည်းလုံးညီညွှတ်မှုပါ အပြောင်းအလဲ ဖြစ်သွားစေနိုင်တာကို သတိစွဲအမှတ်စဉ် မှတ်နေဖို့ပါပဲ။ ဒါကို မေ့လျော့တဲ့အခါ စစ်တပ်ဟာ မိန့်မိန့်ကြီးပြုံးပြီး အရာအားလုံးရဲ့ ဖြစ်ပျက်ကို ရှုကြည့်နေမယ်ဆိုတာ မျက်စိထဲ မြင်ကြည့်ကြပါ။
မာအောင်
The Tanintharyi Times
