ခေတ်တစ်ခေတ်ရဲ့ ပဲ့ကိုင်ရှင် (သို့) Gen-Z
ခေတ်တစ်ခေတ်ရဲ့ ပဲ့ကိုင်ရှင် (သို့) Gen-Z
အပိုမပါတဲ့ အသက်တစ်ချောင်းကို ထာဝရပေးလှူလို့
ရေဆန်ခရီးကို အားမာန်အပြည့် ချီတက်ခဲ့ကြ
စွန့်ခြင်းကြီးဟာ ငါးပါးမကခဲ့ဘူး။
မက်မက်မောမော ဆော့ခဲ့ဖူးတဲ့ ဂိမ်းတွေ
စွဲစွဲမက်မက် တီးခဲ့ဖူးတဲ့ ဂီတာတွေ
တမ်းတမ်းတတ ဖြစ်ခဲ့ဖူးတဲ့ ချစ်ရသူတွေ
အရာအားလုံးကို ပြတ်ပြတ်သားသား ကျောခိုင်းလို့။
ဒီမိုကရေစီ ဆောင်ကြဉ်းရာလမ်းခရီးမှာ
သေနတ်ကိုယ်စီ ပုခုံးပေါ်ထမ်း
စတေးခံ သွေးစက်ကြားက
ကြုံလာသမျှဒုက္ခတွေကို အပြုံးမပျက် ဖြတ်ကျော်လို့။
လျင်မြန်တယ်၊ ဖျတ်လတ်တယ်၊ တက်ကြွတယ်
ရုပ်ခန္ဓာက နုနယ်ပျိုမြစ်သလောက်
ရင့်ကျက်ဖြောင့်မတ်လှတဲ့ စိတ်ထားတွေရယ်
အမှန်တရားကလွဲရင် ကျန်တာဘာမှ မလိုချင်ဘူး။
Gen-Z … တဲ့၊ လူငယ် … တဲ့
ချစ်စနိုးနဲ့ ဘယ်လိုခေါ်ခေါ်
ပြိုင်စံရှားသတ္တိကတော့ တကယ့်ဩချစရာ
ယုံကြည်ရာလမ်း ကြမ်းတမ်းသလောက်
ယုံကြည်ချက်က ခိုင်မာလွန်းလှတယ်။
လူငယ်တွေ… အဲဒီ လူငယ်တွေပေါ့
သမိုင်းမှတ်တမ်းရဲ့ ထိပ်ဆုံးစာမျက်နှာမှာ
ကမ္ဗည်းတင်ထားရမယ့် ခေတ်တစ်ခေတ်ရဲ့ ပဲ့ကိုင်ရှင်တွေ။ ။
ငြိမ်းပန်
The Tanintharyi Times
