လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်ဦးရဲ့မိခင်နဲ့ အင်တာဗျူး
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်ဦးရဲ့မိခင်နဲ့ အင်တာဗျူး
“ဘုရားလက်ထံပဲ အပ်ထားလိုက်ပြီ။ ဘုရား စောင့်ရှောက်ပေးထား မှာပါ။ ကိုယ့်ဆန္ဒကတော့ ကိုယ့်သား ကျန်းမာနေပါစေပေါ့။ ပြီးတော့ အမြန်ဆုံးပြန်လာဖို့ပဲ မျှော်လင့်နေတယ်။”
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ ဖြစ်စဥ်တွေအများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖမ်းဆီးခံရတဲ့ ဒေသခံအများစုကတော့ ရက်သတ္တပတ်တစ်ခုအတွင်းမှာပဲ ပြန်လွတ်လာတာမျိုး အများဆုံးတွေ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးကတော့ တစ်လကျော်ကြာတဲ့အထိ ပြန်လွတ်မလာခဲ့သေးပါဘူး။
အဲ့ဒီဒေသခံတွေ ဘယ်လိုဖမ်းဆီးခံလိုက်ရတာလဲ၊ သူတို့အကြောင်း ဘယ်လိုသတင်းတွေကြားရလဲဆိုတာနဲ့ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုစိုးရိမ်မှုတွေရှိနေလဲ။ ဒါတွေကိုသိရဖို့ ဖမ်းခံရသူတွေထဲက အသက် ၁၈ နှစ် အရွယ်သာရှိသေးတဲ့ လူငယ်ယောကျားလေးနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းကာ ဒီတစ်ပတ်ရဲ့တောင်ပိုင်းသားတို့အသံ အစီအစဉ်ကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး – သားဖြစ်သူက ဘယ်အချိန်ကတည်းက ဖမ်းခံရတာလဲ။ ဘယ်နေရာမှာ ဘယ်သူတွေက ဖမ်းသွားတာလဲ။
ဖြေ – တစ်လကျော်သွားပြီ။ သားက အရင်လ ၉ ရက်နေ့ကတည်းက ဖမ်းသွားခံရတာ။ ဖမ်းခံရတာကတော့ ကလစ်ကြီးရွာနားမှာပဲ။ တောင်သုံးလုံးရွာဘက်မှာ တိုက်ပွဲဖြစ်တော့ ကလစ်ကြီးဘက် သွားရှောင်နေတာ။ ရှောင်နေတာက သားအဖမ်းမခံရခင် သုံးလေးရက် ကတည်းကပါ။ အဲ့နေ့ကတော့ စားစရာလည်းမရှိတော့ ငါးသွားရှာမယ်ဆိုပြီး သွားကြတာ။ အဲဒီအချိန် စစ်သားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းသွားခံရတာ။
မေး – ဘာကြောင့်ဖမ်းဆီးသွားတယ်လို့ ထင်လဲ။ သူတို့ကဘယ်လိုပုံစံဖမ်းခေါ်သွားတာလဲ။
ဖြေ – ဘာအကြောင်းမှ မရှိဘူးလေ။ သူတို့ဖသာ ချောင်းမှာ ငါးဖမ်းနေတာပါ။ အဲ့ဒါကိုတွေ့ပြီး လမ်းကြုံပုံစံမျိုး တခါတည်းဖမ်းသွားတာ။ လူကိုဒိုင်းကာလို လုပ်ပြီး ခေါ်သွားတယ် ပြောတာပဲ။ ဖမ်းတာကလည်း ကြိုးတွေဘာတွေနဲ့ချည်ပြီးခေါ်သွားတာလည်း မဟုတ်ဘူး။ ရိုးရိုးခေါ်သွားတာပဲ။ မြင်တဲ့သူက မြင်လိုက်တယ်။
မေး – သားဖြစ်သူနဲ့အတူ ဆွေမျိုးထဲကလည်းအဖမ်းခံရတယ်လို့ ကြားရတယ်။ ဘယ်သူတွေနဲ့အတူ အဖမ်းခံလိုက်ရတာလဲ။
ဖြေ – တူလေးတစ်ယောက်လည်းပါတယ်။အသက်က ၂၉ နှစ်။ သူတို့ကအတူတူရှိနေတဲ့အချိန် ပါသွားကြတာ။ ကိုယ့်အတွက်တော့ နှစ်ယောက်စလုံးက ကိုယ့်ကလေးတွေလိုပဲလေ။ သူတို့နဲ့အတူတူ နဘေးအိမ်က လင်မယားနှစ်ယောက်ပါသွားတယ်။ သူတို့လင်မယားမှာဆို လူမမယ်အရွယ် သမီးလေးနှစ်ယောက်ကျန်ခဲ့တယ်။ အခုတော့ ဆွေမျိုးတွေကမွေးထားရတယ်။ ကျန်တဲ့သူတွေလည်း ဖမ်းသွားခံရတာရှိတယ် ပြောတာပါပဲ။ ဘယ်နှယောက်လဲဆိုတာတော့ မသိဘူး။ ဆယ်ယောက်တွေ၊ရှစ်ယောက်တွေ အမျိုးမျိုးကြားတာပဲ။ သေချာသိတာတော့ လေးယောက်ပေါ့။ အကုန် အတူတူခေါ်သွားတာ။
မေး – ဖမ်းသွားပြီးနောက်ပိုင်း တခုခုအဆက်အသွယ်ရလား။ သူတို့နဲ့ ပတ်သက်ပြီး ဘယ်လိုသတင်းတွေကြားရတာရှိလဲ။
ဖြေ – ဘာမှကို အဆက်အသွယ်မရပါဘူး။ ဖမ်းသွားပြီးတဲ့နေ့ကတည်းက ပြန်လာမယ်ပဲ ထင်နေတာ။ နေ့တိုင်းမျှော်နေတယ်။ အဲလောက်ထိကြာမယ်လည်း မထင်ဘူး။ သတင်းကတော့ အမျိုးစုံကို ကြားတာပဲ။ သေသွားပြီတို့၊ ရေတွင်းထဲ ပစ်ချလိုက်ပြီတို့၊ သေနတ်ထိပြီးသေနေတယ်တို့ အဲ့လိုသတင်းတွေပဲ ပထမကကြားတယ်။ ပြီးတော့ ဒဏ်ရာရလို့ ဆေးကုနေတယ်ဆိုလည်း ကြားတယ်။ အခုကတော့ ရှိနေတယ်ဆိုတာမျိုး ထပ်ကြားရတယ်။ စစ်သားတွေနားမှာပဲရှိနေတယ် ကြားတာ။ ထိန်းသိမ်းထားတယ် ဆိုတာမျိုး ပေါ့နော်။ အဆက်အသွယ် ကတော့ လုံးဝမရဘူး။
မေး – သားဖြစ်သူနဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်စုံစမ်းတာမျိုးလုပ်ဖြစ်လား။
ဖြေ – အခုက ဘယ်သူမှလည်း မသွားရဲ၊ မလာရဲကြဘူးလေ။ ရွာမှာက လူမနေသေးဘူး။ တော်လှန်ရေးအဖွဲ့တွေနဲ့ မေးတာမျိုးတော့ မရှိပါဘူး။ နီးရာ လိုက်မေးနေတာလောက်ပဲ ရှိတယ်။
မေး – သူတို့ကိုဖမ်းသွားပြီးနောက်မှာ မေတ္တာမြို့ထဲမှာလည်း အရပ်သားအလောင်းတွေ တွေ့တာရှိတယ်။ အဲဒီအပေါ်မှာရော စိုးရိမ်တာရှိလား။
ဖြေ – အရမ်းကို စိတ်ပူတာပေါ့။ သားကပျောက်နေပြီး ကိုယ်က အမေဖြစ်နေတာကိုး။ ကိုယ့်သားလား၊ ကိုယ့်သား ပါသွားလားဆိုတာမျိုးပေါ့။ သတင်းတွေဖတ်ပြီး အမျိုးမျိုးတွေးနေရတာ။ တအားကို စိတ်သောကရောက်တာပေါ့။ နေထိုင်မကောင်းတွေလည်း ဖြစ်တယ်။ ဘယ်သူ့အကူအညီတောင်းရမှန်းလည်း မသိဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိဘူး။ ငိုနေရုံပဲ တတ်နိုင်တယ်လေ။
မေး – လက်ရှိ အန်တီကိုယ်တိုင်ကလည်း စစ်ဘေးရှောင်ဖြစ်နေတယ်လို့ သိရတယ်။ သားဖြစ်သူကလည်း အဆက်အသွယ်မရဘူး။ ဆိုတော့ လက်ရှိမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ။
ဖြေ – အခက်ကတော့ အများကြီးပေါ့။ သူများနေရာမှာဆိုတော့ ဘာမှအဆင်မပြေပါဘူး။ အလုပ်အကိုင်တွေလည်း မရှိဘူးလေ။ ရှိတာကိုရောင်းချပြီး စားနေတယ်။ အဲဒါကုန်သွားရင်တော့ တမျိုးပြန်စဥ်းစားရဦးမှာပေါ့။ သားရှိနေတုန်းကတော့ သူက နေ့စားလိုက်လုပ်နေတာလေ။ သူရှိရင်တော့ သူ့ကိုပဲအားကိုးပြီးနေရတယ်။ အခုတော့ သူများ၊ သူစိမ်းကူညီတာတွေပဲရှိတယ်။
မေး – အန်တီသားနဲ့အတူ ဖမ်းခံရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကရော ဘယ်လိုတွေ စုံစမ်းနေကြလဲ။ သူတို့ရဲ့အခြေအနေလေးလည်း ပြောပြပေးပါ။
ဖြေ – ဖမ်းခံရတဲ့လင်မယားထဲက မိန်းကလေးမှာက အမေကဆုံးသွားပြီ၊ အဖေကခြေကျိုးနေတယ်။ စုံစမ်းဖို့မပြောနဲ့ လမ်းတောင်မလျှောက်နိုင်ဘူး။ အဲ့တော့ စောင့်နေရုံပဲတတ်နိုင်တယ်။ သူတို့လည်း အတူတူပါပဲ။ ဖမ်းသွားတဲ့နေ့ကတည်းက အခုထိ ဘာသတင်းမှကိုမရဘူး။
မေး – အန်တီ့သားကို ဖမ်းသွားသူတွေကို ဒီကနေ ဘာပြောချင်လဲ။
ဖြေ – ဘာမှ မပြောချင်တော့ဘူး။ ဘာပြောရမှာလဲကွယ်။ သူတို့လွှတ်ပေးလို့ မရသေးလို့ မလွှတ်ပေးသေးတာလို့ပဲ ထင်ပါတယ်။ အဲ့လိုပဲဖြစ်မှာပေါ့။ ဘာသတင်းမှ မကြားရတော့ စစ်တပ်ထဲမှာ လို့ပဲ တွက်ထားပါတယ်။ ပြန်လာဖို့ပဲမျှော်လင့်နေတယ်။ ကိုယ်ကတော့ နေတိုင်းဆုတောင်းနေတယ်။ ဘုရားလက်ထံပဲ အပ်ထားလိုက်ပြီ။ ဘုရား စောင့်ရှောက်ပေးထား မှာပါ။ ကိုယ့်ဆန္ဒကတော့ ကိုယ့်သားကျန်းမာနေပါစေပေါ့။ ပြီးတော့ အမြန်ဆုံးပြန်လာဖို့ပဲမျှော်လင့်နေတယ်။
The Tanintharyi Times