AA ထိန်းချုပ်နယ်မြေက စစ်ဘေးရှောင် ငါးသိန်းကျော်ကို အကူအညီပေးဖို့ တိုက်တွန်း

AA ထိန်းချုပ်နယ်မြေက စစ်ဘေးရှောင် ငါးသိန်းကျော်ကို အကူအညီပေးဖို့ တိုက်တွန်း

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင် ငါးသိန်းကျော်ရှိနေပြီး နောင်လာမယ့် မိုးတွင်းကာလမှာ အခြေခံစားသောက်ကုန်နဲ့ အမိုးအကာတွေ လိုအပ်လာနိုင်လို့ အကူအညီပေးကြဖို့ AA ဘက်က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင် ငါးသိန်းကျော်ထဲမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းခန့်ရှိတယ်လို့ AA ကဆိုပါတယ်။

အဲ့ဒီထဲမှာ ၈၀ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေ ဖြစ်ပြီး ရခိုင်လူမျိုးနဲ့ တခြားလူနည်းစု ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ရှောင်ပြည်သူ ၅ သိန်းကျော်ကို လက်ရှိမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာတွေနဲ့ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပေမယ့် နောင်လာမယ့် မိုးတွင်းကာလမှာ အခြေခံအစားအစာတွေ၊ ကလေးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အပြင် အမိုးအကာ ၊ အိမ်သာတွေ အရေးတကြီးလိုအပ်နေတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စေတနာရှင်အဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ အလှူရှင်များက ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဘက်က ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ ရခိုင်ဒေသရဲ့ လက်ရှိအခြအနေအပေါ် လိုရာဆွဲ ပြောဆိုရေးသားမှုတွေ ခပ်စိပ်စိပ်တွေ့မြင်လာနေရပေမယ့် ဘယ်လိုပဲ ပြောဆိုရေးသားနေပါစေ AA အနေနဲ့ မိမိတို့ရဲ့ ရပ်တည်ချက်နဲ့ တာဝန်ဝတ္တရားအတိုင်း ပြည်သူ့ဝန်ဆောင်မှုအပိုင်းမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပါတယ်လို့လည်း ပြောဆိုထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ ၊သတင်းဌာနတွေ အနေနဲ့ AA အပေါ် တဖက်သတ် အပြစ်တင်နေမယ့်အစား ပြည်သူကို အကာအကွယ်ပေးနေတဲ့ AA နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းကသာ ဒေသတွင်း အတူနေလူမျိုးများ အချင်းချင်းကြား သဟဇာတဖြစ်ရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာတွေကို အထောက်အကူပြုစေမှာ ဖြစ်တယ်လို့ AA က တုံ့ပြန်ပြောဆိုထားပါတယ်။

ရခိုင်ဒေသတွင်းမှာ တပ်စခန်းတွေ စွန့်ခွာပြီး လက်နက်တွေနဲ့ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်တွေရဲ့ အန္တရာယ်ကို စစ်ရှောင်ပြည်သူတွေ သတိထားကြဖို့နဲ့ စစ်ကောင်စီဟာ စစ်ဘက် အရပ်ဘက် ပစ်မှတ်မခွဲခြားပဲ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ စစ်ရေးသတိအပြည့်နဲ့ နေထိုင်ကြဖို့ AA က တိုက်တွန်းထားပါတယ်။

The Tanintharyi Times