နိုင်ငံတကာရောက်အဖွဲ့အစည်းတချို့က စစ်ကောင်စီအလိုကျ ပြောဆိုနေတယ်လို့ AA တုန့်ပြန်
နိုင်ငံတကာရောက်အဖွဲ့အစည်းတချို့က စစ်ကောင်စီအလိုကျ ပြောဆိုနေတယ်လို့ AA တုန့်ပြန်
အာရက္ခတပ်တော် AA ဟာ ဘူးသီးတောင်မြို့ရှိ အရပ်သားပြည်သူတွေအပေါ်မှာ ဒရုန်းဗုံးတွေ ပစ်ချတာကြောင့် ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာပြီးနောက် ဒီပြောဆိုမှုတွေဟာ နိုင်ငံတကာရောက်အဖွဲ့အစည်းတချို့က စစ်ကောင်စီအလိုကျ ပြောဆိုနေတယ်လို့ AA ဘက်က တုံ့ပြန်ပါတယ်။
အဆိုပါ ပြောဆိုမှုတွေဟာ ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုတွေနဲ့ ဒေသခံ ရိုဟင်ဂျာပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုတွေ တမင်ပျက်ပြားအောင် ရည်ရွယ်ပြီး စစ်ကောင်စီ အာဘော်နဲ့ တူညီတဲ့ စကားကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပြောဆိုနေတာလို့ AA ဘက်က ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်က မွတ်ဆလင်တွေ၊ RSO ၊ ARSA ၊ ARA နဲ့ အစွန်းရောက်မွတ်ဆလင်လူငယ် အရေအတွက် အများအပြားကို စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးခဲ့ပြီး စစ်ကောင်စီနဲ့ စစ်ရေးအတူ ပူးပေါင်းဆောင်ရွက်ကာ ရခိုင်ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားစေဖို့ နည်းမျိုးစုံနဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကို သတိထားဖို့၊ တိုက်ပွဲဧရိယာနဲ့ နီးစပ်တဲ့ဒေသတွေမှာ တိုက်ပွဲထဲ ပိတ်မိမနေစေဖို့ စစ်ပွဲဇုန်အတွင်းမှာ ဘေးလွတ်ရာနေရာကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံးပြောင်းရွှေ့ထားဖို့ ထပ်မံတိုက်တွန်းတယ်လို့ AA ဘက်က ဆိုပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ သံတွဲဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းထားကြဖို့နဲ့ စစ်ပွဲအန္တရာယ်ဇုန်ထဲ ပိတ်မိနေရင် AA ထံကို အချိန်မရွေးဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ ပြောဆိုထားပါတယ်။
စစ်တွေ ၊ ကျောက်ဖြူ စတဲ့ မြို့တွေဆီက ပြည်သူတွေကို တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ပွဲနဲ့ ကင်းလွတ်ရာ AA ထိန်းချုပ်ဒေသတွေဆီ ယာယီပြောင်းရွှေ့နေထိုင်လိုသူတွေကို ပြောင်းရွှေ့ပေးထားခဲ့တယ်လို့ AA က ဆိုပါတယ်။
ဘူးသီးတောင်၊ မောင်တောမြို့တွေမှာလည်း တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်အသိပေးကာ စစ်ပွဲနဲ့ ကင်းလွတ်ရာဒေသကို ကူညီကယ်ထုတ်ပေးနေသလို အခုလည်း ကူညီကယ်ထုတ်နေဆဲ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်အနေနဲ့ တိုက်ပွဲဖြစ်တဲ့ဒေသက ဒေသခံတွေကို စစ်ပွဲနဲ့ ဘေးလွတ်ရာနယ်မြေ အရေးပေါ်ပြောင်းရွှေ့ပေးတဲ့အခါမှာ လူမျိုးမရွေး၊ ဘာသာမရွေး အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ဟာ ဘူးသီးတောင်ရှိ ရိုဟင်ဂျာတွေ နေရပ်ရွှေ့ပြောင်းရမယ့် အလားအလာရှိနေတာကို စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ စစ်ကောင်စီနဲ့ AA နှစ်ဖွဲ့စလုံးကို တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေး အဖွဲ့တွေနဲ့ လက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအသင့်ရှိနေသလို ဘူးသီးတောင်၊ မောင်တောဒေသရဲ့ လက်ရှိအရေးကိစ္စနဲ့ ပတ်သက်ပြီး မြေပြင်ပကတိအခြေအနေကို မှန်မှန်ကန်ကန် သိရှိစေဖို့ AA ထံ အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
AA အနေနဲ့လည်း ဘက်မလိုက်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို အတူပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
The Tanintharyi Times
