ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ရုရှား နဲ့ စစ်ကောင်စီပူးပေါင်းမှု တရုတ်အမျက်ရှ

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ရုရှား နဲ့ စစ်ကောင်စီပူးပေါင်းမှု တရုတ်အမျက်ရှ

မကြာသေးမီက ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် မြန်မာစစ်ကောင်စီက ရုရှားကို ရွေးချယ်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီဆိပ်ကမ်းတည်ဆောက်မှုအတွက် အထူးစိတ်ဝင်စားကြောင်း အတိအလင်း ဖော်ပြထားတာဖြစ်လို့ အခုလို မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု ဟာ တရုတ်အစိုးရအတွက် ဘဝင်မကျစရာ ဖြစ်နေတယ်လို့ အိန္ဒိယ အခြေစိုက် Economic Times ကဖော်ပြထားပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရတွေအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းက ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ထားဝယ် ရေနက်ဆိပ်ကမ်းမှာ တန်ချိန် ၂ သိန်းနဲ့အထက် သင်္ဘောတွေရပ်နားနိုင်မယ့် ဆိပ်ကမ်းတစ်ခုကိုရုရှား နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ မတ်လတုန်းကပြုလုပ်ခဲ့တဲ့ ရုရှား သတင်းဌာန ITAR-TASS Media ပြုလုပ်တဲ့ အင်တာဗျူး မှာ ပြောကြားခဲ့ပါတယ်။

“ထားဝယ်ဒေသမှာဆို မောင်းမကန်ပင်လယ်ကမ်းခြေက နာမည်ကြီးပါတယ်၊ နောက်တစ်ခါ အနာဂတ်အတွက် အမြော်အမြင်ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်လို့ရတဲ့အနေအထားရှိတယ်၊ အဲဒါကတော့ တန်ချိန် ၂ သိန်းနဲ့အထက် သင်္ဘောတွေ၊ ကျွန်တော်တို့ရပ်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကျွန်တော်တို့ လုပ်နေတာရှိပါတယ်၊ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။” လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီ နဲ့ ရုရှား တို့ ပူးပေါင်းလုပ်ဆောင်မယ့် ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်း အဆိုပြုချက်ထဲမှာ ဆိပ်ကမ်းရဲ့ ခံနိုင်ဝန်က တန်ချိန် ၁၀ သန်း ရှိမှာ ဖြစ်ပြီး တစ်ရက်ကို စည်ပေါင်း တစ်သိန်း ထုတ်လုပ်နိုင်တဲ့ ရေနံချက် စက်ရုံတစ်ခုတည်ဆောက်မယ့် အစီအစဥ်လည်း ပါဝင်တယ်လို့ Economic Times ရဲ့ သတင်းမှာဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဟာ ရုရှားအစိုးရနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေတာဟာ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်သာမက ရေနံစက်ရုံ အပါအဝင် အထူးစီးပွားရေးဇုန်အတွက် ရုရှားရင်းနှီးမြှုပ်နှံမှု ရရှိနိုင်ရေးအတွက် ဖြစ်ပါတယ်။

▪️ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ မဟာဗျူဟာမြောက် အရေးပါမှု

ကပ္ပလီပင်လယ်ပြင်တလျှောက် မြန်မာ့အရှေ့ဘက်ကမ်းရိုးတန်းရှိ တနင်္သာရီတိုင်းမှာ တည်ရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ အပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ (GMS) နိုင်ငံတွေရဲ့ ၀င်ပေါက်တစ်ခုဖြစ်နေသလို ဘန်ကောက်နဲ့လည်း နီးတာကြောင့် ထိုင်းနိုင်ငံရဲ့ကုန်စည်မျိုးစုံ ကူးသန်းရောင်းဝယ်ရေးအတွက် အထူးအရေးပါတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မြန်မာနိုင်ငံ ထားဝယ်မြို့ဟာ ကီလိုမီတာ ၃၀၀ သာ ကွာဝေးပြီး နှစ်လမ်းသွား အဝေးပြေးလမ်းမကြီးနဲ့ ချိတ်ဆက်ထားပါတယ်။

ဒါ့ကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီးတဲ့အခါ အရှေ့တောင်အာရှရဲ့ အရေးအပါဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်လာဖို့ အလားအလာများပါတယ်။

နှစ်စဉ် ကုန်တင်ကုန်ချ မက်ထရစ်တန် ၁၀၀ ကျော်ကို ကိုင်တွယ်နိုင်စွမ်းနဲ့အတူ မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အာဖရိကနိုင်ငံတွေကို အဆိုပါ ဆိပ်ကမ်းကနေ ချိတ်ဆက်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

▪️ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လာခြင်း

မြန်မာစစ်ကောင်စီနဲ့ ရုရှားပူးပေါင်းဆောင်ရွက်မှုတွေဟာ စီးပွားရေးနဲ့ စစ်ရေး ကဏ္ဍတွေမှာ သာမန်ထက်ပိုတဲ့ ပူးပေါင်းမှုတွေ တွေ့လာရပါတယ်။ နှစ်နိုင်ငံအကြား သန်းနဲ့ချီ တန်ကြေးရှိတဲ့ သဘောတူညီချက်တွေ အပါအဝင် စစ်ရေးလေ့ကျင့်မှုနဲ့ လက်နက်ကိရိယာမျိုးစုံ ထောက်ပံ့ပေးမှုအထိ အရှိန်မြှင့်တင်လာပါတယ်။

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားရောက်ကာ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်ရေး၊ ရေနံချက်စက်ရုံတွေ တည်ဆောက်‌ရေးနဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းအများအပြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

မနှစ်က စစ်ကောင်စီအတွက် လေယာဥ်ဆီတင်ပို့မှုကို ရုရှားဘက်က မြှင့်တင်ခဲ့ပြီး စစ်ရေးအခြေခံ အကူအညီတွေ အမြောက်အများ ပေးအပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လကနေ ဇွန်လအတွင်း ရုရှားရဲ့ ရေနံစိမ်းစည်ပေါင်း ၈ သန်းကျော် မြန်မာနိုင်ငံကို တင်သွင်းခဲ့တယ်လို့ မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှု လေ့လာသူတွေက မှတ်တမ်းတင်ခဲ့ကြပါတယ်။
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုဟာ ၁၀၂၇ စစ်ဆင်ရေး အပြီးမှာ ပိုမိုအားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

ရုရှားက မြန်မာစစ်ကောင်စီအတွက် စနိုက်ပါနဲ့ ဒရုန်းလေ့ကျင့်ရေးသင်တန်းတွေ‌ ထောက်ပံ့ထားတဲ့အပြင် အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုတွေ ပေးအပ်ဖို့လည်း စီစဥ်နေတယ်လို့ Economic Times မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ရေတပ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့ သွားရောက်ခဲ့တဲ့ စစ်တွေ ရေတပ်စခန်း ဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ်မှာလည်း အမေရိကန်ဒေါ်လာ ၃၅ သန်းတန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၃ နိုဝင်ဘာလက ပထမဆုံးအကြိမ် ရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်ခန်းကို ရုရှားအကူအညီနဲ့ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတင်ပို့နေတဲ့ နိုင်ငံစာရင်းမှာ ရုရှားက ထိပ်ဆုံးကပါဝင်နေပြီး ကန် ဒေါ်လာ ၄၀၆ သန်းတန်ကြေးရှိ Sukhoi တိုက်လေယာဉ်တွေနဲ့ ဒုံးပစ်လောင်ချာတွေကို ပံ့ပိုးနေပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဒီကနေ့ထိ မင်းအောင်လှိုင်က ရုရှားကို သုံးကြိမ်ထက်မနည်း သွားရောက်ခဲ့သလို ၂၀၂၂ ခုနှစ်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation- SCO) ရဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာပါတယ်။

အစီရင်ခံစာတွေအရ ရုရှားဟာ မြန်မာစစ်ကောင်စီကို စနိုက်ပါနဲ့ ဒရုန်းတွေ ပံ့ပိုးပေးတဲ့နေရာမှာ ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီတွေ ဖြစ်တဲ့ Wagner နဲ့ Vega Strategic Services တို့ကနေတဆင့် ဆောင်ရွက်နေတဲ့အပြင် ကုမ္ပဏီတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ မြန်မာစစ်တပ်အတွက် စစ်မြေပြင်ထဲအထိ လိုက်လံလေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုတွေ ပေးအပ်ရာမှာတော့ ရုရှားနျူကလီးယားကုမ္ပဏီဖြစ်တဲ့ ROSATOM က လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ရုရှားရဲ့ ကူညီပံ့ပိုးမှုနဲ့ နျူကလီးယား နည်းပညာနဲ့ သတင်းအချက်အလက်စင်တာ တစ်ခုလည်း ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။

▪️အိန္ဒိယရဲ့သဘောထား

မြန်မာနိုင်ငံရဲ့ သယံဇာတအများအပြား တူးဖော်ထုတ်ယူနေတဲ့ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်စီမံကိန်းကြီးတွေမှာသာမက ဘင်္ဂလားပင်လယ်အော်ဒေသမှာပါ တရုတ်က သြဇာလွှမ်းနေချိန် မြန်မာစစ်ကောင်စီနဲ့ ရုရှား နီးနီးကပ်ကပ်ရှိနေတာကို အိန္ဒိယနိုင်ငံအနေနဲ့ သဘောတွေ့နိုင်ပါတယ်။

တရုတ်သြဇာကို ကျော်ပြီး မြန်မာ-ရုရှား ပူးပေါင်းမှုဟာ အမျိုးသား လုံခြုံရေးအတွက် ဘင်္ဂလားပင်လယ်အော်ဒေသတည်ငြိမ်ရေးကို ကာလကြာရှည် အထူးအာရုံစိုက်နေတဲ့ အိန္ဒိယအတွက်တော့ အကျိုးစီးပွားဆိုင်ရာ အမြတ်အစွန်းတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ။

ဒါ့အပြင် အိန္ဒိယက မြန်မာကို အကူအညီပေးနေတဲ့ ရေငုပ်သင်္ဘောတွေဟာ ရုရှားနိုင်ငံထုတ်တွေ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ရုရှားကုမ္ပဏီတွေဟာ သီရိလင်္ကာမှာ ရှိတဲ့ တရုတ်ထိန်းချုပ်မှုအောက်က ဟမ်ဘန်တိုတာဆိပ်ကမ်းအနီးက လေဆိပ်တစ်ခုကိုလည်း ပူးပေါင်းစီမံဖို့ လုပ်ဆောင်ခဲ့ပါတယ်။

▪️တရုတ် ရဲ့ အမျက်ရှမှု

အရင်က တရုတ်က ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပေမယ့် ယခုအခါမှာတော့ အိန္ဒိယ တည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းအနီးက ကျောက်ဖြူရေနက်ဆိပ်ကမ်းတစ်ခုတည်းအတွက်ပို အာရုံပိုစိုက်လာတယ်လို့ Economic Times ကဖော်ပြပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အားကောင်းနေချိန်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့အကြား ဆွေးနွေးမှုတွေဟာ တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့အကြား သ‌ဘောထားတင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မယ့် အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ကျောက်ဖြူမြို့မှာရှိတဲ့ တရုတ်ပိုင်စီမံကိန်းတွေကို အကျိုးအမြတ်လျော့ကျစေမှာကို တရုတ်က စိုးရိမ်နေတဲ့အပြင် ဒေသတွင်း ကမ္ဘာ့ကုန်သွယ်မှု အရှိန်အဟုန်အပေါ် သက်ရောက်နေတဲ့ တရုတ်ရဲ့ သြဇာ ထိခိုက်သွားမှာကို တရုတ်အစိုးရက ပူပန်နေပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် စစ်ကောင်စီဘက်က ရုရှားကို လိုလားကြောင်းပြသနေတာဟာ တရုတ်အစိုးရကို လျစ်လျူရှုကြောင်း ဖော်ပြနေတာဖြစ်လို့ တရုတ်အနေနဲ့ ကျေနပ်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ကိုးကား - Economic Times ၊ Swarayja မဂ္ဂဇင်း
Economic Times - Myanmar in talks with Russia to build deepsea port & oil refinery upsetting
Swarayja - China’s Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project

(ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times