ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်

ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရေနက်ဆိပ်ကမ်းဘက်ကိုဦးတည်ပြီး ရှမ်းလမ်းအတိုင်း မြေတင်ကားတွေ၊ ခြေလျင်စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော်ဝင်ရောက်လာခဲ့ပါတယ်။

မနက် ၇ နာရီဝန်းကျင်လောက်မှာတော့ ရေနက်ဆိပ်ကမ်းကို ဝင်တဲ့ရှမ်းလမ်းပေါ်က ကမ်းတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စိန်ပြောင်းတွေနဲ့ပါ ကြားဖြတ်ပစ်တယ်ကြားတယ်။ နှစ်ဖက်ပစ်ကြတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ခန့်ကြာ ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က လမ်းတလျှောက် လက်နက်ကြီးငယ်တွေပစ်ခတ်ပြီး ရေနက်ဆိပ်ကမ်းဘက်ကို ဆက်ဝင်သွားတယ်လို့သိရပါတယ်။

ဒီနေ့နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ ရေနက်ဆိပ်ကမ်းက တပ်စခန်းငယ်ကို ရောက်ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေ အခုရောက်ရှိနေတဲ့ တပ်စခန်းငယ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က တနင်္သာရီတိုင်းရဲ့ ပထမဆုံးလေကြောင်းအသုံးပြုတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေတာကြောင့် နဘုလယ်ဒေသခံတွေက နေအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့သိရပါတယ်။

The Tanintharyi Times