အမျိုးသားနေ့အမည်ခံပြီး ထားဝယ်အမျိုးသားတွေအပေါ် သစ္စာဖောက်တဲ့လုပ်ရပ်
အမျိုးသားနေ့အမည်ခံပြီး ထားဝယ်အမျိုးသားတွေအပေါ် သစ္စာဖောက်တဲ့လုပ်ရပ်
စတုတ္ထကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားဆိုပြီး ဒီဇင်ဘာလ ၄ ရက်နေ့က ထားဝယ်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးပို့တဲ့ သဝဏ်လွှာကို တရေးတယူဖတ်ကြားခဲ့ကြပြီး အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကရင်ဝန်ကြီးမာတင်လူသာနဲ့ အခြားဝန်ကြီးတွေ၊ စစ်ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။
အဲဒီအခမ်းအနားကို အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းဌာနတွေဖြစ်တဲ့ MRTV၊ MWD၊ မြန်မာအလင်းတွေအပြင် ပြန်/ဆက်ဌာနတွေရဲ့ Facebook စာမျက်နှာတွေမှာပါ တခမ်းတနားဖော်ပြခဲ့ကြပါတယ်။ လက်ရှိအချိန်ဟာ မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အာဏာရှင်ကို ထားဝယ်သူ၊ ထားဝယ်သားတွေအပါအဝင် တစ်နိုင်ငံလုံးက ရရာနည်းလမ်းနဲ့တော်လှန်နေကြတဲ့အချိန်ဖြစ်ပါတယ်။
အာဏာသိမ်းပြီးခါစအချိန်က အကြမ်းမဖက်လူထုလှုပ်ရှားမှုနည်းလမ်းနဲ့တော်လှန်ခဲ့ကြပါတယ်။ နိုင်ငံသားအခွင့်အရေးအရ ငြိမ်းချမ်းစွာလမ်းပေါ်ထွက်လာကြတဲ့ပြည်သူတွေကို ကျည်အစစ်တွေအသုံးပြုကာ အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထားဝယ်မြို့မှာ လေးဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ ထားဝယ်ခရိုင်မှာသေဆုံးသူဆယ်ချီရှိနေပါပြီ။
တစ်နိုင်ငံလုံးမှာဆိုရင် သေဆုံးခဲ့ရတဲ့ပြည်သူ ၁၃၀၀ ကျော်ရှိနေပါပြီ။ ဒီလိုမျိုးပြည်သူလူထုကို ရန်သူလိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်တဲ့ စစ်တပ်ကို ပြည်သူလူထုက နည်းမျိုးစုံနဲ့တော်လှန်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ထားဝယ်အမျိုးသားနေ့ဆိုတဲ့ အခမ်းအနားမှာတော့ တစ်နိုင်ငံလုံးကတော်လှန်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီး စစ်တပ်ရဲ့အပေါင်းအပါတွေကိုပါ တက်ရောက်ခွင့်ပြုခဲ့တာက ထားဝယ်သူ၊ ထားဝယ်သားတွေကို စော်ကားတယ်လို့ ရှုမြင်ပါတယ်။
ဒီနေရာမှာ တစ်ခုမေးစရာပေါ်လာတာက ထားဝယ်အမျိုးသားနေ့နဲ့ ထားဝယ်အမျိုးသားအလံဆိုတာကို အသိမှတ်ပြုလက်ခံတဲ့ ထားဝယ်သားဘယ်လောက်ရှိသလဲဆိုတာပါ။ ထားဝယ်အမျိုးသားနေ့နဲ့ ထားဝယ်အမျိုးသားအလံက ထားဝယ်သူ၊ ထားဝယ်သားအားလုံးကိုကိုယ်စားပြုတယ်ပဲဆိုပါစို့။
ထားဝယ်လူထုသိန်းနဲ့ချီပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ဆန္ဒပြနေတဲ့အချိန်က ထားဝယ်လူထုရဲ့အရှေ့မှာ ထားဝယ်အမျိုးသားအလံဟာ အဘယ်ကြောင့် မားမားမတ်မတ်ထွက်မပေါ်ခဲ့တာပါလဲ။ သိရသလောက် ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ထားဝယ်အမျိုးသားအလံကို လူတစ်ဦးစ၊ နှစ်ဦးစကပဲ ကိုင်ဆောင်လိုက်ပါခဲ့တာတွေ့ရပါတယ်။
ရန်ကုန်ရောက်ထားဝယ်တွေရဲ့ သပိတ်စစ်ကြောင်းတချို့မှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။သေချာတာက ထားဝယ်အမျိုးသားအလံ၊ ထားဝယ်အမျိုးသားနေ့တွေကို သတ်မှတ်ရာမှာ ဦးဆောင်ပါဝင်ပြီး ထားဝယ်အမျိုးသားနေ့အခမ်းအနားကိုဦးဆောင်ကျင်းပခဲ့တဲ့ ထားဝယ်လူမျိုးစုစည်းမှုကော်မတီကတော့ ထားဝယ်လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တာမျိုးမတွေ့ရပါဘူး။
ဒါပေမယ့် တစ်ဖက်မှာတော့ အမျိုးသားနေ့အခမ်းအနားမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ စစ်ကောင်စီရဲ့အပေါင်းအပါတွေကို အရေးတယူတက်ရောက်ခွင့်ပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အချုပ်ပြောရရင် တစ်နိုင်ငံလုံးနည်းတူ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ထားဝယ်သူ၊ ထားဝယ်သားတွေကို မျက်ကွယ်ပြုပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို အသိမှတ်ပြုခဲ့တဲ့လုပ်ရပ်ဟာ ထားဝယ်သူ၊ ထားဝယ်သားတွေအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မှတ်ယူကြောင်း ရေးသားဖော်ပြအပ်ပါတယ်။