စစ်ကောင်စီလက်အောက်ကဘဏ်တွေအပေါ် သူတို့ဘယ်လို သဘောထားလဲ
စစ်ကောင်စီလက်အောက်ကဘဏ်တွေအပေါ် သူတို့ဘယ်လို သဘောထားလဲ
“ငွေကြေးခဝါချမှုကို အဓိက ကျူးလွန်နေတဲ့ အဓိကလူတွေက သူများကို ငွေကြေးခဝါချမှုဆိုပြီး အကောင့်ပိတ်တာက နည်းနည်းတော့ ရီစရာကောင်းတယ်။”
စစ်ကောင်စီလက်အောက်က ဘဏ်တွေမှာ အပ်ငွေထုတ်မရတာနဲ့ လိုတာထက်ပိုပြီးထုတ်ယူသူကိုလည်း စောင့်ကြည့်မယ်ဆိုတဲ့သတင်းတွေကြောင့် ဘဏ်မှာငွေအပ်နှံ့ထားသူတွေနဲ့ ဘဏ်ကို အသုံးပြုသူတွေကြားမှာ ဝေဖန်သံတွေ မြှင့်တက်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဘဏ်ထဲက ကိုယ့်ရဲ့အပ်ငွေတွေကို လိုသလို ထုတ်ယူမရတဲ့ ပြဿနာနဲ့ ပြည်သူတွေ ရင်ဆိုင်နေရတာ အခုဆို သုံးနှစ်ထဲ ရောက်လာပါပြီ။ ဒီအခြေအနေမှာ တနင်္သာရီတိုင်းထဲက ပြည်သူတွေကကော စစ်ကောင်စီလက်အောက်က ဘဏ်တွေအပေါ် ဘယ်လို သဘောထားအမြင်ရှိနေပါသလဲ၊ တနင်္သာရီတိုင်းမ်က မေးမြန်းပြီး တောင်ပိုင်းသားတို့အသံကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
မြိတ်မြို့ခံအမျိုးသားတစ်ဦး
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေမှာ ငွေအပ်ဖြစ်လား။
ဖြေ - မအပ်ဖြစ်ဘူး။ အယုံကြည်မရှိလို့။ အရင်တစ်ခါငွေထုပ်တာကြပ်သွားပြီး ကတည်းကရှိသမျှ ပိုက်ဆံအကုန်ထုတ်လိုက်တာ။ ကမ္ဘောဇကော ဧရာကော။
မေး - ဘဏ်တွေမှာ ကိုယ့်အပ်ငွေကို လိုသလောက်ထုတ်မရတာနဲ့ ဘဏ်အကောင့်တွေရုတ်တရက်ပိတ်ခံလိုက်ရတဲ့ကိစ္စတွေအပေါ် ဘယ်လိုမှတ်ချက်ချချင်လဲ။ ဒါတွေက ဘာကြောင့်ဖြစ်လာတယ်ထင်လဲ။
ဖြေ - တစ်ချက်က စစ်ဖြစ်ရင်ငွေဆုံးရှုံးမှာကြောက်လို့ထုတ်ကြတာ။ ဘဏ် Acc တွေကငွေလွဲများရင်လည်း ပိတ်တယ်။ သူတို့ကpdfထောက်ပံ့တယ် ထင်ပြီးပိတ်တာ။ ခုကအပေါ်ဖက်တွေမှာ စစ်ဖြစ်များတော့လူတွေကငွေထုတ်များလာတယ်။ ငွေတွေအကုန်ထုတ် ရင်ဘဏ်ကပြိုလဲသွားမှာ။ သူတို့ကလည်း သူတို့ဘဏ်မပြိုလဲအောင်ထုတ်မပေးတဲ့သဘောပါ။ ဘဏ်ဆိုတာကတစ်ခုတည်းရပ်တည်နေလို့ရတဲ့အရာမဟုတ်ဘူးလေ။
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေကယုံကြည်စိတ်ချရမယ်ထင်လား။
ဖြေ - ဘဏ်ဆိုတာကတက်လာတဲ့လူရဲ့ အမိန့်အောက်မှာပဲ အလုပ်လုပ်လို့ရတာလေ။ ပိတ်ချပစ်လို့ရတာမဟုတ်ဘူး။ စိတ်မချရလည်း ရောင်နီကမြင်နေပြီဆိုတော့ ဒီအရေးပြီးရင်လူတွေကို ကိုယ့်ငွေပြန်ရအောင်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ဒီလိုမှမဟုတ်ရင် ဘဏ်စနစ်ကိုလူထုကမုန်းသွားလိမ့်မယ်။
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေမှာ အပ်ငွေကို လိုတာထက်ပိုပြီးထုတ်ယူမယ်ဆိုရင် ထုတ်ယူတဲ့ရည်ရွယ်ချက်နဲ့ ဘယ်နေရာတွေမှာသုံးနေတယ်ဆိုတာမျိုး တာဝန်ရှိသူတွေက သံသယထားစောင့်ကြည့်မယ်လို့ပြောထားတယ်။ ဒီပြောဆိုချက်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဒါကတော့Pravicyကိုထိခိုက်တာပေါ့နော်။ လူအခွင့်ရေးထိပါးစော်ကားတာပေါ့။ ဒီတစ်ချက်ကိုတော့လုံးဝရှုပ်ချတယ်။ ဥပမာလူတစ်ယောက်က ကိုယ့်ပစ္စည်းဝယ်လို့ သူခိုးလိုလိုစိုက်ကြည့်ခံနေရတာ ဘယ်သူမှနှစ်သက်လိမ့်မယ်လို့မထင်ဘူး။ ဒါကိုတော့ကျနော်တို့ရှုပ်ချသင့်တယ်။ အခြေနေတစ်ခုရောက်ရင်တော့ဒီလိုကိစ္စတွေကိုထိထိရောက်ရောက်အရေးယူပေးဖို့မျှော်လင့်ပါတယ်။ ပြီးတော့ထည့်လိုက်တဲ့ငွေတိုင်းက လူတိုင်းရဲ့ချွေးတွေ နဖူးကနေခြေမထိကျအောင်ရှာရတဲ့လူတွေရဲ့ပိုက်ဆံလည်း ပါလို့ ထိထိရောက်ရောက်အရေးယူပေးဖို့မျှော်လင့်တာပေါ့နော်။
ဘဏ်အကောင့်ပိတ်ခံထားရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေမှာ ငွေအပ်ဖြစ်လား။
ဖြေ - ငွေက မအပ်ဖြစ်တော့ပါဘူး။ အဓိက က စစ်ကောင်စီ လက်အောက်ခံ ဘဏ်တွေဟာ လုံခြုံရေး အာမခံချက် ဘာမှ မပေးနိုင်တော့ဘူး။
မေး - ဘဏ်တွေမှာ ကိုယ့်အပ်ငွေကို လိုသလောက်ထုတ်မရတာနဲ့ ဘဏ်အကောင့်တွေရုတ်တရက်ပိတ်ခံလိုက်ရတဲ့ကိစ္စတွေအပေါ် ဘယ်လိုမှတ်ချက်ချချင်လဲ။ ဒါတွေက ဘာကြောင့်ဖြစ်လာတယ်ထင်လဲ။
ဖြေ - အကြောင်းပြချက် ရေရေရာရာ မရှိဘဲဘဏ်အကောင့်တွေကို ပိတ်ချင်တိုင်းပိတ်တာတွေရှိတယ်။ သူတို့အဓိက ပြောတာတော့ ငွေကြေးခဝါချမှုတဲ့။ ငွေကြေးခဝါချမှုကို အဓိက ကျူးလွန်နေတဲ့ အဓိကလူတွေက သူများကို ငွေကြေးခဝါချမှုဆိုပြီး အကောင့်ပိတ်တာက နည်းနည်းတော့ ရီစရာကောင်းတယ်။
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေကယုံကြည်စိတ်ချရမယ်ထင်လား။
ဖြေ - မထင်ပါဘူး။ အဓိက က စစ်ကောင်စီကို မယုံကြည်တဲ့အတွက် စစ်ကောင်စီလည်ပတ်တဲ့ ဘယ်ယန္တရားကိုမဆို မယုံကြည်နိုင်လို့ပါ။
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေမှာ အပ်ငွေကို လိုတာထက်ပိုပြီးထုတ်ယူမယ်ဆိုရင် ထုတ်ယူတဲ့ရည်ရွယ်ချက်နဲ့ ဘယ်နေရာတွေမှာသုံးနေတယ်ဆိုတာမျိုး တာဝန်ရှိသူတွေက သံသယထားစောင့်ကြည့်မယ်လို့ပြောထားတယ်။ ဒီပြောဆိုချက်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - အခုလိုမျိုးတွေ လုပ်နေတာက တော်လှန်ရေးတပ်ဖွဲ့တွေဆီ ငွေကြေးစီးဆင်းတာ ဖြတ်တောက်ချင်လို့ပဲ ထင်တယ်။

ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေကြေးအပ်နှံထားတဲ့ ထားဝယ်မြို့ခံတစ်ဦး
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေမှာ ငွေအပ်ဖြစ်လား။
ဖြေ - ပုဂ္ဂလိကဘဏ်မှာပဲအပ်ပါတယ်။ အစိုးရဘဏ်က ပုဂ္ဂလိကဘဏ်တွေလောက် ဝန်ဆောင်မှုမကောင်းဘူး။ လုပ်ငန်းစဉ်တွေလည်း ကြာတယ်။ ဝန်ထမ်းတွေကလည်း ဆက်ဆံရေးမကောင်းဘူး။
မေး - ဘဏ်တွေမှာ ကိုယ့်အပ်ငွေကို လိုသလောက်ထုတ်မရတာနဲ့ ဘဏ်အကောင့်တွေရုတ်တရက်ပိတ်ခံလိုက်ရတဲ့ကိစ္စတွေအပေါ် ဘယ်လိုမှတ်ချက်ချချင်လဲ။ ဒါတွေက ဘာကြောင့်ဖြစ်လာတယ်ထင်လဲ။
ဖြေ - တကယ်က ပုံမှန်အတိုင်းလည်ပတ်နေရင် ဘာပြသနာမှ မရှိဘူး။ လူတွေက ကောလဟာလတွေကို ကြားပြီး အလုအယက်ထုတ်ကြတော့ အပ်ငွေတွေ လိုသလောက်ထုတ်လို့မရ ဖြစ်သွားတာပါ။ ဘဏ်အကောင့်တွေ ရုတ်တရက်ပိတ်ခံရတာကတော့ စကစ ရဲ့ ဖိအားတွေကြောင့်ဖြစ်မယ် ထင်တယ်။
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေကယုံကြည်စိတ်ချရမယ်ထင်လား။
ဖြေ - အခုအခြေအနေမှာ သိပ်တော့ စိတ်ချမရဘူးလို့ ထင်တယ်။ သူတို့က မလုပ်ရဲတာ ဘာမှမရှိဘူးလေ။
မေး - စစ်ကောင်စီလက်အောက်ကဘဏ်တွေမှာ အပ်ငွေကို လိုတာထက်ပိုပြီးထုတ်ယူမယ်ဆိုရင် ထုတ်ယူတဲ့ရည်ရွယ်ချက်နဲ့ ဘယ်နေရာတွေမှာသုံးနေတယ်ဆိုတာမျိုး တာဝန်ရှိသူတွေက သံသယထားစောင့်ကြည့်မယ်လို့ပြောထားတယ်။ ဒီပြောဆိုချက်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - အဓိက ကတော့ ထောက်ပို့ကို ကြောက်လို့ ထင်တယ်။ အကျိုးသက်ရောက်မှုက ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ကင်းမဲ့လာမယ်။
The Tanintharyi Times