မြန်မာစစ်တပ် အကျိုးအမြတ်ရနေတဲ့ ဂျပန် စီမံကိန်းတွေကို ရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၀ ကျော် တောင်းဆို
မြန်မာစစ်တပ် အကျိုးအမြတ်ရနေတဲ့ ဂျပန် စီမံကိန်းတွေကို ရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၈၀ ကျော် တောင်းဆို
ဂျပန်နိုင်ငံအနေနဲ့ မြန်မာကို ပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ တရားဝင် ချေးငွေ အပါအဝင် စီမံကိန်း အားလုံးကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၈၅ ဖွဲ့တို့က ဂျပန်ဝန်ကြီးချုပ်ထံ တောင်းဆိုလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှိဒါ အပါအဝင် ဂျပန်အစိုးရအနေနဲ့ စစ်အုပ်စုကို အကျိုးပြုနေတဲ့ Official Development Assistance ODA ကို ပံ့ပိုးနေတာက စစ်တပ်ရဲ့ ရာဇဝတ်မှုအတွင်း အလိုတူအလိုပါ ဖြစ်လာနိုင်တာကြောင့် အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ယန်းချေးငွေ စီမံကိန်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ မြေယာ၊ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုတယ်လို့ အရပ်ဘက်အဖွဲ့အစည်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ငွေအဖြစ် ဂျပန်ယန်းငွေ ၃၅၆ ဒသမ ၆၁ ဘီလီယံအပြင် နည်းပညာအထောက်အပံ့အဖြစ် ယန်းငွေ ၁၀၉ ဒသမ ၉၄ ဘီလီယံ ထောက်ပံ့ဖို့နဲ့ ချေးငွေအဖြစ် ယန်းငွေ ၁၃၇၈ ဒသမ ၄၇ ဘီလီယံကို ထုတ်ချေးပေးဖို့ NLD အစိုးရလက်ထက်၊ ၂၀၂၀ ခုနှစ်မှာ ကတိပြုခဲ့ပါတယ်။
လက်ရှိမှာ ချေးငွေသဘောတူစာချုပ်ပါ ကိန်းဂဏန်းအရ အထူးစီးပွားရေးဇုန်နဲ့ ၎င်းနဲ့ဆက်စပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ လမ်းဆောက်လုပ်ရေးနဲ့ ရထားပြုပြင်ရေး အပါအဝင် စီမံကိန်း ၃၄ ခုမှာ ဂျပန်ယန်းငွေ ၇၃၉ ဒသမ ၆ ဘီလီယံကို ချေးငွေထုတ်ပေးထားပြီး ဒီစီမံကိန်းတွေဟာ စစ်အာဏာသိမ်းကြိုးစားမှုနောက်ပိုင်း ဆက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။
ဂျပန်အစိုးရဟာ ODA အပြင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက စီမံန်ကိန်းအတွက် စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေး စီမံကိန်း (Y Complex Project) ကို ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်နေရာ ပြတိုက်ဟောင်းနေရာမှာ လုပ်ဆောင်နေပြီး အဆိုပါနေရာမှာ အကြီးစားအိမ်ခြံမြေစီမံကိန်း တည်ဆောက်ဖို့နဲ့ လည်ပတ်ဖို့အတွက် လုပ်ဆောင်ထားတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Y Complex Project ကို ဂျပန်အစိုးရ ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ JOIN ကော်ပိုရေးရှင်းနဲ့ ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းဘဏ် JBIC တို့က ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
JOIN ဟာ တခြားသော ဂျပန်လုပ်ငန်း နှစ်ခုနဲ့အတူ စင်ကာပူမှာ Joint Special Purpose ကုမ္ပဏီ J-SPC ကို တည်ထောင်ထားပြီး J-SPC ဟာ မြန်မာခရိုနီလုပ်ငန်း Yangon Technical and Trading နဲ့ ပူးတွဲအလုပ်လုပ်နေတာ၊ ပူးပေါင်းရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေး စီမံကိန်း (Y Complex Project) မြေငှားစာချုပ်မှာ မြန်မာခရိုနီကုမ္ပဏီ Yangon Technical and Trading နဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးကြီး အောင်မင်းသိန်း၊ ဒုဗိုလ်မှူး၊ စစ်ထောက်ချုပ်ရုံး ဒုဗိုလ်ချုပ်၊ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့အကြား ချုပ်ဆိုထားတဲ့ မြေငှားစာချုပ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဂျပန်အစိုးရအနေနဲ့ Y Complex Project လို စီမံကိန်းကို အကောင်အထည်ဖော်နေတာဟာ စစ်ထောက်ချုပ်ရုံးကို ငွေကြေးအရင်းအမြစ် စီးဝင်နေစေတာ ဖြစ်ပြီး စစ်ထောက်ချုပ်ရုံးဟာ လက်နက်ခဲယမ်းတွေ၊ ဗုံးတွေ၊ လေယာဉ်ဆီတွေ အပါအဝင် မြန်မာစစ်တပ်အတွက် အထောက်အကူပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ ပါဝင်နေတာ ဖြစ်တယ်လို့ မြန်မာဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် IIFFMM ကို ကိုးကားပြောဆိုထားပါတယ်။
ဂျပန်အစိုးရဟာ ပဲခူးတံတားတည်ဆောက်ရေးစီမံကိန်းအတွက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ချေးငွေပေးထားတာ၊ သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံထားတာ အပြင် အိမ်ရာစီမံကိန်း၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် နှစ်ဆင့်ချေးငွေ စီမံကိန်း Two-step Loans တို့ဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်ကွပ်ကဲမှုကနေတဆင့် ထိန်းချုပ်စီမံနိုင်ဖွယ်ရှိတယ်လို့လည်း ရေးသားထားပါတယ်။

၂၀၂၀ ခုနှစ်အထိ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ချေးငွေ အမေရိကန်ဒေါ်လာ ၂၇၆၁ ဒသမ ၈ သန်းအထိ ထုတ်ချေးပေးထားပြီး ယခု ထပ်တိုးချေးပေးတဲ့ ယန်းငွေ ၇၃၉ ဒသမ ၆ ဘီလီယံနဲ့ဆိုရင် မြန်မာဟာ ဂျပန်ကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၃ ဘီလီယံ အကြွေးတင်သွားပြီး မြန်မာပြည်သူတွေအပေါ် အကြွေးပိုတိုးလာစေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ့နဲ့ စစ်ကောင်စီကြားမှာ စေ့စပ်ဆွေးနွေးရေးတွေ ဆောင်ရွက်ဖူးတဲ့ ဂျပန်က နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ နေပြည်တော်ကို ပြီးခဲ့တဲ့လ ၂၇ ကနေ ၂၉ ရက်အထိ သုံးရက်ကြာ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
The Tanintharyi Times

