မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက်သိမ်းပိုက်ရရှိပြီ လို့ KNU ကြေညာ
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက်သိမ်းပိုက်ရရှိပြီ လို့ KNU ကြေညာ
ညောင်လေးပင်ခရိုင် ၊ မုန်းမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဟာ မုန်းမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်း နဲ့ တံတားထိပ်ဂိတ်စခန်း စတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေကတည်းသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ကထုတ်ပြန်ပါတယ်။
လတ်တလောမှာ တော့ မုန်းမြို့ ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အနေနဲ့ အင်အား (၁၅၀၀)ခန့်အသုံးပြုကာ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ရွက်နေကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များ နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မုန်းမြို့ က စစ်ကောင်စီတပ်စခန်းတွေဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေတဲ့ စခန်းတွေဖြစ်တယ်လို့ KNU ကဆိုပါတယ်။
အဆိုပါ တပ် စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ ကြောင်း KNU က ကနဦးထုတ်ပြန်ထားပါတယ်။

မုန်းမြို့ ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်နိမိတ်သတ်မှတ်ချက်အရ KNU တပ်မဟာ ၃ ၊ကော်သူးလေ အုပ်ချုပ်နယ်မြေ ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် မှာတည်ရှိပြီး KNU က မူး မြို့ လို့ခေါ်ဝေါ်သုံးနှုန်းပါတယ်။
မြန်မာ အစိုးရ အဆက်ဆက်ရဲ့ နယ်နိမိတ်သတ်မှတ်ချက်အရတော့ ပဲခူးတိုင်း ၊ ညောင်းလေးပင် ကျောက်ကြီးမြို့နယ် မှာတည်ရှိပါတယ်။
The Tanintharyi Times
