တောင်ပိုင်းသားတွေရဲ့ နှစ်သစ်ဆန္ဒ

တောင်ပိုင်းသားတွေရဲ့ နှစ်သစ်ဆန္ဒ

နှစ်သစ်တခုကို အစပျိုးတိုင်း လူတိုင်းကိုယ်စီ ရည်စူး ဆန္ဒနဲ့ သန္နိဌာန်တွေ ရှိတတ်ကြပါတယ်။

စစ်ရိပ် မီးခိုး ယမ်းနံ့လွှမ်းတဲ့ မရေမရာနေ့တွေကြား တောင်ပိုင်းသားတွေရဲ့ နှစ်သစ် ဆန္ဒတွေက ဘာတွေပါလဲ။

၂၀၂၄ နှစ်သစ်မှာ သူတို့တွေ ဖြစ်ချင်တဲ့၊ အလုပ်ချင်ဆုံး အရာတွေနဲ့ ဆန္ဒတွေကို တနင်္သာရီတိုင်းမ်က မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။

▪️ မခင်

ထိုင်းရောက်ရွေ့ပြောင်းလုပ်သား

၂၀၂၄မှာ အဖြစ်ချင်ဆုံးကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ပါပဲ။ ပထမဦးစားပေးလဲ တိုင်းပြည်ငြိမ်းချမ်းဖို့၊ ဒုတိယဦးစားပေးလဲ တိုင်းပြည်ငြိမ်းချမ်းဖို့ပါပဲ။ ဘာကြောင့်‌ဆိုတော့ ကိုယ်တိုင်းပြည်၊ ကိုယ်ရေမြေကိုယ်ဒေသကို အတော်ပြန်ချင်နေပြီမို့လို့ပါ။ အိမ်ပြန်ရောက်မှ တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေစုစည်းရမှာ ကိုယ်ချစ်ရတဲ့ မိသားစုတွေနဲ့ ပြန်ဆုံချင်ပီလေ။ အလုပ်ချင်ဆုံးကတော့ အထွေအထူး သိပ်မပြောတတ်ဘူး။ အခုထိ အနာဂတ်က ဝေဝါးနေတုန်းပါပဲ။

▪️ မနှင်းဆီ

နိုင်ငံရေးအကျဥ်းသားမိသားစုဝင်

ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခံထားရတဲ့သူတွေ အမြန်လွှတ်စေချင်တယ်။ ထောင်ထဲလူ့အခွင့်ရေးချိုးဖောက်ခံနေရတာတွေ လျှော့နည်းအောင် လုပ်ပေးစေချင်ပါတယ်။ ကျမတို့ NUG နဲ့ ကူနိုင်တဲ့သူတွေ‌ကိုပေါ့။ မြန်မာနိုင်ငံအာဏာရှင်လက်အောက်ကလွတ်ပြီး အေးအေးချမ်းချမ်းဖြစ်စေချင်တယ်​။ပြည်သူပြည်သားတွေ သောကမျက်ရည်‌တွေ ကင်းပြီး အပြုံးမျက်နှာတွေမြင်ချင်တယ်။ ဆုတောင်းတိုင်းသာပြည့်ရင်ပေါ့။ လုပ်ချင်တာတွေကတော့အများကြီးပဲ။ နိုင်ငံကချောက်ထဲကျနေတော့ ဘာလုပ်ရမှန်း ဝေခွဲမရဘဲဖြစ်နေတယ်။ နိုင်ငံအဆင်ပြေမှဘဲ ပေါ်လာမယ်ထင်ပါတယ်။

▪️ ကိုယောနသံ

မြေပြင်တာဝန်ခံ၊ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့

အလုပ်ချင်ဆုံးအလုပ်၊ ဝါသနာပါတာ၊ စိတ်အားထက်သန်တာ ဒါတွေကတော့ သီးသန့်ရှိပါတယ်။ ဒါပေမယ့် တော်လှန်ရေးကာလမှာတော့ အလုပ်သင့်ဆုံးအလုပ်ကိုပဲ ဦးစားပေးပြီး လုပ်နေပါတယ်။ အဖြစ်ချင်ဆုံးဆန္ဒကတော့ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်(၃)စစ် အမြန်ဆုံးအမြစ်ပြတ်ပြီး ရှေ့ဆက်တိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက်လို့ လက်နက်ကိုင်စွဲပြီး ဖြေရှင်းစရာမလိုတဲ့ ကာလကို ရောက်ချင်ပါပြီ။

▪️ ကျောင်းဆရာတစ်ဦး

ပဝကျေးရွာ၊ တနင်္သာရီမြို့နယ်

အဖြစ်ချင်ဆုံးက အာဏာအမြန်ဆုံးနည်းနဲ့ ပြန်ရချင်တယ်။ အာဏာပြန်ရပြီး လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားချင်တယ်။ လွတ်လွတ်လပ်လပ်ပျော်ချင်တယ်။ အလုပ်ချင်ဆုံးက ကျောင်းဆက်တင်ချင်တယ်။ ကျောင်းတက်ပြီး ဘွဲ့ယူပြီး ဌာနတစ်ခုခုမှာ တာဝန်ထမ်းဆောင်ချင်တယ်။

▪️ တပ်ဖွဲ့ဝင်တစ်ဦး

မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း

အလုပ်ချင်ဆုံးကတော့ စနစ်တကျစုစည်းတည်ဆောက်ချင်တာပဲ။ အဖြစ်ချင်ဆုံးကတော့ အိမ်ရောက်ချင်တာပဲ။


▪️ မဖြိုး

တနင်္သာရီဒေသခံ၊ စစ်ဘေးရှောင်ကူညီပေးနေသူ

တော်လှန်ရေး အောင်မြင်ဖို့လောက်ပဲဆုတောင်းတယ်။ ကျန်တာတွေ ဘာမှတောင် မတွေးမိဘူး။ ညက နှစ်သစ်ဆုတောင်း ပေးနေကြတဲ့လူတွေကိုတောင် ဘာဆုတောင်းမှ ပြန်မပေးလိုက်ရဘူး။ ဒီနှစ်ထဲမှာ အလုပ်တစ်ခုလုပ်ချင်ပေမဲ့ ဘာလုပ်ရမှန်းတောင်မသိသေးဘူး။ အဲဒီထဲကမှ ဖြစ်ချင်တာကတော့ စစ်ဘေးရှောင်တွေကို အကောင်းဆုံးနဲ့ အပြေလည်ဆုံး​ဖြစ်အောင်ကူညီပေးချင်တာပါ။ ကိုယ်ပင်ပန်းတာအကြောင်းမဟုတ်ပါဘူး။ သူတိုအဆင်ပြေရင်ရပြီ။

▪️ ကိုဇော်

လယ်လုပ်ငန်းရှင်၊ ပလမြို့

အခုနှစ်မိုးစပါးဈေးကောင်းတယ်။ စပါးဈေးကောင်းရင် ဆန်ဈေးတက်လိုက်လာမှာပဲ။ စပါးဈေးရော ဆန်ဈေးပါ အတက်အကျမဖြစ်ဘဲ ငြိမ်နေရင်ကောင်းမယ်။ စပါးဈေးကောင်းကောင်း၊ မကောင်းကောင်း ကျနော်တို့လယ်သမားတွေမှာ အမြတ်မကျန်ဘူး။ ဆန်စက်ပိုင်ရှင်တွေကပဲ အမြတ်ရတာ။

▪️ ကိုကြက်ဖ

ဘုတ်အဖွဲ့ဝင်၊ ခုနှစ်စင်ကြယ်အဖွဲ့ (မြိတ်ခရိုင်မှာ လူသားစာနာကဏ္ဍကိုအဓိကလှုပ်ရှားနေတဲ့ အဖွဲ့အစည်း)

ခုနှစ်စင်ကြယ်အဖွဲ့အနေနဲ့ ၂၀၂၄ ခုနှစ်မှာ အလုပ်ချင်ဆုံးအလုပ်ကတော့ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းသွားမဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်ဆောင်ရွက်သွားဖို့က အလုပ်ချင်ဆုံးဆန္ဒဖြစ်ပါတယ်။ အဖြစ်ချင်ဆုံးကတော့ ဒီစနစ်ဆိုးကြောင့် ဘေးထွက်ဆိုးကျိုးကို ခံစားနေရတဲ့ စစ်ရှောင်တွေကို ပြေလည်စေချင်တယ်။ စစ်ရှောင်တွေရဲ့အခက်အခဲကို ကျနော်တို့ရဲ့ (Target) တားဂတ်ဧရိယာဖြစ်တဲ့ မြိတ်ခရိုင်ဧရိယာထဲက နေရာအနှံ့မှာကူညီထောက်ပံ့မှုတွေလုပ်ပေးချင်တယ်။ သူတို့ရဲ့ နေရေးထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့မှ အထဲမှာ အဆင်ပြေချောမွေ့စေဖို့ ၊ လူ့အခွင့်အရေးနဲ့အညီနေနိုင်ဖို့ ၊ စစ်ရှောင်တွေရဲ့ အခန်းကဏ္ဍကို ဒီ့ထက်မကပိုပြီးတော့ ဆက်လက်ဆောင်ရွက်ချင်ပါတယ်။ အဖြစ်ချင်ဆုံးကတော့ အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ဖို့ပဲ ဖြစ်ပါတယ်။

▪️ ကိုဟိန်းထက်

ပြောရေးဆိုခွင့်ရှိသူ၊ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

တိုင်းအတွင်း တစ်ခုတည်းသော နိုင်ငံရေးဦးဆောင်မှု၊ ပြီးတော့ ညီညွတ်သော စစ်ရေးဆိုင်ရာ ပေါင်းစည်းဖို့ အခြေအနေတွေကို ဖြစ်စေချင်ပါတယ်။ ဒါမှသာ လက်ရှိ တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ ပြည်သူတွေလိုလားတဲ့ ပြည်သူ့အောင်ပွဲဖြစ်ဖို့ဆိုတာဟာ အပေါ်က အချက်တွေအပေါ်မှာ အများကြီးမူတည်နေတာမို့ ဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့လည်း တခုတည်းသော နိုင်ငံရေးဦးဆောင်မူနဲ့ စုစည်းညီညွတ်သော လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းဖို့ ကိစ္စတွေကို ဦးစားပေးပါဝင်လုပ်ဆောင်မှာဖြစ်ပါတယ်။ တဆက်တည်း မြို့နယ်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ပြည်သူ့ဝန်ဆောင်မူလုပ်ငန်းတွေကို ပိုလို့ကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

▪️ မနန္ဒာ

CDM ကျောင်းသူ၊ ထားဝယ်နည်းပညာတက္ကသိုလ်

အဖြစ်ချင်ဆုံးဆန္ဒဆိုရင် စစ်ပွဲတွေရပ်ပြီး အေးချမ်းစေချင်ပြီ။ အရင်လိုအ​ခြေအနေမျိုးမဟုတ်ရင်တောင် လွတ်လွတ်လပ်လပ်နဲ့ အသက်ရှင်နေထိုင်ခွင့်လေးကိုတော့ လူတိုင်းကို ရစေချင်ပါတယ်။ ဒီလိုနိုင်ငံ​ရေးအခြေအနေနဲ့ကလည်း လုပ်ချင်တာရယ်လို့တော့ သတ်သတ်မှတ်မှတ် မထားရဲ​ပြန်ဘူး။ အဆင်ပြေသလို နေနေရလို့လည်း ပါမယ်ထင်တယ်။ ​အန္တရာယ်တစ်ခုခုကြုံလာရင် အဆိုးဆုံးတွေ မကြုံရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာတွေပဲ ခေါင်းထဲရှိတယ်။ အခြေအနေကောင်းလာမှာပဲ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေအကြောင်း စဥ်းစားဖြစ်တော့မယ် ထင်တယ်။

The Tanintharyi Times