တပတ်တာ မြန်မာ
တပတ်တာ မြန်မာ
နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ တစ်ပတ်စာ ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
နိုင်ငံတဝှမ်းက တိုက်ပွဲတွေ
ဒီတပတ်အတွင်းမှာတော့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေက တစ်ခုထက်မက ရှိနေပြန်ပါတယ်။
မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက လွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်အားလုံးမှာ တိုက်ပွဲတွေ ရှိပါတယ်။ ရန်ကုန်တိုင်းမှာ တိုက်ပွဲတွေ မရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ အခြေစိုက်နေရာတွေကို ဗုံးခွဲတဲ့ ဖြစ်စဥ်ကတော့ ရှိနေတာ တွေ့ရပါတယ်။
ရှမ်းနဲ့ ရခိုင်မှာ စစ်ဆင်ရေးအဓိကဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း စစ်ကောင်စီကို တန်ပြန်တိုက်စစ် ပြုလုပ်ခွင့် အခွင်အရေး လုံးဝပေးလို့ မရကြောင်း ထုတ်ပြန်ပြောဆိုထားပြီး စစ်စခန်းနဲ့မြို့တွေကို ဆက်သိမ်းနေပါတယ်။
ရှမ်းပြည်နယ်
ဒီတပတ်မှာ ရှမ်းပြည်နယ်က မြို့သိမ်း၊ စခန်းသိမ်း စစ်ဆင်ရေးမှာ ထူးခြားမှုကတော့ ဖမ်းဆီးရမိတဲ့သူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့က ရာထူးကြီးပိုင်းတွေ ပါဝင်လာသလို အစုအဖွဲ့လိုက် လက်နက်ချတာလည်း ရှိခဲ့ပါတယ်။
နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၂ ရက်မှာ စတင်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လွတ်လပ်ရေးနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ အရှင်ဖမ်းမိခဲ့တဲ့ ဒုဗိုလ်မှူးကြီး သက်အောင်ဟာ စစ်တက္ကသိုလ် သင်ကြားရေးပိုင်းကလို့ သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့ ချည်းကပ်တိုက်ခိုက်နေတာ ရက်အနည်းငယ်ရှိနေပြီဖြစ်တဲ့ လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့က မနေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တယ်လို့ သိရပြီး လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးကို ပို့ဆောင်နေတယ်လို့လည်း သတင်းမီဒီယာတွေက ရေးသားထားကြပါတယ်။ ဒါပေမယ် မြေပြင်စစ်ရေးအခြေအနေနဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းက ဟိုပန်နဲ့ ပန်လုံမြို့ နှစ်မြို့ကို UWSA “ဝ” တပ်ဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းမှာ အင်းအား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲလိုက်ပါတယ်။ ဟိုပန်မြို့ကအနီးက စစ်တပ်စခန်းတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ပြီးနောက် နေ့လယ်ပိုင်းမှာ “ဝ”တပ်ဖွဲ့ (UWSA) က ဝင်ရောက် နေရာယူလိုက်တာပါ။ ဟိုပန်မြို့ဟာ ကိုးကန့်တပ်ဖွဲ့သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်မြို့နဲ့ လေးမိုင်ကျော်သာ ကွာဝေးပါတယ်။
၁၀၂၇ စစ်ဆင်ရေး အရှိန်မပျက်ရှိနေမည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့ က အခုလ ၁ ရက်နေ့မှာ အသိပေးထားပါတယ်။
ကယား (ကရင်နီ)
ကရင်နီပူးပေါင်းတပ်တွေ သိမ်းထားနိုင်တဲ့ ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းတွေကို စစ်ကောင်စီတပ်က ပြန်လည်စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိနေပါတယ်။ လေကြောင်းနဲ့ မြေပြင်ပစ်ကူကြောင့် အရင်လက သိမ်းယူထားတဲ့ လွယ်ပတာစခန်းကုန်းကို စစ်ကောင်စီက ပြန်လည်တပ်စွဲနိုင်ခဲ့ပါတယ်။
ပဲခူးတိုင်း
မန္တလေးလမ်းဟောင်းပေါ်က ကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီ ကာကင်းစခန်း ရှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(K.N.L.A)က ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက အခုတပတ်အတွင်းမှာ တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ချေမှုန်းတဲ့အထဲမှာ စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ယူ ပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ တံတားတခု ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ KNUတပ်မဟာ(၂) တောင်ငူခရီုင်ထဲက ထောတထူ(ထန်းတပင်)မြို့နယ် မိုနေပွာကျေးရွာအုပ်စုအတွင်းရှိ ဖလေးဆာလိုတပ်စခန်းနဲ့ ကလောမီဒဲကျေးရွာပိုင်မြေအတွင်းရှိ တပ်စခန်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၂ ရက်က အသီးသီးစခန်းစွန့်သွားတာလို့ သိရပါတယ်။ အဲဒီစခန်းများကို တက်ရောက် ရှင်းလင်းစဉ်အတွင်း ဖလေးဆာလိုတပ်စခန်းအတွင်းမှ ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်
ရခိုင်မှာ စစ်တပ်ဗျူဟာကုန်းတွေကို AA က ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။
ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီဗျူဟာစခန်းလေးခုကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အခုလ ၁ရက်နေ့ကစပြီး ပလက်ဝဒေသအတွင်းက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ပလက်ဝ(၂၈၉) ဗျူဟာကုန်းနဲ့ မီးဝဗျူဟာကုန်းကို AA က ထိုးစစ်ဆင်နေသလို ပလက်ဝ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီရဲ့ ခလရနဲ့ ခမရ တပ်ရင်းရှစ်ခုကိုလည်း တိုက်ခိုက်နေတာ ရှိပါတယ်။ စစ်ကောင်စီကတော့ ရန်းဗြဲမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိပါတယ်။
ရခိုင်က စစ်ကောင်စီရဲ့စခန်း တစ်ခုမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း
ဝက်လက်မြို့ရဲစခန်း၊ တရားရုံးနဲ့ မြို့ပေါ်ရှိ ဘန်ကာကို မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးနဲ့ ဗုံးချပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ကောလင်းမြို့ထဲကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူတွေသေဆုံးပြီး ဒဏ်ရာရရှိတာတွေလည်း ရှိနေပါတယ်။
ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားတာ ရှိပါတယ်။ စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၀၀)ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ရေဦး-ခင်ဦး ကားလမ်းမဘေးရှိ အင်တိုင်း(မြောက်)ရွာနဲ့ မြင်းဒေါင်း ကျေးရွာတွေက ဒေသခံပြည်သူ ၃၀ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ပါဝင်ပြီး ယာတောတွေမှာ တောင်သူလုပ်နေသူတွေပါ ရုတ်တရက် ဖမ်းဆီးခံခဲ့ရတာပါ။
ကချင်ပြည်နယ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်နယ်မြေ နာဖော့ စစ်ကောင်စီတပ်စခန်းဆီကို ရိက္ခာပို့ဖို့ ဆင်းလာတဲ့ စစ်ရဟတ်ယာဉ် Mi-17 တစ်စီးကို KIA ကပစ်ချခဲ့ပါတယ်။ အခုလ ၃ ရက်နေ့ မနက်မှာ မြစ်ကြီးနားကနေ နာဖော့ စစ်ကောင်စီစခန်းကို ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ် နှစ်စီးထဲမှ တစ်စီးကို ပစ်ချခဲ့တာပါ။ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဥ်မှာ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်အပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် -KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောထားပါတယ်။
ရန်ကုန်တိုင်း
ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ မြို့မရဲစခန်းနဲ့ စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီယာဉ်တွေကို ချိန်ကိုက်မိုင်းနဲ့ Operation Flameအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ မြောက်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းကိုလည်း အခုလ ၃ ရက် ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး မြရတနာလမ်းပေါ်ရှိ မြို့မရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်ညကလည်း လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲတပ်ရင်း(၉) အပါအဝင် နေရာခြောက်ခုကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေး
တရုတ်က နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်က စစ်ကောင်စီဥက္ကဌနဲ့ နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီးကျွင်းလည်း ပါလာခဲ့ပါတယ်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်အရေးတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံထဲကို လက်နက်ကြီးကျလို့ လူသေဆုံးတာတွေ မနေ့က ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်မြို့နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ နန်ဆန်မြို့ထဲကို လက်နက်ကြီးကျည် ကျခဲ့တာပါ။ တရုတ်နိုင်ငံသားငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက သတိနဲ့ စောင့်ကြည့်နေကြောင်း၊ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တရားဝင် ကန့်ကွက်ထားကြောင်း တရုတ်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်း (Wang Wenbin)က ပြောပါတယ်။
အိန္ဒိယ အစိုးရက မြန်မာနဲ့ နယ်စပ်နားမှာ နှစ်ဖက်နိုင်ငံသားတွေ လွတ်လွတ်လပ်လပ် ကူးလူးသွားလာခွင့် ပြုထားတဲ့ Free Movement Regime (FMR) အစီအစဉ်ကို ရပ်ဆိုင်းဖို့ စီစဥ်နေပါတယ်။ စည်းရိုး ကာရံမထားတဲ့ နယ်စပ် ဧရိယာတွေမှာ နယ်ခြားမျဉ်းကနေ ၁၆ ကီလိုမီတာ အကွာအဝေးထိ ဗီဇာမလိုဘဲ သွားလာခွင့် ပြုထားတာကို ဖျက်သိမ်းဖို့ အိန္ဒိယ အစိုးရက ရည်ရွယ်ပြီး နည်းပညာ အထောက်အပံ့ပါတဲ့ စည်းရိုးတွေ စတင် တည်ဆောက်နေပါပြီ။ လာမယ့် ၄ နှစ်ခွဲအတွင်း တည်ဆောက်မှုအားလုံး ပြီးစီးဖို့ မျှော်လင့်ထားပြီး FMR အဆုံးသတ်သွားရင် နယ်စပ်ကို ဖြတ်ကျော်ရင် မြန်မာနိုင်ငံသားတိုင်း ဗီဇာ ခွင့်ပြုချက် ရယူဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် (AA)ရဲ့ စခန်းသိမ်း တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယထိ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ယောက်ကို အိန္ဒိယက စစ် ကောင်စီဆီ အခုလ ၂ ရက်က ပြန်လွှဲပေးခဲ့ပါတယ်။ အိန္ဒိယ နယ်ခြားစောင့် ပြည်သူ့စစ်အဖွဲ့ အာသံရိုင်ဖယ်ကို ဆက်သွယ်ခဲ့တဲ့ မြန်မာစစ်သား ၁၅၁ ယောက်ထဲက ၁၄၇ ဦးကို အိုင်ဇောမှာရှိတဲ့ အာသံရိုင်ဖယ်ရဲ့ စခန်းတစ်ခုမှာ ယာယီ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာ နှစ်သုတ်ခွဲ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်သားတွေထဲက ၉ ဦးဟာ ဒဏ်ရာရထားခဲ့ပြီး ၄ ယောက်ရဲ့ အခြေအနေက ပြင်းထန်လို့ အိန္ဒိယစစ်တပ်က အိုင်ဇောထိ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့တယ်လို့ သိရပါတယ်။
တစ်ပတ်အတွင်း ထူးခြားမှုတွေ
ဒီတပတ်မှာ ထုတ်ပြန်တာတွေ၊ မူချမှတ်တာတွေနဲ့ ပတ်သက်ပြီး ဖြစ်စဉ်တွေ တစ်ခုမက ရှိနေပါတယ်။
လူမျိုးရေးအခြေမခံဘဲ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြောထားပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ လူမျိုးကိုအခြေခံတဲ့ ဖယ်ဒရယ်စနစ် မဟုတ်ဘဲ ဒေသကိုအခြေခံတဲ့ ဖယ်ဒရယ်စနစ်ကို ဆောင်ရွက်မှာလို့ စစ်ကောင်စီဥက္ကဋ္ဌကပြောခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တရုတ်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်တွေအပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တွေအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူဆက်ခံသွားမယ်လို့ အခုလ ၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားမှာ ရေးထားပါတယ်။
ဒါ့အပြင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးက စစ်ကောင်စီတပ်သားတွေ တပ်ကို စွန့်ခွာပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ မနေ့က တိုက်တွန်းထားပြန်ပါတယ်။
၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၉၀၀၀ ကျော် လွှတ်ပေးခဲ့ပါတယ်။ လွတ်လာသူတွေထဲမှာ မန္တလေးမြို့တော်ဝန်ဟောင်းဦးရဲလွင်နဲ့ ဧရာဝတီတိုင်းက လူမှုရေးဝန်ကြီးတို့ ပါဝင်ခဲ့ပါတယ်။
The Tanintharyi Times
