NUG ၏ ၂၀၂၄ ကတိစကားနှင့် တနင်္သာရီ၏ အရှိတရား
NUG ၏ ၂၀၂၄ ကတိစကားနှင့် တနင်္သာရီ၏ အရှိတရား
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများအား ၂၀၂၄ အတွက် ကတိ ၂ ခု ပေးသွားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်မသွားပါ ဆိုသည်နှင့် တိုင်းရင်းသားတို့နှင့် ညှိနှိုင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်မည်ဆိုသော ကတိ ၂ ခု ဖြစ်သည်။
ယင်းကတိ ၂ ခုကို ပြီးခဲ့သည့် ခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅ )ရက်နေ့ ဘီဘီစီသတင်းဌာနမှ ထုတ်လွှင့်သည့် ဘီဘီစီသတင်းထောက်နှင့် ဒေါ်ဇင်မာအောင်အင်တာဗျူးတွင် ပြောဆိုသွားခြင်းဖြစ်သည်။
“၂၀၀၈ ကိုယ်၌က ပျက်လည်း ပျက်သွားပြီ။ ပြန်မသွားတော့ဘူးဆိုတာကို ကျွန်မတို့ ကတိပေးနိုင်တယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးတော့သွားမယ့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ ဒီနှစ်ခုကိုတော့ ကျွန်မတို့ ကတိပေးနိုင်တယ်” ဟု ဒေါ်ဇင်မှာအောင်က မြန်မာလူထုကို ကတိပေးသွားခဲ့သည်။
“စစ်ကောင်စီပြုတ်ကျရေး မဟာဗျူဟာ”
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ၂၀၂၃ ခုနှစ်အစတွင် “၂၀၂၃ ဟာ အဆုံးအဖြတ်နှစ် ဖြစ်ရမယ်”ဟု ကြွေးကြော်ခဲ့သည်။
လက်ရှိတွင်မူ ၁၀၂၇ စစ်ဆင်ရေး၏ နောက်ဆက်တွဲရလဒ်များနှင့်အတူ အထက်မြန်မာပြည်၊ ရခိုင်နှင့် ကရင်နီ(ကယား)တို့တွင် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲကာ အောင်မြင်မှု၊ နယ်မြေစိုးမိုးနိုင်မှုများ ရရှိနေသော်လည်း နိုင်ငံအဝှမ်း စစ်မီးတောက်နေပြီး စစ်ဘေးရှောင်ပြည်သူများ တနေ့ထက်တနေ့ တိုးလာနေဆဲဖြစ်သည်။
ဒေါ်ဇင်မာအောင်ကမူ ကြွေးကြော်ခဲ့သည့်အတိုင်း ၂၀၂၃ သည် အဆုံးအဖြတ်နှစ် ဖြစ်ခဲ့သည်ဟု အင်တာဗျူးတွင် ဖြေဆိုသွားခဲ့သည်။
“အဆုံးသတ်မှာလား အဆုံးအဖြတ်လားဆို အဆုံးသတ်အတွက် အဆုံးအဖြတ်ပေးမယ့်နှစ်ပေါ့။ ဘယ်သူနိုင်နေပြီလဲပေါ့ နော်၊ ဒီတော်လှန်ရေးမှာ ပြည်သူလူထုက နိုင်နေပြီလား၊ စစ်အာဏာရှင်က နိုင်သွားသလားဆိုတာကို အဆုံးအဖြတ်ပေးမယ်ဆိုရင် ပေးလို့ရတဲ့နှစ် ဖြစ်နေပြီပေါ့နော်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ပြည်သူလူထု နိုင်နေပြီဆိုသည်မှာ ယခုနှစ်၏ နောက်ဆုံးပိုင်းတွင် သိသိသာသာ ဖြစ်လာပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံလာရသည့်အခြေအနေသို့ ရောက်လာသည်ဟု ၎င်းက ဆိုသည်။
“သူတို့အချင်းချင်းကြားထဲမှာကို စစ်တပ်က မော်ဒယ် လုံးဝ ကျသွားပြီ။ မော်ဒယ်ပိုင်းအရ လုံးဝ အနိမ့်ဆုံးအဆင့် ရောက်နေပြီစစ်တပ်က။ သူတို့ ကျဆုံးတာသည် ကျမတို့တော်လှန်လှန်ရေး နိုင်တာပဲလို့ ပြောလို့ရတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
စစ်ကောင်စီပြုတ်ကျရေးအတွက် မဟာဗျူဟာတစ်ရပ် ရေးဆွဲလုပ်ဆောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း၌ တစ်နှစ်တာစီမံချက်ရေးဆွဲလုပ်ဆောင်ခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်းဒေါ်ဇင်မာအောင်က ဆိုခဲ့သည်။
“စစ်ရေးအရ ဖိအားပေးပြီးတော့ပေါ့လေ..၊ တစ်နှစ်စီမံကိန်းကတော့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ပြည်တွင်းပြည်ပမှ စစ်ရေး/နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့ကမူ လက်ရှိတော်လှန်ရေးအောင်မြင်မှုနှင့် NUG ၏ ပါဝင်လုပ်ဆောင်ချက်တို့ကို မေးခွန်းထုတ်ကြသည်။
၁၀၂၇ စစ်ဆင်ရေး သည် နွေဦးတော်လှန်ရေး၏ အလှည့်အပြောင်းတစ်ရပ် ဖြစ်ခဲ့သည်ကို အားလုံးက လက်ခံကြပြီး ယင်းစစ်ဆင်ရေးတွင် NUG ၏ ပါဝင်ပတ်သက်မှု မည်သို့ရှိသည်ကို ရှင်းရှင်းလင်းလင်း မတွေ့ရပေ။
တော်လှန်ရေးအောင်မြင်မှုဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင် ၃ ဖော်က စခဲ့ခြင်းဖြစ်ပြီး NUG မှ မည်သည့် အခန်းကဏ္ဍက ပါခဲ့သည်ကို ရှင်းလင်းတိကျသော ထုတ်ပြန်ချက်မျိုး မတွေ့ရဘဲ အောင်မြင်မှုအတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ထုတ်ပြန်နေသည်ကိုသာ တွေ့ရသည်။
ဒေါ်ဇင်မာအောင်ကမူ ၁၀၂၇ စစ်ဆင်ရေးနှင့် အခြားစစ်ဆင်ရေးတို့သည် သူ့ချည်းသက်သက် ဖြစ်လာခြင်းမျိုးမဟုတ်ဘဲ NUG နှင့် မဟာမိတ်တို့ ပေါင်းစပ်၍ရသမျှ ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ၎င်း၏ အထက်ပါအင်တာဗျူးတွင် ဖြေဆိုသွားသည်။
“တိုင်မင်(အချိန်ကိုက် ညှိနှိုင်းမှု)တစ်ခုယူပြီးတော့မှ ဆောင်ရွက်ကြတဲ့ ဆောင်ရွက်ချက်လို့ပဲ ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။
လာမည့် ၂၀၂၄ ခုနှစ်သည် ရရှိထားသည့် အောင်မြင်မှုတို့ကို ဆက်ထိန်းကာ စစ်ရေးအရှိန်တင်မဟုတ်ဘဲ နိုင်ငံရေးအရ ပေါင်းစပ်မှုများ၊ ပြုပြင်ပြောင်းလဲမှုများ၊ တိုးတက်မှုများကိုပါ ယူဆောင်ရမည့်နှစ်ဟု သူမက ဆိုသည်။
“နိုင်ငံရေးအရ ၂၀၂၄ ကတော့ ပိုပြီးတော့ အရေးကြီးတဲ့နှစ် ဖြစ်လာလိမ့်မယ်လို့ ကျွန်မအနေနဲ့ ပြောချင်တယ်။ မဟာဗျူဟာအရ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး လူထုလှုပ်ရှားမှု ဘက်စုံကနေပြီးတော့ ဖိအားပေးဖို့ရှိတယ်” ဟု ၎င်းက ပြောဆိုသွားသည်။
၎င်း၏ ပြောဆိုချက်အရ NUG ၏ ၂၀၂၄ ခုနှစ်အတွက် အဓိက ကတိကဝတ်မှာ “တိုင်းရင်းသားနှင့် ညှိနှိုင်းကာ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မည်” ဟူ၏။
ယင်းကတိကဝတ်ကို အကောင်အထည်ဖော်ရန်အတွက် အချို့တိုင်းနှင့်ပြည်နယ်တို့နှင့် တိုင်းရင်းသားဒေသတို့၏ နိုင်ငံရေး၊ စစ်ရေး၊ ကြားကာလအုပ်ချုပ်ရေးအုပ်ချုပ်ရေးအရ ပြင်ဆင်ထားနိုင်မှုက အသင့်ဖြစ်နေကြသည်ကိုတွေ့ရပြီး အချို့တိုင်းနှင့်ပြည်နယ်တို့ကမူ အသင့်မဖြစ်သေးသည်ကို တွေ့ရသည်။
“တနင်္သာရီတိုင်း၏ နိုင်ငံရေး”
တနင်္သာရီတိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုများက တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ၂၀၂၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။
နယ်ပယ်/တော်လှန်ရေးအစုအဖွဲ့အသီးသီး၏ ကိုယ်စားပြု ကိုယ်စားလှယ်များပါဝင်သော မြို့နယ်/ခရိုင်အဆင့် နိုင်ငံရေးအစုအဖွဲ့များ ဖွဲ့စည်းကာ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်လာရေး စိုင်းပြင်းနေကြသည်။
ထို နိုင်ငံရေးအစုအဖွဲ့များ စတင်စုဖွဲ့ကြစဉ်ကတည်းက တိုင်းတွင်းရှိ ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့များအနေဖြင့် မြို့နယ်အလိုက်၊ ခရိုင်အလိုက် ပါဝင်ခဲ့ကြသည်။
၎င်းတို့၏ ရည်မှန်းချက်မှာ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့တစ်ရပ်ဖော်ဆောင်ပြီး တနင်္သာရီတိုင်းကို နိုင်ငံရေးအရ မောင်းနှင်နိုင်ရန်ဖြစ်သည်။
ထူးခြားခဲ့သည်က CRTH တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH)က ကြားကာလအစီအမံဥပဒေတစ်ရပ်ကို ဆိုင်းမဆင့်ဗုံမဆင့် ရေးဆွဲအတည်ပြုလိုက်ခြင်းဖြစ်သည်။
တိုင်းတွင်းရှိ ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့သည် ၂၀၂၁ နှစ်ဆန်းမှစ တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH)ကို စုဖွဲ့ထားပြီး တိုင်းဒေသကြီးလွှတ်တော်ကို ရန်ဖန်ရန်ခါမျှ ခေါ်ယူကျင်းပနေခဲ့သည်ကို တွေ့ရသည်။
၂၀၂၃ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တိုင်းလွှတ်တော်အစည်းအဝေးက “တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ” ကို အတည်ပြုပြဌာန်းခဲ့ကြောင်းကို CRTH ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှ နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ မထုတ်ပြန်မီတွင် ၎င်းဥပဒေနှင့်ပတ်သက်၍ တိုင်းတွင်းလူထုကို မီဒီယာပလက်ဖောင်းတစ်ခုခုမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်း မတွေ့ရပေ။
NLD ပါတီ၏ ဗဟိုအလုပ်ကော်မတီမှ ၎င်းဥပဒေ အတည်ပြုခြင်းသည် “ရွေးကောက်ခံကိုယ်စားလှယ်များက ဒေသအတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ စုပေါင်းအကောင်အထည်ဖော်သည့် ကနဦးစွမ်းဆောင်ချက်”ဟု သတင်းထုတ်ပြန်ခဲ့ရာ တိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးက မဟုတ်မှန်ကြောင်း၊ မိမိတို့ကို ဖိတ်ခေါ်ခြင်း၊ စုပေါင်းအကောင်အထည်ဖော်ခြင်းမရှိကြောင်း ထုတ်ပြန် ကန့်ကွက်ကြတော့သည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်း ဖျက်သိမ်းထားပြီး ဖြစ်ပါသဖြင့် ထိုဥပဒေကို အခြေပြုကာ တစ်ပါတီ၊ တစ်စုတဖွဲ့မှ ယခုကဲ့သို့ ပြည်နယ်ဆိုင်ရာ ပြဌာန်းခွင့်ကို ကျော်လွန်ကာဆောင်ရွက်ခြင်းသည် ဒေသတွင်းနိုင်ငံရေးကို လက်ဝါးကြီးအုပ်ခြင်းပင် ဖြစ်သည်” ဟု တော်လှန်ရေးအစုအဖွဲ့ များ စုပေါင်းထုတ်ပြန်ကြတော့သည်။
တိုင်းတွင်းရှိ ဌာနေ ကရင်တိုင်းရင်းသားအင်အားစုများဖြင့် စုဖွဲထားသည့် Tanawthari Karen United for Liberation and Equality အဖွဲ့ကလည်း ၎င်းဥပဒေနှင့်ပတ်သက်၍ မည်သည့်ကရင်လူမျိုးကိုယ်စားလှယ် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့နှင့်မျှ တွေ့ဆုံဆွေးနွေးမှု မရှိကြောင်း၊ ၎င်းဥပဒေကို ဖျက်သိမ်းပြီး ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် ချည်းကပ်မှုပုံစံဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ၊ တရားနည်းလမ်းကျစွာ လုပ်ဆောင်သွားရန် ထုတ်ပြန်ခဲ့သည်။
CRTH ဘက်ကမူ ရှေ့ဆက်မည်သို့လုပ်ဆောင်မည်ကို ထုတ်ပြန်ခြင်း၊ မီဒီယာများသို့ ရှင်းလင်းပြောဆိုခြင်းတို့ ၂၀၂၃ ခုနှစ်ကုန်သည်အထိ တစုံတရာ မရှိပေ။
နိုင်ငံရေးအအစုအဖွဲ့များဘက်ကမူ တိုင်းအဆင့်နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်ရေးအတွက် ၎င်းတို့ လုပ်ငန်းစဉ်အတိုင်း ခရီးဆက်နေသည်။
ထားဝယ်/မြိတ်/ကော့သောင်း ခရိုင်နိုင်ငံရေးအင်အားစုအဖွဲ့တို့က ခရိုင်တစ်ခုတွင် ကိုယ်စားလှယ် ၃ ဦးစီပါဝင်သော ၃ ခရိုင် နိုင်ငံရေးအင်အားစုများ ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းကာ တနင်္သာရီတိုင်းတွင်းရှိ ပါဝင်သင့်ပါဝင်ထိုက်သော တော်လှန်ရေးအင်အားစုများကို လိုက်လံတွေ့ဆုံမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ၃ ခရိုင် နိုင်ငံရေးအင်အားစုများ ပူးပေါင်းအဖွဲ့ဝင် ကိုဟိန်းထက်က ပြောသည်။
“တနင်္သာရီအနာဂတ်ကို တနင်္သာရီတိုင်းသူတိုင်းသားတွေကပဲ စီမံမယ်ပေါ့ဗျာ၊ လိုက်လံတွေ့ဆုံပြီးတဲ့ အစုအဖွဲ့အသီးသီးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တိုင်းအဆင့်နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်ထွန်းလိုစိတ်ကလည်း ကျေနပ်အားရစရာ ကောင်းလှပါတယ်” ဟု ကိုဟိန်းထက်က ဆိုသည်။
လာမည့် နှစ်သစ် အစောပိုင်းလများအတွင်း အင်အားစုအသီးသီးပါဝင်သည့် တိုင်းအဆင့်နိုင်ငံရေးဦးဆောင်အဖွဲ့၏ ရုပ်လုံး ပေါ်လာအောင် ရည်မှန်းလုပ်ဆောင်နေကြောင်း ကိုဟိန်းထက်က ဆိုသည်။
ရွေးကောက်ခံ CRTH ဘက်ကမူ နှုတ်ဆိတ်ငြိမ်သက်စွာ ၂၀၂၃ ကို ဖြတ်ကျော်လိုက်လေသည်။
“တနင်္သာရီတိုင်း၏ စစ်ရေး”
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်းတွင်း စစ်ရေးတာဝန်ရှိသူများက NUG မှ ချမှတ်အကောင်အထည်ဖော်သည့် တစ်နှစ်တာစီမံချက်အရ ပြင်ဆင်၊တိုက်ခိုက်၊သိမ်းပိုက်ရေးလုပ်ငန်းစဉ်တို့ကို တိုင်းအနေဖြင့် ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။
မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖြစ်လာဖို့ရှိကြောင်း ပြောဆိုခဲ့ကြသည်။
၂၀၂၃ ခုနှစ်အတွင်းတွင်မူ စစ်ကောင်စီ၏ တပ်စခန်းများကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခြင်းတို့မှအပ ဗျူဟာမြောက်သည့် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ မတွေ့ရသေးပေ။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအမိန့်ပေးကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ကြားတွင် စုဖွဲ့မှုအားကောင်းသည်ဟုဆိုနိုင်သော်လည်း ၎င်းတပ်ဖွဲ့များနှင့် ဒေသခံတပ်ဖွဲ့(LDF)များ၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်တို့ကြားတွင် ခိုင်မာအားကောင်းသည့် စုဖွဲ့လုပ်ဆောင်မှုမျိုး မတွေ့ရပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တနင်္သာရီတိုင်းအခြေစိုက် တပ်မဟာ ၄ အနေဖြင့်လည်း အခြားတိုင်းနှင့်ပြည်နယ်ရှိ တပ်မဟာများကဲ့သို့ စစ်ကောင်စီအား တိကျပြတ်သားသော တွန်းလှန်တိုက်ခိုက်မှုမျိုးကို မတွေ့ရသေးပေ။
၎င်းအစား (KNU)တပ်မဟာ ၄ နှင့် ထားဝယ်ခရိုင်အတွင်းလှုပ်ရှားသည့် ကော်သူးလေတပ်မတော်(KTLA) တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းသိမ်းခြင်းတို့ လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းမီဒီယာတို့က ဖော်ပြနေကြပြီး ကရင်လူထုကလည်း ၎င်းနှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းနေသည်ကို မကြာခဏ တွေ့နေရလေသည်။
သို့ကြောင့် တိုင်းတွင်းစစ်ရေးက များစွာ ကြိုးစားဆွေးနွေးအဖြေရှာရဦးမည့်အခင်းအကျင်းမျိုးဖြစ်သည်။
“တိုင်းတွင်း အုပ်ချုပ်ရေး”
တနင်္သာရီတိုင်းအတွင်း၌ NUG ၏ ပြည်ထဲရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို ဆယ်မြို့နယ်စလုံးတွင် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။
တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှလွဲ၍ ကျန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်းနှင့် လုပ်ဆောင်နေမှုမှာ အားရစရာ မတွေ့ရပေ။
ယင်းသို့လုပ်ဆောင်နိုင်မှု အားနည်းခြင်းမှာ စစ်ရေးအရ အားသာမှု မရခြင်းကြောင့်ဟု ပြောဆိုမှုများကို တွင်တွင် သုံးစွဲနေကြသည်ကို တွေ့ရသည်။
တနင်္သာရီတိုင်းအတွင်း၌ ခရိုင်အဆင့်၊ တိုင်းအဆင့် အုပ်ချုပ်ရေးအဖွဲ့များ မရှိသေးဘဲ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဗဟိုအုပ်ချုပ်မှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းကော်မတီမှ တိုက်ရိုက်ကိုင်တွယ်နေကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ထံမှ သိရသည်။
“NUG ၏ ၂၀၂၄ ကတိစကားနှင့် တနင်္သာရီ၏ အရှိတရား”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်မသွား၊ တိုင်းရင်းသားတို့နှင့် ညှိနှိုင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်မည်ဟူသော ကတိ နှစ်ခုကို ၂၀၂၄ အတွက် NUG ပေးလာသည်။
လက်ရှိတော်လှန်ရေးသည် အာဏာရှင် တစ်စု ပြုတ်ကျသွားပြီး နောက်ထပ် အစိုးရတစ်ရပ် ပေါ်ထွန်းရုံတင် မဟုတ်ဘဲ စနစ်သစ်ဖြင့် ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စု တည်ဆောက်ရေးအထိ သွားရမည်ဖြစ်သည့်အတွက် တိုင်းရင်းသားတို့နှင့် ပေါင်းစပ်ညှိနှိုင်းသွားကြရမည်ဟု ဒေါ်ဇင်မာအောင်က ၂၀၂၄ အတွက် သတင်းစကား ပါးလာသည်။
“နိုင်ငံတော်သစ်ကို ထူထောင်ဖို့ သွားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ရေးအရ လှုပ်ရှားရ၊ ရုန်းကန်ရတာတွေ ရှိမှာ ဖြစ်သလို နိုင်ငံရေးအရ ပေါင်းစပ်ညှိနှိုင်းရတာတွေ၊ ဆွေးနွေးညှိနှိုင်းရတာတွေ နိုင်ငံတော်သစ်အတွက် ဆွေးနွေးရတာတွေက သေချာပေါက်လိုအပ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောဆိုသွားသည်။

ယင်းအတွက် တနင်္သာရီတိုင်းက စစ်ရေး၊ နိုင်ငံရေး၊ တိုင်းရင်းသားတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးတို့ အသင့်ဖြစ်နေပြီဟု အာမခံနိုင်သည့် အခင်းအကျဉ်းမျိုး မတွေ့ရသေးပေ။
ယင်းသို့ ဖြစ်ရခြင်းမှာ “နိုင်ငံရေးအရ စည်းနှောင်မှု အားနည်းခြင်းကြောင့်” ဟု တော်လှန်ရေးသမား လူငယ်တစ်ဦးက ထောက်ပြသည်။
၂၀၂၄ ခုနှစ်သည် မြန်မာ့နွေဦးတော်လှန်ရေးနှင့် တနင်္သာရီတိုင်းသားတို့၏အရည်အသွေးကို သမိုင်းရေးထိုးရန် ရောက်ရှိလာလေပြီ။
ဂါးဒီး
The Tanintharyi Times
