အထောက်အထားမဲ့မြန်မာကိုးသိန်းနီးပါးကို CI စာအုပ်ထုတ်ပေးမယ်လို့ဆို
အထောက်အထားမဲ့မြန်မာကိုးသိန်းနီးပါးကို CI စာအုပ်ထုတ်ပေးမယ်လို့ဆို
ထိုင်းနိုင်ငံက အထောက်အထားမဲ့ မြန်မာလုပ်သား ကိုးသိန်းနီးပါးကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံက အလုပ်ရှင်တွေအမည်စာရင်းတင်သွင်းထားတဲ့ အထောက်အထားမဲ့ မြန်မာမာရွှေ့ပြောင်းလုပ်သားတွေအတွက် သက်သေခံကတ်ပြားထုတ်ပေးနိုင်ဖို့ စခန်း (၅) ခုနှင့် ရွေ့လျားစခန်း ၃ ခုကို ဖွင့်လှစ်သွားမယ်လို့ ကြေညာထားပါတယ်။
CI ထုတ်ပေးမယ့်စခန်းတွေကတော့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီနဲ ပထုန်ဌာနီမှာတို့ဖြစ်ပြီး ရွေ့လျားစခန်းတွေကို တော့ ဆုန်ခလာ၊ ချင်းမိုင်နှင့် နခွန်စဝမ်မှာ ဖွင့်လှစ်မယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။
CI လက်မှတ်တွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကနေ စပြီး ထုတ်ပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
CI ထုတ်ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရောက် မြန်မာ အလုပ်သမားတစ်ဦးကတော့ ““ဘာမှကျေးဇူးတင်စရာမရှိဘူး။ ကျနော်တို့က သူတို့လက်ခုပ်ထဲကရေဖြစ်နေတာ။ တရားဝင်နေရဖို့ ကျနော်တို့ကဘာပဲလုပ်ရလုပ်ရလုပ်မှာပဲဆိုတော့ အဲဒါကို အခွင့်ကောင်းယူပြီး လုပ်ချင်သလိုလုပ်နေကြတာ။” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ CI ထုတ်ပေးမယ်လို့ မကြေညာခင် တစ်ပတ်လောက်အလိုမှာ CI အပါအဝင် အထောက်အထားတွေ လုပ်ဆောင်မယ်ဆိုရင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ ကြိုပြီး ကြေညာခဲ့ပါတယ်။
အခွန်ဆောင်ဖို့ ကြေညာတာနဲ့ ပတ်သက်ပြီး ထိုင်းရောက်မြန်မာတွေ အကြားမှာ ဝေဖန်မှုတွေ ရှိနေသလို ဆန္ဒထုတ်ဖော်တာတွေလည်း ရှိခဲ့ပါတယ်။
The Tanintharyi Times
