ဝင်ငွေခွန် ဆောင်မှ CI နဲ့ ပတ်စပို့ သက်တမ်းတိုးပေးမယ့် စစ်ကောင်စီကို ထိုင်းရောက်မြန်မာ အလုပ်သမားတွေ ဆန္ဒပြ

ဝင်ငွေခွန် ဆောင်မှ CI နဲ့ ပတ်စပို့ သက်တမ်းတိုးပေးမယ့် စစ်ကောင်စီကို ထိုင်းရောက်မြန်မာ အလုပ်သမားတွေ ဆန္ဒပြ

ဝင်ငွေခွန်ဆောင်ထားကြောင်း ပြေစာပြနိုင်မှ CI နဲ့ ပတ်စပို့ သပ်တမ်းတိုးပေးမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီ ကို ထိုင်းရောက်မြန်မာ အလုပ်သမားတွေက ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာ အလုပ်သမားတွေ စစ်‌ကောင်စီ ကို ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်ပြနိုင်မှ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့ CI ၊ ပတ် စပို့ တွေ ပြုလုပ်သက်တမ်းတိုးတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ပေးမယ်လို့ ဘန်ကောက်က မြန်မာသံရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားအများစု ကိုင်ဆောင်ထားကြရတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate Identity – CI စာအုပ်)၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား(OWIC) စတဲ့ အထောက်အထားတွေ ကို အခွန်ပေးသွင်းမှု အထောက်အထား လက်မှတ်ရှိမှ ပြုလုပ်တာ၊ သက်တမ်းတိုးတာလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့အတွက် အသိပေးကြေညာချက်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ထိုင်း-မြန်မာသံရုံးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အခြေခံအလုပ်သမားတွေ ရဲ့ လစဥ်ဝင်ငွေကို ၇၅၀၀ ဘတ် နှုန်းနဲ့ သတ်မှတ်ပြီး တစ်လကို ဝင်ငွေခွန် ၂ရာခိုင်နှုန်း ဖြစ်တဲ့ ၁၅၀ ဘတ်ကိုကို ပေးသွင်းဖို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ထုတ်ပြန်ချက်မှာတော့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ဝင်ငွေခွန်ထမ်းဆောင်ပြီးတဲ့ သူတွေကို အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ် ထုတ်ပေးနေပြီ လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခြေခံအလုပ်သမားတွေအနေနဲ့ တစ်ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ၃ လစာအတွက် ၄၅၀ ဘတ်ကိုပါ တပါတည်းပေးသွင်းရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အခုလဟာ နှစ်ကုန်လဖြစ်တဲ့အတွက် အထောက်အထားတွေ သက်တမ်းတိုးရတဲ့ ကာလဖြစ်ပြီး အဲဒါနဲ့ အချိန်ကိုက် စစ်ကောင်စီက ကောက်ခံတာဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ အခက်တွေ့နေကြရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအချို့က ပြောပါတယ်။

စစ်ကောင်စီဟာ အခွန်ကောက်ခံတာကို အခုဒီဇင်ဘာလမှ စတင်ခဲ့တာဖြစ်ပေမဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့အတွက် ဝင်ငွေခွန်ဥပဒေအသစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကတည်း အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ မှာ အတည်ပြုခဲ့တဲ့ ဝင်ငွေခွန်ဥပဒေမှာတော့ ပြည်ပရောက်နိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ နိုင်ငံခြား ငွေရရှိတဲ့ လစာခေါင်းစဉ်က ဝင်ငွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုတယ်ဆိုတဲ့အချက်ကို ပယ်ဖျက်ခဲ့ပြီး အောက်တင်ဘာလကနေ စတင်ကောက်ခံသွားမယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

connect burma

The Tanintharyi Times