မြန်မာအလုပ်သမားတွေကို အထောက်အထားမဲ့ မလေးရှားကို ပို့ဆောင်နေသူ ထိုင်း အမျိုးသမီး အဖမ်းခံရ
မြန်မာအလုပ်သမားတွေကို အထောက်အထားမဲ့ မလေးရှားကို ပို့ဆောင်နေသူ ထိုင်း အမျိုးသမီး အဖမ်းခံရ

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို တရားမဝင် ပို့ဆောင်နေသူ ထိုင်းအမျိုးသမီးတစ်ဦးကို လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနခွဲ ၆ ရဲ့ စုံစမ်းစစ်ဆေးရေးမှူး Pol Col Denchai Charoenyut က အသက် ၅၃ နှစ်အရွယ် ထိုင်းအမျိုးသမီး ပါလီးနီ Palinee (အမည်ခွဲ ချေးမိုင်) ကို တရားမဝင် ရွှေ့ပြောင်းလုပ်သား ပို့ဆောင်မှုနဲ့ အင်္ဂါနေ့က ဖမ်းဆီးခဲ့တယ်လို့ သတင်းဌာနကို ပြောပါတယ်။
ပါလီနီဟာ Sa Kaeo ခရိုင်မှာရှိတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာ တစ်ဦးဖြစ်ပြီး သူမကို ထိုင်း-မြန်မာ နယ်စပ်နဲ့ ထိုင်း-မလေးရှား နယ်စပ်မှာ ရှိတဲ့ ပွဲစားတွေနဲ့ ပူးပေါင်းပြီး မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ပို့ဆောင်နေမှုအတွက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူပါလီနီကို စွဲချက်တင်ထားတဲ့ အလုပ်သမား မှောင်ခိုတင်ပို့မှု အနည်းဆုံး ၇ ခု ရှိနေပြီး သူမအပါအဝင် သံသယရှိသူ ၁၃ ဦးကို Surant Thani၊ Songkhla၊ Pattani နဲ့ Yala ခရိုင် တွေမှာ တရားမဝင် အလုပ်သမားတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ အခန်းငှားရမ်းခြင်းတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
အဲဒီ့ ၁၃ ဦးထဲမှာ သူမ အပြင် နောက်ထပ် နှစ်ဦးကိုလည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခံရသူအမျိုးသမီး ရဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးခဲ့ရာမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ထိုင်းဘတ်ငွေ ၂၁ သန်း အသွင်းအထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ထိုင်းနိုင်ငံကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လိုသူ မြန်မာနိုင်ငံသားတွေကို Prachuap Khiri Khan ခရိုင်ကတဆင့် မလေးရှားနိုင်ငံအထိ ပို့ဆောင်ရာမှာ ပါဝင်လုပ်ကိုင်နေတာပါ။
သူတို့ဟာ နယ်စပ်ဖြတ်ကျော်လိုသူတစ်ဦးစီအတွက် စုစုပေါင်း ဘတ်ငွေ ၁၇၅၀၀ စီကောက်ခံကြတယ်လို့ သိရပါတယ်။
ထိုပမာဏထဲက အချို့မှာ Prachuap Khiri Khan ကနေ Songkhla အထိ ပို့ခ ဘတ် ၄၀၀၀၊ နေထိုင်စရိတ်နဲ့ စားစရိတ် ဘတ် ၁၅၀၀၊ အဲဒီ့ကနေမှ Narathiwat ကို ပို့ဆောင်ခ ဘတ်၂၅၀၀ နဲ့ မလေးရှားနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ဖို့ ဘတ် ၈၀၀၀ စသဖြင့် ကောက်ခံတယ်လို့ ဆိုပါတယ်။
Ref: ဘန်ကောက်ပိုစ့်
The Tanintharyi Times