သီချင်းနှစ်ပုဒ် အတွေးတစ်ဆုပ်

သီချင်းနှစ်ပုဒ် အတွေးတစ်ဆုပ်

ရွက်ဟောင်းကြွေချိန်မှာဆို အမြဲလိုပါပဲxxxxx ဒီတစ်ခါနှစ်သစ်ရောက်လို့ ဘဝဟောင်း စွန့်မြဲxxxxx

အသေအချာစဉ်းစားကြည့်တော့ ဘဝမျက်နှာ ဘာမှမပြောင်းလဲxxxxx

ဂစ်တာကို ဖြည်းဖြည်းညင်းညင်း တီးခတ်နေရင်း၊ သီချင်းကို တိုးတိုး ညည်းနေရင်းဖြင့်ပင် တခြားအတွေးတို့က အာရုံထဲတွင် ပြေးလွှားခုန်ပေါက်၍ နေ၏။

“အချိန်တွေကုန်တာ မြန်လိုက်တာ” ဟူသည့် ညည်းတွားသံမှာ ပတ်ဝန်းကျင်တွင် ဟိုလူသည်လူတို့ဆီမှ ကြားနေကျအသံ။

နှစ်တစ်နှစ်ကုန်ခါနီးပြီဆိုလျှင် အသက်တစ်နှစ်ကြီးလာတော့မည်ဟူသည့် ခံစားမှုဖြင့် စိတ်ထဲဝယ် လှောင်အိုက်၍ သွားပါသည်။

သည်လိုမျိုးဖြစ်တတ်သည်က အရွယ်သုံးပါးမရွေးခဲ့။ ငယ်ရွယ်စဉ်အချိန်တွေတုန်းကလည်း ခံစားခဲ့ရသည်။ ယခုအချိန်လည်း ခံစားရဆဲ။ နောင် အိုမင်းကြီးရင့်လာချိန်တွင်ရော…..။ မဟုတ်သေးပါ။ ထိုသို့ ခံစားနေရသည်က တစ်ခုခု မှားယွင်းနေသလိုပင်။

ပြာခွက်ထဲတွင် စီးကရက်တိုများက ပြည့်လျှံနေသည်ကို ထိုင်နေရာမှ လှမ်းပြီး မြင်နေရသည်။ မနက်ဖြန် သို့မဟုတ် တစ်ရက်ရက်တော့ သွန်ဖြစ်မည်ဟု သူ ထင်မိသည်။

မေ့လျော့စွာ ရပ်တန့်သွားသော သီချင်းကို ပြန်ဆက်ရန် သူ ဟန်ပြင်သည်။ ဂစ်တာကြိုးများအပေါ်သို့ သူ့လက်ကို ပြန်တင်လိုက်သည်။

ဘဝရဲ့ ဒဏ်ရာတွေကို မင်းရင်ခွင်က xxxxx အသာအယာဆွဲထုတ်ဖို့ ခွင့်ပြုလိုက်ပါxxxxx

ဟောင်းပြီ…ဟောင်းပြီxxxxx

အသက်ကြီးလာခြင်းဟူသည်က သေရန်နီးကပ်လာသည်ဟူသည့် အဓိပ္ပာယ်ဆောင်သောကြောင့် လူများစွာက မလိုချင်ကြ၊ ထိတ်လန့်ကြခြင်း ဖြစ်ပါလိမ့်မည်။ တဆက်တည်းမှာပင် လုပ်ချင်လျက်နှင့် မလုပ်နိုင်ခဲ့သည်များ၊ ဖြစ်ချင်လျက်နှင့် မဖြစ်ရသေးသည်များကို သတိရမိပြီး နောင်တလိုလို၊ ပူပန်မှုလိုလို ဖြစ်မိပြန်ပါသည်။ ဆင်ခြင်မိပြန်သည်။ အမှန်တကယ်တွင်မူ သေခြင်းဟူသည်က အချိန်အခါနှင့် နေရာမရွေး။

နှစ်အသစ်တွင် မည်သို့ နေထိုင်ကျင့်ကြံမည်၊ မည်သည်တို့ကို ဖြစ်မြာက်အောင် လုပ်မည်ဆိုသည်တို့ကို သန္နိဋ္ဌာန်များ ချခဲ့သည်ကိုလည်း သတိရမိပြန်ပါသည်။ ဒါကလည်း မရိုးနိုင်သည့် ဓာတ်ပြားတစ်ချပ်နှယ် နှစ်ဟောင်းပြီဆိုလျှင် အပ်ကြောင်းထပ်၍ နေပြန်တော့၏။ ကိုယ့်ကိုယ်ကိုယ် အပြောင်းအလဲကြီး ပြောင်းလဲပစ်လိုက်မည်ဆိုသည့် အတွေးများဖြင့်ပေါ့။

အသက်ကြီးလာပြီဟူသည့် ခံစားမှုက မကောင်းလှပါ။ သို့သော အဲသလို မကောင်းသည့် ခံစားမှုကို သူ့ရင်တွင် ကိန်းဝပ်မနေစေလိုပါ။ အသက်တို့ ကြီးရင့်လာခြင်းတွင် ကောင်းခြင်းအင်္ဂါတို့ ရှိမနေသည်လော။

ဟောင်းပြီ…ဟောင်းပြီxxxxxအရင်လို အတွေးဟောင်းနဲ့ ရှေ့ဆက်မနေနဲ့xxxxx

ဟောင်းပြီ…ဟောင်းပြီxxxxxသခင်၌ ဘဝသစ်ဖြစ်ဖို့ ကြိုးစားပါလားxxxxx

သည်နှစ်ထဲတွင် ကြေကွဲဆို့နစ်ဖွယ် အဖြစ်များက သူ့နိုင်ငံတွင်ရော၊ ကမ္ဘာတခွင်တွင်ရော ပေါ်ပေါက်ဖြစ်ပွားခဲ့သည်။ စစ်မီးလျှံနှင့် ရက်စက်ကြမ်းကြုတ်မှုများ၊ ပျောက်ဆုံးသွားကြရသည့် အသက်နှင့် ခန္ဓာများ၊ ထိုအထဲတွင် လူမမယ် ကလေးငယ်များ၊ အတိဒုက္ခရောက်နေကြရသည့် သန်းပေါင်းများစွာသော မိသားစုများ။

သည်ပုံရိပ်များက သူ့အပေါ် တစ်နှစ်တာလုံး ဖိမိုးထားခဲ့သည်။ ထိုအဖြစ်ဆိုးများ၊ လောင်မြိုက်မှုများကို ကမ္ဘာကြီးပေါ်မှာ အပြီးအတိုင် မောင်းထုတ်ပစ်လိုက်ချင်သည်။

ပျောက်ကွယ်သွားစေချင်သည်။ သည်အတွက် သူ ဘာလုပ်ရမည်နည်း။

အသစ်ဆိုသော နှစ်တစ်နှစ်က မကြာခင်တွင် သူ့ခန္ဓာကိုယ်ကို တိုးဝင်တိုက်ခတ် ဖြတ်သန်းပေတော့မည်။ အပြန်အလှန်ပင် သူကလည်း နှစ်အသစ်ဆိုတာကြီးထဲကို ဖြတ်သန်းတိုးဝင်ရပြန်ပေဦးမည်။

အသက်ကြီးလာသည်ဆိုသည်က မသေသေးသည့်သဘောကို ဆောင်သည်ပဲ။၊ ဆက်လက်ရှင်သန်နေသည့် အဓိပ္ပာယ်ကို ဖော်ပြနေသည်ပဲ။ ထိုအတွေးက သူ့ အသိထဲတွင် ရုတ်တရက် ပေါ်လာ၏။

ဟုတ်သည်။ အကယ်၍သာ မနေ့က၊ သို့မဟုတ် မနှစ်က၊ သို့မဟုတ် ကလေးဘဝတုန်းကတည်းကသာ သေဆုံးခဲ့မယ်ဆိုရင် သူ့အနေနှင့် အသက်ကြီးလာစရာ အကြောင်းလည်း ရှိတော့မည်မဟုတ်။ သည်တော့ မသေသေးသည့်သူတို့အနေနှင့် အသက်ကြီးလာမည်မှာ အသေအချာ။ ယင်းက ကောင်းသောကိစ္စမဟုတ်လော။ အသက်မကြီးချင်ရင် မြန်မြန်သေပစ်လိုက်၊ စောစောသေပစ်လိုက်ဟု နောက်တီးနောက်တောက် ဆိုရမလိုလိုပင်။

ဘယ်ကို သွားမလဲ တွေးမရတယ်…အိုကမ္ဘာရယ်xxxxx အဆွေးရိပ်များနဲ့ လွင့်လာတယ်xxxxx

မျှော်လင့်ခြင်းတို့ လမ်းပြကွယ်xxxxx အေးချမ်းတဲ့ နေရာလေးတစ်ခု ရောက်ချင်တယ်xxxxx

နောက်ထပ် သီချင်းတစ်ပုဒ်က သူ့ခေါင်းထဲသို့ ဝင်ရောက်လာပြန်သည်။ သူ့အသက်ကို ပြန်ကြည့်လိုက်သည့်အခါ မငယ်တော့ပြီ။

ကိုယ့်ထက်ငယ်ရွယ်သူတို့နှင့် တွေ့ဆုံကြုံကြိုက်ရသည့်ခါ သူတို့တွေနှင့် ကိုယ့်ကို ယှဉ်ထိုးကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ကြီးရင့်အိုမင်းလာပြီဟု မသက်မသာ ခံစားမိပြန်သည်။

ငယ်ရွယ်သူတို့အဖို့ လုပ်ချင်သည်တို့ကို လုပ်ရန် အချိန်များစွာ ကျန်သေးရဲ့၊ ဖြစ်ချင်သည်တို့အတွက် အိပ်မက်များ ဆက်မက်ရန် ကောင်းသေးရဲ့။ ငါ့မှာတော့….။ ယင်းခံစားမှုကလည်း မကောင်းလှ။

မျက်လုံးထဲမှာ မျဉ်းကြောင်းရှည်တစ်ကြောင်းကို မြင်ယောင်မိ၏။ ယင်းက သူ့ ဘဝခရီးလမ်း။ မျဉ်းပေါ်တွင် အမှတ်တစ်ခုကို စိတ်မှန်းဖြင့် ချမှတ်လိုက်သည့်အခါ အဲသည်အမှတ်ပေါ်တွင် သူ့ကို မြင်ရ၏။ လက်ရှိ သူ့ဘဝအနေအထား။

ငယ်ငယ်က စာသန်းခန်းထဲတွင် ကျောင်းသားကြီးတွေကို သူ ကြုံဖူးခဲ့ရသည်။ အဲသည် ကျောင်းသားကြီးများ ခံစားရသလိုမျိုးနှင့် တူပါလိမ့်မည်။ ကိုယ့်ထက်အသက်ငယ်သူများနှင့် တစ်တန်းတည်း ဖြစ်နေခြင်းက သူတို့ကို စိတ်ထိခိုက်စေမည်ပင်။ ကိုယ့်ကိုယ်ကိုယ် ညံ့ဖျင်းအသုံးမကျဟု တွေးခံစားရသည်ထက် ဆိုးရွားသော ကိစ္စသည် ဘဝ၌ မရှိ။ ဆိုးရွားသော အတွေးမျိုးကို နှလုံးတွင် ပိုက်ထွေးထားရန် သူ မလိုလားပါ။

ဝေဒနာလူxxxxx အတွေးလေမှာနှင်xxxxx

လူဆိုသည်က စိတ်ဆင်းရဲမှု သို့မဟုတ် စိတ်ချမ်းသာမှုကို ကြံဖန်ပြီး ရှာဖွေတတ်ကြသော သတ္တဝါတစ်မျိုးပေပဲ။ စိတ်ဆင်းရဲချင်နေသည့်အခါ စိတ်ဆင်းရဲစရာအကြောင်းများကို လိုက်ပြီး ကြည့်တတ်သည်။

ဥပမာ- လူတစ်ယောက်သည် စိတ်ဆင်းရဲချင်နေသည့်အခါ ကိုယ့်ထက် ချမ်းသာပြည့်စုံနေသူနှင့်ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ်၊ အားမလိုအားမရ ဖြစ်မိသည်။ စိတ်ချမ်းသာချင်သည့်အခါတွင်မူ ကိုယ့်ထက်ပို၍ ဒုက္ခရောက်နေသူတို့နှင့် နှိုင်းစာပြီး ကျေနပ်တတ်သည်။

ဒီကမ္ဘာကြီးရဲ့ နောက်ကကွယ်xxxxx ဝေဒနာလူ ခြေသံနားစွင့်လိုက်ခဲ့တယ် မေရယ်xxxxx

တစ်ခါတုန်းက သူ လမ်းလျှောက်နေရင်း စူးစူးဝါးဝါး ဝေဒနာကို ခံစားနေရသည်။ နောက်ကျောထဲမှာ ထိုးအောင့်နေပြီး ချက်ချင်းပင် လဲကျသေဆုံးသွားတော့မလိုမျိုး။ အဲသည်တုန်းက သူ့အသက်မှာ ၂၀ ကျော်ဝန်းကျင်။ တကယ့်ကို ငယ်ရွယ်ပျိုမြစ်သေးချိန်။ သေခြင်းတရားက သူ့ကို ခြောက်လှန့်၍ နေသည်။ ဘဝတွင် သည်ကဲ့သို့ တစ်ကြိမ်မှ မဖြစ်စဖူး။ မခံစားဖူးခဲ့။

ဆေးခန်းဆီသို့ အားတင်းပြီး သွားနေရင်း လမ်းပေါ်တွင် လူပေါင်းစုံ၊ အရွယ်ပေါင်းစုံတို့ကို မြင်တွေ့နေရသည်။ တချို့ဆိုလျှင် အသက်အရွယ်တွေက အိုမင်းရင့်ရော်နေကြပါပြီ။ သူတို့ကို ကြည့်မိပြီး ငါဖြင့် သူတို့လို အိုမင်းကြီးရင့်တဲ့အထိ အသက်ရှည်ပါ့မလားဟု တွေးတောနေမိသည်။ အဲသည်အတွေးဖြင့်ပင် လူကြီးသူမများအပေါ် ရုတ်ခြည်း လေးစားစိတ်ဝင်သွားမိသည်။

သူတို့တတွေအနေနှင့် ဆင်းရဲ၊ ချမ်းသာ၊ နုံနဲ့၊ ထက်မြတ် ဘာပဲဖြစ်ဖြစ် သူ့ခံစားမှုတွင် လေးစားဖွယ် ဖြစ်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူတို့၏ ရုပ်နှင့် နာမ်ကို တည်မြဲအောင် ထိန်းသိမ်းထားနိုင်ခဲ့ကြပါပကောဟူသည့် နားလည်မှုဖြင့်ပင်။

ထိုသတိရမှုက သူ့ကို အသိတစ်ခု ပေးလိုက်ပါသည်။ သူ့အနေနှင့် ဘဝတွင် အများကြီး မဖြစ်လိုတော့။ ညံ့ဖျင်းခြင်း၊ တော်ခြင်းဆိုသည်တို့အပေါ်တွင်လည်း ခံစားမှုမထားလိုတော့။ သူ ထမ်းပိုးခဲ့ရသော ဝေဒနာတို့ ပြေပျောက်ပြီး ငြိမ်းအေးစွာ ရှိရလျှင်ပင် ကျေနပ်ဖွယ် ဖြစ်ပေလိမ့်မည်။

ဝေဒနာ။ သူ့ဘဝတစ်လျှောက် ဝေဒနာတွေက များလှသည်။ ဒုက္ခတွေက စုံလှသည်။ အဖြစ်အပျက်တွေက အဖုံဖုံ။ မွေးဖွားလာခြင်းသည်ပင် ဒုက္ခဟုဆိုကြသည်။ ယင်းနှင့်ဆက်နွှယ်ပြီး အိုရ၊ နာရ၊ ပြီးလျှင် သေရဦးမယ်။ သည်ကြားထဲ မချစ်မနှစ်သက်သူတို့နှင့် ဆုံရ၊ ချစ်နှစ်သက်သူတို့နှင့် ဝေးကွာရ၊ လိုချင်သည်တို့ကို ဆုံးရှုံးရ၊ ငိုကြွေးရ၊ ပူလောင်ရ၊ သောကပွေရ။ သည်ဒုက္ခတို့နှင့်စပ်လျဉ်းပြီး ဝေဒနာတွေက အစုံအလင်။

အနာဂတ်တွင် သည်ဝေဒနာတို့ ကင်းချုပ်သွားလိုမှုကိုသာ သူ တောင့်တပါတော့သည်။ ထိုသို့ဖြစ်လျှင် မကောင်းပေဘူးလား။

သည်အတွေးများက သူ့ကို သိမြင်အသစ်တွေ ရစေသည်။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာပြီဟု သိနေခြင်းသည်ကပင် ကျေနပ်စရာ။ အခုလောက် ရှည်ကြာအောင် မသေဘဲရှိနေနိုင်တာကဖြင့် ထူးမြတ်တဲ့ အရည်အချင်းကောင်းတစ်ရပ်မဟုတ်လား။ တကယ်တမ်းတွင် အသက်ကြီးလာနေခြင်းဟူသည်ကပင် ရှင်သန်နေခြင်း၏ လက္ခဏာ။

ငြိမ်းအေးစွာပင် ဂစ်တာကို သူ ဆက်တီးသည်။ သီးချင်းကို ဆက်ညည်းသည်။ သည်သီချင်းနှစ်ပုဒ်ကို ထပ်ခါထပ်ခါ။

ဝေဒနာလူxxxxx အတွေးလေမှာနှင်xxxxx မသေခင်တုန်း အေးချမ်းသွားပါရစေxxxxx

အဆွေးသမားရယ်…ဝေဒနာ ကမ္ဘာကြီးရယ်xxxxx အေးချမ်းတဲ့နေရာ မမောတမ်းသွားမယ်xxxxx

ပြီးတော့ နောက်တစ်ပုဒ်။

ဘဝရဲ့ ဒဏ်ရာတွေကို မင်းရင်ခွင်ကxxxxx အသာအယာဆွဲထုတ်ဖို့ ခွင့်ပြုလိုက်ပါxxxxx

ဟောင်းပြီ…ဟောင်းပြီxxxxx အရင်လို အတွေးဟောင်းနဲ့ ရှေ့ဆက်မနေနဲ့xxxxx

ဟောင်းပြီ…ဟောင်းပြီxxxxx သခင်၌ ဘဝသစ်ဖြစ်ဖို့ ကြိုးစားပါလားxxxxx

ငြိမ့်လွင့်

The Tanintharyi Times