ပြက္ခဒိန်စာရွက်ကလေးတွေ
ပြက္ခဒိန်စာရွက်ကလေးတွေ
အခုလို နှစ်တစ်နှစ်ကုန်ခါနီးပြီဆိုရင် ပြက္ခဒိန်အသစ်တွေ ဝယ်ကြတာ ဓမ္မတာပါပဲ။
အပြင်လောကမှာလိုပါပဲ၊ ထောင်ထဲမှာလည်း ပြက္ခဒိန်အသစ်ဝယ်တဲ့ ရာသီကို ရောက်လာခဲ့ပါတယ်။
အခန်းရဲ့ တန်းစီးက ပြက္ခဒိန်တစ်ခု လှူဖို့ သူ့ကို လာပြီး ချဉ်းကပ်ပါတယ်။ မဆိုင်းမတွ သူ လက်ခံလိုက်ပါတယ်။ ထောင်ဝန်ထမ်းတွေကို မှာလိုက်တဲ့အခါ နောက်တစ်ရက်နှစ်ရက်ကြာတော့ ပြက္ခဒိန်တစ်ခု သူတို့အခန်းထဲကို ရောက်လာပါတော့တယ်။ ပြက္ခဒိန်က တစ်ရက်ကုန်ရင် တစ်ရွက်ဆုပ်ပစ်ရတဲ့ ရွက်ဆုပ်ပြက္ခဒိန်ကလေးပါပဲ။
မကြာခင်မှာ နှစ်သစ်တစ်ခု ရောက်လာတော့မယ်။ ကုန်သွားတဲ့ ရက်တွေထဲမှာ သူတို့တတွေဟာ အကျဉ်းစံအဖြစ်နဲ့သာ ဖြတ်သန်းနေခဲ့ရတာ။ နှစ်တစ်နှစ်ကုန်ဆုံးသွားတာနဲ့အတူ သူတို့တတွေရဲ့ အကျဉ်းစံနေ့ရက်တွေလည်း ပြီးဆုံးသွားပါစေလို့ သူ ဆန္ဒပြုမိပြန်ပါတယ်။
ပြက္ခဒိန်တွေဟာ လူသားတွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သူ အရင်တုန်းက တွေးမကြည့်မိခဲ့ပါဘူး။ လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်၊ အလုပ်တွေရဲ့ လိုအပ်ချက်အရ ပြက္ခဒိန်ဟာ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် ဖြစ်နေခဲ့တာ ကြာပါပြီ။
အခုခေတ်မှာတော့ ဖုန်းတွေထဲ၊ ကွန်ပျူတာတွေထဲကနေ အလွယ်တကူ ကြည့်နိုင်၊ သိနိုင်ကြတာကြောင့် ပုံနှိပ်ပြက္ခဒိန်တွေက တဖြည်းဖြည်းနဲ့ နောက်နားကို ရောက်သွားခဲ့ကြပါပြီ။ အိုင်တီပစ္စည်းတွေကို အကျဉ်းသားတွေအနေနဲ့ သုံးစွဲခွင့် မရှိကြတာမို့ ပုံနှိပ်ပြက္ခဒိန်ကိုပဲ အသုံးပြုနိုင်ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ပြက္ခဒိန်အဟောင်းလေးတစ်ခုကို ထောင်ရဲ့အခန်းနံရံတစ်ခုပေါ်မှာ သူ တွေ့ခဲ့ရပါသေးတယ်။ အာဏာမသိမ်းခင် ခုနှစ်တစ်ခုရဲ့ ပြက္ခဒိန်ကလေးပါပဲ။ လွတ်သွားပြီဖြစ်တဲ့ တစ်ချိန်က အကျဉ်းသားတွေ အသုံးပြုခဲ့တာလား၊ လက်ရှိအကျဉ်းသားတွေကပဲ တမင်တကာ မဖြုတ်ဘဲ ထားတာလားပါပဲ။ ဝန်ထမ်းတွေကလည်း မသိချင်ယောင်ဆောင်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီပုံကို ထောင်ထဲမှာ တွေ့ရတာဟာ တစ်စုံတစ်ရာ ခွန်အားဖြစ်စေပါတယ်။
အပြင်လောကကလူတွေအတွက် ပြက္ခဒိန်ဆိုတာ ကိစ္စတစ်ခုခု လုပ်ဖို့ အမှတ်အသား ဖြစ်မှာပါပဲ။ ဘယ်နေ့ကျရင် ဘာလုပ်မယ်၊ ဘယ်ကိုသွားမယ်၊ ဘယ်သူနဲ့ တွေ့မယ်။
အကျဉ်းသားတွေအတွက်တော့ အဲဒါမျိုးတွေ ရှိမနေတာကြောင့် ပြက္ခဒိန်ကို တခြားအဓိပ္ပာယ်နဲ့ပဲ လိုအပ်ကြပါတယ်။ လက်ထဲရောက်လာတဲ့ ရွက်ဆုပ်ပြက္ခဒိန်အသစ်ကလေးကို ကြည့်ရင်း သူ တွေးတောနေမိပါတယ်။ ဒီပြက္ခဒိန်ရဲ့ စာရွက်ကလေးတွေ ဘယ်လောက်ကုန်သွားတဲ့အခါ အိမ်ကို ပြန်ရမှာပါလိမ့်လို့။
ဘဝဆိုတာ စာမျက်နှာကျော်ပြီးဖတ်လို့မရတဲ့ စာအုပ်တစ်အုပ်လိုပဲလို့ ပြောကြတာတွေ ရှိပါတယ်။ စာမျက်နှာတစ်ခုချင်းပဲ နေ့စဉ်ဖတ်နေရပြီး နောက်စာမျက်နှာမှာ ဘာတွေရေးထားတယ်ဆိုတာကို ကြိုမသိနိုင်ပါဘူး။ သိချင်လို့လည်း မရပါဘူး။
ဒါပေမဲ့ ပြက္ခဒိန်ကတော့ နှစ်တစ်နှစ်စာအတွက် ကြိုတင်ရိုက်နှိပ်ထားပြီး ဖြစ်ပါတယ်။ စာမျက်နှာပေါင်း ၃၆၅ မျက်နှာပေါ့။ ဒါဟာ အကျဉ်းသားတွေရဲ့ စာမျက်နှာတွေလည်း ဖြစ်ပြန်ပါတယ်။
ပြက္ခဒိန်စာရွက်ကလေးတွေကို တစ်ရွက်ပြီး တစ်ရွက် လှန်လှော ကြည့်မိနေပါတယ်။ လက်တစ်ဖဝါးစာလောက် ရှိတဲ့ စာရွက်ကလေးတွေမှာ နေ့နံအရုပ်တွေ၊ နေ့တွေ၊ ဂဏန်းတွေ နေရာအနှံ့ပါပဲ။ တချို့ရက်တွေမှာ အနီရောင်၊ ကျန်တဲ့ ရက်တွေမှာ အပြာရောင်။
ဒီလိုမျိုး စာမျက်နှာတွေ တစ်ခုပြီး တစ်ခု လိုက်ကြည့်နေရတာကလည်း စိတ်ဝင်စားစရာလည်း ကောင်းလှပါတယ်။ နှစ်သစ်ကူးနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပေါင်းလပြည့်နေ၊ သင်္ကြန်ရုံးပိတ်ရက်ရှည်၊ ပြီးတော့ သူ အဖမ်းခံရတဲ့နေ့။ နေ့စွဲတွေ အများကြီးပါပဲ။ အခုတော့ အကုန်လုံးဟာ သူနဲ့ ဝေးကွာသွားကြပါပြီ။ မသက်ဆိုင်တော့သလိုပါပဲ။
ဘဝဆိုတာ စာမျက်နှာကျော်ဖတ်လို့ မရတဲ့ စာအုပ်ဆိုပေမဲ့ အကျဉ်းသားတွေအတွက်ကတော့ ပြဋ္ဌာန်းပြီးသားတွေပါပဲ။ နံရံနဲ့ တံတိုင်းတွေအလယ်မှာပဲ စက်ဝန်းတစ်ခုလို လည်နေကြရဦးမှာပါ။ ဒီလိုတွေးမိတဲ့အခါ သီချင်းတစ်ပုဒ်ကိုတောင် ပြင်းပြင်းပြပြ သတိရမိပြန်ပါတယ်။ သာ့တီသရီး(၃၃) ဆိုတဲ့ သီချင်းပါပဲ။
xxxxx မဆိုချင်ပေမဲ့လည်း အစအဆုံး တစ်ခေါက်ထပ်ဆိုဦးမယ် xxxxx ဒီနေရာမှာ လည်နေတဲ့ ဒီသီချင်း ဘယ်တော့မှ ပြီးမှာလဲ xxxxx လက်လည်း ညောင်းသွားပြီ xxxxx ငါ့အာခေါင်တွေ နာနေပြီ xxxxx ငါ့ကို ဘယ်သူမှ အရေးမလုပ်ကြတော့ဘူး xxxxx
သူ ငယ်ငယ်က အဖော်တွေနဲ့ လမ်းပေါ်မှာ ဂစ်တာတီးတိုင်း ဒီသီချင်းကို မကြာခဏ သီဆိုခဲ့ဖူးပါတယ်။ တေးရေးဆရာ အရိုးဟာ ဘာကိုဆိုလိုချင်လို့ ရေးတယ်လို့ သူ မသိရပေမဲ့ ငြီးငွေ့မှုတွေအကြားက လူတစ်ယောက်ရဲ့ ဘဝကိုတော့ ခံစားရပါတယ်။ အခုတော့ လက်ရှိအကျဉ်းစံဘဝတွေကို လာပြီး ထင်ဟပ်နေသလို သူ ခံစားမိနေပါတယ်။
xxxxx အပြင်မှာ နေသာလို့ အိမ်ထဲ ထီးဆောင်းရဦးမယ် xxxxx အပြင်မှာ နေမသာလည်း ဝတ္တရားမပျက်ဖို့ အရေးကြီးတယ် xxxxx နေလည်း စောင်းသွားပြီ xxxxx လူတွေကို ငါမုန်းတီး xxxxx ဘဝဟာ ဘာမှမဟုတ်တဲ့ သစ်တော်သီး xxxxx
သီချင်းရဲ့ အဆုံးပိုင်းမှာ စာသားတချို့က ဒီလိုပါ။
xxxxx နံပါတ်က သာ့တီသရီး xxxxx သေသေချာချာ ငါမမှတ်မိ xxxxx ငါ့လည်မှာ သူတို့ဆွဲပေးတဲ့ လော့ကတ်သီး xxxxx
အခု သူ့မှာလည်း ထောင်က ပေးထားတဲ့ နံပါတ်တစ်ခု ရှိနေပါတယ်။ ထောင်ဝင်နံပါတ်လို့ခေါ်တဲ့ နံပါတ်ပါပဲ။ ဒီလိုပါပဲ၊ တခြားအကျဉ်းသားတွေမှာလည်း ကိုယ်စီကိုယ်စီ နံပါတ်တွေနဲ့ပါပဲ။ ဒီနံပါတ်တွေကို ကြည့်တာနဲ့ ဘယ်သူက ထောင်ထဲမှာ နှစ်ဘယ်လောက်ကြာပြီဆိုတာ၊ ဘယ်သူက ထောင်သက်ရင့်ပြီ၊ ဘယ်သူက ထောင်သက် နုသေးတယ် ဆိုတာတွေကို သိနိုင်ကြပါတယ်။
ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးတဲ့အခါ နေ့စွဲကလေးတွေကို တော်တော်များများ ထိုးကြတာ ရှိပါတယ်။ ဘဝမှာ ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ တစ်စုံတစ်ရာသော အမှတ်တရနေ့ကလေးတွေ ဖြစ်မှာပါပဲ။ အကျဉ်းသားတွေမှာလည်း အဲသလိုမျိုး လုပ်လေ့ရှိကြပါတယ်။ အဖမ်းခံရတဲ့ နေ့၊ အမိန့်ချလိုက်တဲ့ နေ့ စတာတွေကို တစ်ဘဝစာမမေ့အောင် ထောင်ထဲမှာ တက်တူးထိုးကြလေ့ရှိပါတယ်။
တစ်ခါတော့ အကျဉ်းသားလူငယ်ကောင်လေးတစ်ယောက်က ပြက္ခဒိန်စာရွက်ကလေးကို တက်တူးထိုးပါတယ်။ ထောင်ထဲမှာ တက်တူးထိုးပေးတဲ့သူတွေ ရှိပါတယ်။ ဝန်ထမ်းတွေ မသိအောင် ခိုးပြီး လုပ်ကြရတာပါ။
ရုတ်တရက် ကြည့်လိုက်ရင် ပြက္ခဒိန်စာရွက်ကလေး ကပ်ထားသလိုမျိုးပါပဲ။ အထဲမှာပါတဲ့ နေ့စွဲတွေ၊ ခုနှစ်သက္ကရာဇ်တွေကတော့ အမျိုးမျိုးပါပဲ။ အဖမ်းခံရတဲ့ နေ့လည်းပါပါတယ်။ ပြီးတော့ တက်တူးထိုးတဲ့နေ့စွဲကလေးလည်း ပါပြန်ပါတယ်။ နောက်တစ်ခါ နေရာလွတ်တစ်ခုကိုလည်း သက်သက်ချန်ထားပါသေးတယ်။ ဒါကတော့ တစ်နေ့ကျရင် ထောင်ကလွတ်တဲ့ရက်စွဲကို ဖြည့်ဖို့ပါတဲ့။
ပြက္ခဒိန်စာရွက်တွေဟာ အကျဉ်းသားတွေအတွက် နောက်ထပ်သင်္ကေတတစ်မျိုးလည်း ဖြစ်ပြန်ပါတယ်။ အပြင်လောကကလူတွေအတွက် အချိန်တွေကုန်ဆုံးသွားတာဟာ အသက်ကြီးရင့်လာတယ်လို့ ခံစားမိပြီး ကုန်သွားတဲ့အချိန်တွေကို နှမြောစရာအဖြစ် မြင်တတ်ကြပါတယ်။ အကျဉ်းသားတွေအတွက်တော့ ပြောင်းပြန်ပါပဲ။
တစ်ရက်ကုန်သွားတိုင်း လွတ်ဖို့တစ်ရက်ပိုနီးလာတာမို့ အချိန်တွေကို မြန်မြန်ပဲ ကုန်စေချင်ကြတာပါ။ ဒါပေမဲ့ သူတို့ဖတ်ရတဲ့ နေ့စဉ်စာမျက်နှာတွေကတော့ ပျင်းရိဖွယ် ရှည်လျားလွန်းပါတယ်။ တစ်နေ့တာအချိန်တွေဟာ ကုန်ဆုံးဖို့ ကြာညောင်းတယ်လို့ ခံစားကြရပါတယ်။
ပြီးတော့လည်း ဖတ်နေရတဲ့ နေ့စဉ်စာမျက်နှာတွေဟာ တစ်ခုနဲ့ တစ်ခု အတူတူပါပဲ။ ဓာတ်ပြားဟောင်းကြီးလိုပါပဲ။ တစ်နေ့နဲ့ တစ်နေ့ဟာ ဘာမှ ထူးပြီး ကွာခြားမနေပါဘူး။
မိုးလင်းရင် အိပ်ရာထ၊ ထောင်က ကျွေးတာစား၊ မှောင်လာတဲ့အခါ အိပ်ရာဝင်။ ဒီလူ၊ ဒီမျက်နှာ၊ ဒီအသံတွေနဲ့ ဒီအရာဝတ္ထုပစ္စည်းတွေပါပဲ။
နောက်တစ်ရက်ကို မြန်မြန်ရောက်စေချင်တဲ့ ဆန္ဒတွေဟာ အကျဉ်းသားတိုင်းလိုလိုမှာ ရှိနေကြပါတယ်။ အဲဒီလို ခံစားမှုကို မချုပ်တည်းနိုင်တဲ့ အကျဉ်းသားတချို့ကတော့ ညနေ ၆ နာရီ ထောင်ပိတ်ပြီဆိုတာနဲ့ ပြက္ခဒိန်စာရွက်ကို ဆုပ်ဖြဲလိုက်တော့တာပါပဲ။ ဒါဟာ တစ်ရက်ကုန်သွားပြီဆိုတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ပြက္ခဒိန်ပေါ်က နေ့စွဲက အသစ်ဖြစ်သွားပြီမဟုတ်လား။
အပြင်လောကမှာ နေ့တွေကုန်ဆုံးနေမှုအတွက် တရားသံဝေဂပွားစရာ လင်္ကာတချို့ ရှိပါတယ်။ ‘တစ်နေကွယ် သေနယ်သို့ တစ်ရက်ကူး၊ မေ့လျော့ကာ သေဘူးမထင်ပါနဲ့၊ နေကွယ်တာ အချိန်များရယ်ဖြင့် သေနယ်ရွာ တစ်ကြိမ်သွားရတယ်၊ တားမရဘူး’ ဆိုတဲ့ လင်္ကာလေးကို သူသတိရမိပါတယ်။
ဒါပေမဲ့ သူတို့အကျဉ်းသားတွေအတွက်တော့ တစ်ရက်တာကုန်သွားပြီဆိုတဲ့အခါ တစ်ရက်အတွက် ဝဋ်ကြွေးကျေသွားသလိုမျိုး ခံစားကြရတာမို့ ကျေနပ်စရာကောင်းနေပါတယ်။ လွတ်ရက် မြန်မြန်နီးတာပေါ့။
ဒီလိုနဲ့ ညနေ ထောင်ပိတ်ချိန်ဟာ အကျဉ်းသားတွေအတွက်တော့ နေ့ဟောင်းကုန်ဆုံးပြီး နေ့သစ်ကူးချိန် ဖြစ်နေပါတော့တယ်။
ဘာပဲဖြစ်ဖြစ် သူလှူလိုက်တဲ့ ပြက္ခဒိန်ကလေးဟာ အကျဉ်းသားတွေအတွက် အသုံးတည့်နေတာကို တွေ့ရတဲ့အခါ ဝမ်းသာရပြန်တာပါပဲ။

