စဥ်ဆက်မပြတ်ပညာရေးနဲ့ ပတ်သက်ပြီး တနင်္သာရီဒေသက CDM ကျောင်းသူ၊ ကျောင်းသားတို့ရဲ့ အသံ
စဥ်ဆက်မပြတ်ပညာရေးနဲ့ ပတ်သက်ပြီး တနင်္သာရီဒေသက CDM ကျောင်းသူ၊ ကျောင်းသားတို့ရဲ့ အသံ
ပညာရေးဟာ လူတဦးချင်းစီနဲ့ သူတို့နေထိုင်တဲ့တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်ပါတယ်။ မြန်မာမှာတော့ စစ်အာဏာသိမ်းမှုဟာ နိုင်ငံရဲ့ပညာရေးလမ်းကြောင်းတွေကို ပြတ်တောက်စေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်အာဏာရှင်ကိုလည်းဆန့်ကျင် အာခံရင်း ပြတ်တောက်သွားတဲ့ ပညာရေးလမ်းကြောင်းကို လူငယ်တွေ ဘယ်လိုဘယ်ပုံ ဆက်လက် လျှောက်လှမ်းနေကြပါသလဲ။ သူတို့အနာဂတ်ကိုရော ဘယ်လိုပုံဖော်နေကြလဲ။ အခင်းအကျင်းအသစ်နဲ့ ပညာရေးသင်ယူမှုတွေမှာ သူတို့ရဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဒီအကြောင်းတွေကို တနင်္သာရီတိုင်းအတွင်းက CDM တက္ကသိုလ်ကျောင်းသားတချို့ကို မေးမြန်းပြီး တောင်ပိုင်းသားတို့အသံကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မြိတ်နည်းပညာတက္ကသိုလ် CDM ကျောင်းသူ
မေး - စစ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသား၊ ကျောင်းသူတစ်ယောက်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ - စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပညာရေးကလုံးဝကို ပြတ်တောက်သွားတယ်။ CDM ဝင်ခဲ့တာရော၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရော နှစ် နှစ်လောက် ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်ခဲ့တယ်။ ကျောင်းတက်နေတာကလည်း 4BE တောင်ရောက်နေပြီလေ။ အချိန်က လေးနှစ် နီးပါးရင်းခဲ့ရတာဆိုတော့ ကိုယ့်ဘဝခရီးအတွက် အများကြီးစိတ်ဓာတ်ကျခဲ့တယ်။
မေး - လက်ရှိမှာရော ပညာရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်ဖြစ်နေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ပြီးသင်ယူလေ့လာနေလဲ။
ဖြေ - လက်ရှိမှာတော့ ကိုယ်ဘာကိုတကယ်စိတ်ဝင်စားလဲဆိုတာ ပြန်ဆန်းစစ်ပြီး career change ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အရင်ကတော့ နည်းပညာကျောင်းသူပေါ့။ အခုတော့ IT field ထဲခြေစုံပစ်ဝင်ခဲ့တယ်။ IT field က ကျယ်ပြန့်တာမလို့ online ပေါ်ကနေ learning platform တွေရှာတယ်။ programming language တွေလေ့လာခဲ့တယ်။ အခုလည်းလေ့လာနေဆဲပါပဲ။
မေး - အခုလို ဆက်ပြီးလေ့လာရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကို ကြုံရသလဲ။
ဖြေ - အခက်အခဲကတော့အများကြီးပါပဲ။ ကိုယ်အရင်ကလေ့လာခဲ့တာကတစ်ခု၊ အခုလေ့လာနေတာကတစ်ခုဆိုတော့ အကုန်အစကနေပြန်စရတာပါပဲ။ မြန်မာနိုင်ငံအနေအထားကလည်း ဘွဲ့မရရင်အလုပ်မခန့်ကြဘူးလေ။ IT field ကတော့ ခြွင်းချက်ဆိုပေမယ် သူ့မှာလည်း diploma တွေ၊ degree တွေ တောင်းတာပါပဲ။ သူနဲ့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်အဆင့်ရောက်မှပဲ အလုပ်ရဖို့များတဲ့ အနေအထားပါပဲ။ ဒါတောင်ဘွဲ့ရတဲ့လူနဲ့ယှဉ်လိုက်ရင် ကိုယ်ကတစ်ပန်းရှုံးနေသေးတာ။ CDM ဝင်ခဲ့တာမလို့ ကျောင်းတက်ဖို့အတွေးကလည်းလုံးဝမရှိ၊ တစ်ခါတစ်လေဆို ငါဘွဲ့တစ်ခု ဘယ်အချိန်မှရနိုင်မလဲဆိုတဲ့ အတွေးတွေလည်း ဝင်လာရော။
မေး - လက်ရှိမှာ ကိုယ့်ရဲ့ သူငယ်ချင်းအဝန်းအဝိုင်းတွေထဲက CDM ကျောင်းသူကျောင်းသားတွေထဲမှာ ပညာရေးကို လက်မလျှော့ပဲ ဆက်လုပ်နေတဲ့သူ ဘယ်လောက်လောက်ရှိလဲ။ သူတို့ရော ပညာရေးကိုဘယ်လိုနည်းလမ်းတွေနဲ့ လေ့လာသင်ယူနေကြလဲ။
ဖြေ - CDM ကျောင်းသား၊ ကျောင်းသူ အများစုကလည်း အကုန်ကိုယ့်ဘဝအတွက် ရရာနေရာက ကြိုးစားနေကြတာပါပဲ။ အဓိကအားဖြင့် website တွေကနေ လေ့လာနေတာကပိုများပါတယ်။
မေး - တခြားနည်းလမ်းတွေနဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်နေတဲ့ သူတွေကို ဘယ်လိုအကြံဉာဏ်လေးတွေ စကားပါးချင်ပါသလဲ။
ဖြေ - အကြံပေးချင်တာကတော့ ကိုယ်ရောက်တဲ့နေရာမှာ ရရာနေရာကနေ အကောင်းဆုံး ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ဒီလိုဖက်ဆစ်စစ်တပ်ရဲ့ လက်အောက်မှာသင်ကြားရတဲ့ပညာထက် ကိုယ်ရရာနေရာကကြိုးစားသင်ယူနေတဲ့ဟာက ပိုပြီးသိက္ခာရှိပါတယ်။ လိပ်ပြာလည်း လုံပါတယ်။
ထားဝယ်နည်းပညာတက္ကသိုလ် CDM ကျောင်းသူ
မေး - စစ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသား၊ ကျောင်းသူတစ်ယောက်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ - စစ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသူတစ်ယောက်အနေနဲ့ ပညာရေးနဲ့ပက်သက်ပြီး တခန်းရပ်သွားတယ်။ တက် လက်စပညာရေးနဲ့လည်း ပြတ်တောက်သွားတယ်ပဲ ပြောရမှာပေါ့နော်။ အစပိုင်းမှာတော့ CDM ကို လူတိုင်းနီးပါးပါဝင်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနည်းသထက်နည်းလာတယ်ဆိုတာကတော့ လူတိုင်းအသိဆုံးပါပဲ။
မေး - လက်ရှိမှာရော ပညာရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်ဖြစ်နေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ပြီးသင်ယူလေ့လာနေလဲ။
ဖြေ - ကျမတို့အနေနဲ့ကတော့ လက်လှမ်းမှီသလောက် Online platform တွေကနေပို့ချပေးနေတဲ့ အမျိုးမျိုးသောဘာသာရပ်တွေထဲကမှ မိမိစိတ်ဝင်စားရာ၊ နှစ်သက်ရာ ဘာသာရပ်တွေကိုလေ့လာခဲ့ကြတယ်။ လက်ရှိမှာလည်း လေ့လာနေဆဲပေါ့နော်။ ပညာရေးနဲ့ပတ်သက်ပြီး လုံးဝတစ်ခန်းရပ်မသွားအောင်၊ အဆက်အသွယ်ပြတ်တောက်မသွားအောင် ရတဲ့နေရာ၊ ရောက်တဲ့နေရာကနေကြိုးစားလေ့လာနေကြပါတယ်။
မေး - အခုလို ဆက်ပြီးလေ့လာရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကို ကြုံရသလဲ။
ဖြေ - အခက်အခဲတွေကတော့အများကြီးပါပဲ။ ပညာရေးအတွက်လိုအပ်တဲ့ငွေကြေးအထောက်အပံ့တွေ အခုပညာရေးကိုဆက်သွားမယ်ဆိုရင်အဓိကလိုအပ်တာကငွေကြေးပဲလေ။ စစ်အာဏာရှင်လက်အောက်မှာ ပညာဆက်မသင်ချင်တဲ့ လူတွေများတော့ ပြည်ပထွက်ပြီးလေ့လာသင်ယူကြတဲ့လူတွေများလာတာကိုး။ နောက်ပြီး online learning အတွက်ဆိုရင်လည်း လုံခြုံရေးနဲ့ အင်တာနက်ကောင်းမွန်စွာရရှိရေးက အခက်အခဲတစ်ခုဖြစ်လာပြန်ရော။ ဒီလိုအခက်အခဲ စိန်ခေါ်မှုတွေကိုဖြတ်ကျော်ဖို့အတွက်ဆိုရင် အဓိကကတော့ စိတ်ပဲပေါ့နော်။ စိတ်ဓါတ်တွေကျလာပြီဆိုရင် ငါလုံးဝကိုအလျော့ပေးလိုက်တော့မယ်ဆိုတဲ့ စိတ်မပေါက်လာအောင် တင်းခံထားတယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေ၊ကျောင်းသားတွေ၊အဖမ်းခံနေရတဲ့သူငယ်ချင်းတွေက ရော ငါ့ထက်ပိုဆိုးတဲ့အခြေအနေတစ်ခုမှာ တောင့်ခံနေပါလားဆိုတဲ့စိတ်က ပြန်ပြီးအသက်ဝင်တက်ကြွလာစေတယ်။ ငါလုံးဝအရှုံးမပေးဘူးဆိုတဲ့စိတ်နဲ့ ဒီ Civil Disobedience movement မှာဆက်လက်ပြီးလှုပ်ရှားပါဝင်နေဦးမှာပါ။
မေး - လက်ရှိမှာ ကိုယ့်ရဲ့ သူငယ်ချင်းအဝန်းအဝိုင်းတွေထဲက CDM ကျောင်းသူကျောင်းသားတွေထဲမှာ ပညာရေးကို လက်မလျှော့ပဲ ဆက်လုပ်နေတဲ့သူ ဘယ်လောက်လောက်ရှိလဲ။ သူတို့ရော ပညာရေးကိုဘယ်လိုနည်းလမ်းတွေနဲ့ လေ့လာသင်ယူနေကြလဲ။
ဖြေ - လက်ရှိမှာတော့ သူငယ်ချင်းတွေထဲမှာ CDM ပြုလုပ်တာက အခုဆို တဖြည်းဖြည်း နည်းနည်းလာတယ်ပြောရမယ်။ ဥပမာအနေနဲ့ ညီမတို့သူငယ်ချင်းတွေထဲမှာဆိုရင် ညီမရယ်သူငယ်ချင်းတစ်ယောက်ရယ်နဲ့ ထောင်ထဲရောက်နေတဲ့သူငယ်ချင်းရယ်ပဲကျန်ပြီ။ ကျန်တဲ့သူတွေက စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာပဲပြန်ပြီးတက်နေကြပြီ။ ဒီလိုမျိုးဆိုတော့ ညီမတို့ကတော့ လက်မလျှော့ဘဲ ဆက်ပြီးတော့ ကိုယ်စိတ်ဝင်စားနဲ့ဘာသာရပ်တွေကိုလေ့လာနေကြတယ်။ နည်းလမ်းကတော့အမျိုးမျိုးရှိတာပေါ့နော်။ online ကနေလေ့လာတယ်၊ အပြင်သင်တန်းတွေတက်ပြီးလေ့လာတယ် ပညာရေးမှာလက်ရှိအခြေအနေထက် နောက်ထပ်တစ်ဆင့်တက်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။
မေး - တခြားနည်းလမ်းတွေနဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်နေတဲ့ သူတွေကို ဘယ်လိုအကြံဉာဏ်လေးတွေ စကားပါးချင်ပါသလဲ။
ဖြေ - ကိုယ်ရွေးချယ်ထားတဲ့လမ်းအပေါ် လက်မလျှော့လိုက်ပါနဲ့၊ အယုံအကြည်မပျက်ဘဲ ဆက်ပြီးအားတင်းထားပါလို့ပြောချင်ပါတယ်။ ကျမတို့အားလုံး ရပ်တည်ချက်တူတူ၊ ခံစားချက်တူတူ နဲ့ အားလုံးအတူတူရှိနေကြတယ်ဆိုတာသတိရပေးပါ။ တစ်နေ့တော့ပန်းတိုင်ကိုရောက်ကိုရောက်ကြရမှာဖြစ်ပါတယ်။ “ကျွန်တော်တို့အချင်းချင်းလမ်းချင်းတူရင် တစ်နေ့တော့လူချင်းတွေ့ကြရမှာပါ” ဆိုတဲ့စကားလေးပါးရင်း အဆုံးသတ်လိုက်ချင်ပါတယ်။
မြိတ်နည်းပညာတက္ကသိုလ် CDM ကျောင်းသား
မေး - စစ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသား၊ ကျောင်းသူတစ်ယောက်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ - အာဏာမသိမ်းခင်ကတော့ အဆင်မြင့်ကဏ္ဍမှာ သက်မွေးပညာရပ်ကိုသင်ယူနေတဲ့ကျောင်းသားတစ်ယောက်ပါ၊ ဒါပေမဲ့ အခုတော့ အဲ့ဒီပညာရေးကိုရပ်တန့်လိုက်ရပြီပေါ့နော်။ မကြာခင်တော့ နှောက်နှစ်လောက်ဆိုရင်တော့ အာဏာမသိမ်းခင်က တက်ခဲ့တဲ့တက္ကသိုလ်ကနေ ထုတ်ပစ်ခံရဖို့အခြေအနေရှိပါတယ်။ အခုတောင် External ဖြစ်နေပြီဆိုတော့လေ။ အခုတော့ ယခင်လေ့လာခဲ့တဲ့ပညာရပ်ကို မလေ့လာဖြစ်တော့ဘူး၊ တခြားကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တခုကို ရတဲ့နည်လမ်းတွေနဲ့ လိုက်ပြီးတော့သင်ယူနေပါတယ်။
မေး - လက်ရှိမှာရော ပညာရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်ဖြစ်နေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ပြီးသင်ယူလေ့လာနေလဲ။
ဖြေ - အာဏာသိမ်းပြီး ၂ နှစ်လောက်မှာတော့ အရင်က မလေ့လာခဲ့ဖူးတဲ့ နိုင်ငံရေးသိပ္ပံ၊ လူမှုသိပ္ပံအတန်းတွေကို တက်ပြီး လေ့လာခဲ့ဖူးပါတယ်။ ကြားကာလ ကိုယ့်ပညာရေးလိုအပ်ချက်ကိုဖြည့်ဖို့ရော၊ ကိုယ့် တိုင်းပြည်ဆက်လက်ထူထောင်ရာမှာ တတပ်တအားကူညီပေးဖို့ပေါ့နော်။ အဲ့တုန်းက တော့ Spring University Myanmar တို့လို့ Online University ကနေပေးခဲ့တဲ့ အတန်းတွေ မှာ တက်ခဲ့တယ်ပေါ့နော်။ တော်တော်လေးလည်း လေ့လာသင်ယူခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ ပြည်ပတက္ကသိုလ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပေးတဲ့ အတန်းတွေမှာ လေ့လာနေတာရှိပါတယ်။ အဲ့ဒီမတိုင်ခင် Coursera တို့လို့ Platform မျိုးတွေ၊ You tube တို့ကနေလည်း လေ့လာတာမျိုးလုပ်ပါတယ်။ အများဆုံးကတော့ လက်တွေ့ကနေသင်ယူခြင်း ပုံစံမျိုးပိုလေ့လာဖြစ်ပါတယ်၊ သင်ပြီးတာနဲ့ ကိုယ်ပါဝင်လုပ်ဆောင်နေတဲ့အဖွဲ့အစည်းအတွင်း အသိုက်အဝန်းအတွင်း ပြန်ပြီးအသုံးချတာမျိုးမှာပေါ့။
မေး - အခုလို ဆက်ပြီးလေ့လာရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကို ကြုံရသလဲ။
ဖြေ - အဓိကကတော့ Limitations (အကန့်အသတ်) တွေကအများကြီးပဲ့ပေါ့။ အင်တာနက်ကနေ ပညာကိုရယူဖို့ အခွင့်အလမ်းကများနေပေမဲ့ ရယူနိုင်တာက ရက်တိုသင်တန်း အများဆုံး Certificate Program လောက်ပဲ့ ရယူနိုင်တာပေါ့။ ဘယ်သူ မဆို Accredited ဖြစ်ပြီး Degree တခုလောက်တော့ယူချင်တာပေါ့နော်။ ပြည်ပကိုတရားဝင်ထွက်ပြီး တက္ကသိုလ်တက်ပြီး လေ့လာဖို့ကြတော့လည်း ကျနော်တို့လို့ တရားဝင်ထွက်လို့မရတဲ့အနေအထားရှိတဲ့ သူတွေအများကြီးရှိတယ်။ နောက်ဆက်တွဲအနေနဲ့ နိုင်ငံကူးလက်မှတ်လုပ်လို့မရတာမျိုးပေါ့။ ပြီးတော့ အချို့ နယ်စပ်ရောက်နေတဲ့ လူငယ်တွေအတွက်ဆိုလည်း သူတို့ဒီနိုင်ငံကနေ ထွက်နိုင်ရင်တောင်မှ ဟိုမှာ တရားဝင် ကျောင်းတက်ရဖို့အခက်အခဲအများကြီးရှိတယ်ပေါ့နော်။ ပြီးတော့ စကော်လာပေးတဲ့အဖွဲ့တွေကလည်း သူတို့မူဝါဒအရ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ ထွက်လာနိုင်တဲ့ ကျောင်းသားဖြစ်မှ ထောက်ပံ့ဖို့ဆုံးဖြတ်တာမျိုး လုပ်ကြတယ်။ အချို့ဆို ကျောင်းတက်ဖို့မပြောနဲ့ နီးစပ်ရာ အလုပ်မှာ ဝင်လုပ်ကြတော့ အခက်အခဲကတော့အများကြီးပါပဲ။ တရားဝင်တက်နိုင်ဖို့ မဖြစ်နိုင်ပေမဲ့လည်း နီးစပ်ရာ အွန်လိုင်းပလက်ဖောင်းတွေကနေတဆင့်ပဲ့ ရတာလေးသင်ယူနေကြတာပေါ့။
မေး - လက်ရှိမှာ ကိုယ့်ရဲ့ သူငယ်ချင်းအဝန်းအဝိုင်းတွေထဲက CDM ကျောင်းသူကျောင်းသားတွေထဲမှာ ပညာရေးကို လက်မလျှော့ပဲ ဆက်လုပ်နေတဲ့သူ ဘယ်လောက်လောက်ရှိလဲ။ သူတို့ရော ပညာရေးကိုဘယ်လိုနည်းလမ်းတွေနဲ့ လေ့လာသင်ယူနေကြလဲ။
ဖြေ - တော်တော်နည်းတယ်လို့ပြောရမှာပဲ။အဆင့်မြင့်ကဏ္ဍမှာဆို တချို့တွေက အခုချိန်ဆို အသက်အရွယ်တခုလည်း ရလာတော့ မိသားစုစီးပွားရေး ဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ် ဝင်ပြီးတော့ လုပ်နေကြကုန်ပြီ။ တချို့လည်း အနည်းကျဉ်းကတော့ ပြည်ပကိုကျောင်းတက်ဖို့သွားတာမျိုးရှိတယ်၊ ဒါကတော့ ပိုက်ဆံထောက်နိုင်တဲ့မိသားစုမျိုးကပေါ့နော်။ အချို့ကျ ပြည်တွင်းက Private တက္ကသိုလ်၊ အင်စတီကျူတွေမှာဖြစ်ဖြစ် ဒီပလိုမာ ဘွဲ့တွေယူနေတာမျိုးရှိတယ်။ ဆိုတော့ ယခင်ပညာရေးလမ်းကြောင်း ကို ဆက်ပြီး လျှောက်နေတဲ့သူတွေကတော်တော်နည်းပြီး အခြား အလုပ်အကိုင် သို့မဟုတ် ပညာရေးနယ်ပယ်တခုခုကို ရွေးသွားတဲ့သူတွေပဲ ရှိပါတယ်။
မေး - တခြားနည်းလမ်းတွေနဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်နေတဲ့ သူတွေကို ဘယ်လိုအကြံဉာဏ်လေးတွေ စကားပါးချင်ပါသလဲ။
ဖြေ - ကိုယ်ပိုင်အမြင်ရပြောရမယ်ဆိုရင် ကျနော့်အတွက် အသက်အရွယ်က ပညာသင်ယူဖို့ကိုကန့်သတ်နိုင်တဲ့အရာမဟုတ်ဘူးလို့ မြင်မိပါတယ်။ အခုဒီခေတ်ကာလကြီးမှာ ကျနော်တို့လက်လှမ်းမှီနိုင်တဲ့ ပညာရေးအရင်းအမြစ်တွေအများကြီးပါပဲ။ ပြီးတော့ Lifelong Learning ကို ကျနော်တို့ လုပ်နေမယ်ဆိုရင် ဘွဲ့ဒီဂရီတစ်ခုလက်ဆုပ်လက်ကိုင်ပြလို့မရရင်တောင် ကျနော်တို့ရဲ့ အရည်အချင်းတွေ၊ ဗဟုသုတတွေက အများကြီးတက်နေဦးမယ်လို့မြင်ပါတယ်။ အကောင်းမွန်ဆုံးပညာရေးနည်းလမ်းတခုက လက်တွေ့မှတဆင့်လေ့လာသင်ယူခြင်းပါပဲ။ ဆိုတော့ ဒီကာလမှာ ကိုယ်ဘယ်နေရာ၊ ဘယ်ဒေသ ကိုရောက်နေပါစေ အမြဲ သင်ယူပြီး ကိုယ့်အရည်အချင်းကိုမြှင့်၊ ကိုယ်အလုပ်မှာ ပြန်အသုံးချနေမယ်ဆိုရင်တော့ ဒီကာလကြီးမဟုတ်ရင်တောင် ကျနော်တို့ အရည်အချင်းတွေက အမြဲမြင့်တက်နေမှာဖြစ်ပါတယ်။ သမာရိုးကျပညာရေးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုအားကိုးနေတာထက် အခြားအော်တာနေးတစ်ပညာရေးကို ကျနော်တို့ရှာဖွေ့ကြဖို့ အကြံပြုလိုပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့ လူငယ်ဘဝကိုမရနိုင်တော့တာက အစားထိုးလို့မရနိုင်တဲ့ ခံစားချက်တခုပေါ့။ ဒါပေမဲ့ နောက်မျိုးဆက်တွေ ကျနော်တို့ လမ်းကြောင်းအသစ်တွေဖောက်နေတယ်လို့ ကြိုးစားရင် ကိုယ့်ကိုယ်အားတင်းထားကြပါလို့ပြောကြားချင်ပါတယ်။
မြိတ်တက္ကသိုလ်မှ CDM ကျောင်းသား
မေး - စစ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသား၊ ကျောင်းသူတစ်ယောက်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ - စစ်အာဏာသိမ်းပြီးတဲ့နောက် ကျနော်အနေနဲ့ကတော့ ပြည်သူ့အာဏာပြန်မရမချင်းကျောင်းဆက်မတက်တော့ဖို့ဆုံးဖြတ်ထားပါတယ်။ တစ်နှစ်လောက်အကြာ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့ပါတယ်။ ဒါပေမယ့် အသိမိတ်ဆွေထိုင်းလူမျိုးတွေနဲ့ မိသားစုရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုမှာ ပညာဆက်လက်သင်ကြားနေပါတယ်။
မေး - လက်ရှိမှာရော ပညာရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်ဖြစ်နေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ပြီးသင်ယူလေ့လာနေလဲ။
ဖြေ - လက်ရှိမှာတော့ ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုရဲ့ ဒုတိယနှစ်ကိုဆက်လက်သင်ကြားနေပြီး မကြာခင်ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒါအပြင် အွန်လိုင်းပညာရေးအဖွဲ့အစည်းတွေနဲ့လည်း ဘာသာစကား ကွန်ပျူတာပိုင်းတွေကိုလေ့လာနေပါတယ်။
မေး - အခုလို ဆက်ပြီးလေ့လာရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကို ကြုံရသလဲ။
ဖြေ - အခုလက်ရှိကတော့ မိသားစုရဲ့ထောက်ပံ့မှုကြောင့် အခက်အခဲတော့သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်ထက်အခက်အခဲရှိနေတဲ့ နိုင်ငံအတွင်းက ညီကိုမောင်နှမတွေအတွက် တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပါတယ်။
မေး - လက်ရှိမှာ ကိုယ့်ရဲ့ သူငယ်ချင်းအဝန်းအဝိုင်းတွေထဲက CDM ကျောင်းသူကျောင်းသားတွေထဲမှာ ပညာရေးကို လက်မလျှော့ပဲ ဆက်လုပ်နေတဲ့သူ ဘယ်လောက်လောက်ရှိလဲ။ သူတို့ရော ပညာရေးကိုဘယ်လိုနည်းလမ်းတွေနဲ့ လေ့လာသင်ယူနေကြလဲ။
ဖြေ - လက်ရှိမှာတော့ သူငယ်ချင်းတော်တော်များများ ကျောင်းဆက်မတက်ဘဲ CDM ဆက်လက်လုပ်ဆောင်နေကြပါတယ်။ မိသားစုထဲက ညီကိုအရင်းတွေကလည်း နီးစပ်ရာဒေသတွေမှာ ပြည်သူ့ရဲဘော်အဖြစ် စစ်အာဏာရှင်တွေကို တွန်းလှန်နေပါတယ်။
မေး - တခြားနည်းလမ်းတွေနဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်နေတဲ့ သူတွေကို ဘယ်လိုအကြံဉာဏ်လေးတွေ စကားပါးချင်ပါသလဲ။
ဖြေ - ပညာရေးအနေနဲ့ဆိုရင် ကျနော်အကြံပေးချင်တာက တစ်ယောက်နဲ့တစ်ယောက် မိသားစုအခြေအနေ စီးပွါးရေးအခြေအနေတွေအရ ဟိုဟာလုပ်ပါ ဒီမှာတက်ပါဆိုပြီးတော့ မတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် အွန်လိုင်း အဖွဲ့အစည်းတွေရဲ့ သင်ကြားပြသမှု ဒါမှ မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အခမဲ့ သင်ကြားပေးမှူ တွေအများကြီးရှိတဲ့အတွက် ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေကို လေ့လာစေချင်ပါတယ်။ ဘာသာစကားကလည်း အခုခေတ်မှာ အရမ်းအရေးပါတဲ့အတွက် လေ့လာစေချင်ပါတယ်။
ထားဝယ်မြို့ခံ CDM ဆယ်တန်းကျောင်းသား
မေး - စစ်အာဏာသိမ်းပြီးနောက်မှာ CDM ကျောင်းသား၊ ကျောင်းသူတစ်ယောက်အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ - စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NUG ကဖွင့်တဲ့ နွေဦးတက္ကသိုလ်ကျောင်းမှာ ဆယ်တန်း(စနစ်ဟောင်းကို) ၅ လအကြာသင်ယူခဲ့ပါတယ်။ အဲ့အချိန်မှာတုန်းက ကျောင်းတွေအပေါ် ဖမ်းဆီးတာတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ရော ကျနော့် personal အခြေနေကြောင့်ရော ကျောင်းကနေထွက်ပြီး လိုင်းမရတဲ့နေရာကိုတိမ်းရှောင်ခဲ့ရပါတယ်။ တစ်ခြား CDM တွေအနေနဲ့ ကတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM ဆိုပြီး ဝင်ခဲ့ကြပြီး လမ်းပျောက်ခဲ့တဲ့သူတော်တော်များများပါပဲ။ တချို့ကျတော့ သင်တန်းတွေတက်တယ်၊ တချို့ကျအလုပ်လုပ်ကြတယ်။ တချို့ကျ အွန်လိုင်းကနေ language တွေ လေ့လာကြတယ်။
အာဏာသိမ်ပြီး ၁ နှစ်အကြာမှာတော့ အွန်လိုင်းစကူး(School)တွေ အများပြားပေါ်ပေါက်လာပါတယ်။ အဲလိုပေါ်ပေါက်လာတဲ့အတွက် CDMr တော်တော်များများ တက်ကြပါတယ်။ လမ်းပျောက်နေတာထက်စာရင်တော်သေးတယ်ပေါ့ဗျာ။
မေး - လက်ရှိမှာရော ပညာရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်ဖြစ်နေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ပြီးသင်ယူလေ့လာနေလဲ။
ဖြေ - လက်ရှိမှာ ပညာရေးနဲ့ပတ်သက်ပြီး ခုဏက ပြောသလိုပဲ အွန်လိုင်းစကူးတွေ ရှိနေသေးတဲ့အတွက် အဲ့မှာ ပညာဆုံးခန်းတိုင်အောင် သင်မယ်စိတ်ကူးထားပါတယ်။ ဒီလိုအဆုံးထိ သင်မယ်ဆိုရင်လည်း အွန်လိုင်းစကူး တွေက အဓွန့်ရှည်ဖို့လိုပါမယ်။ ဒီအတွက် NUG MoE အနေနဲ့ ဆက်ထိန်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ အခုဆိုရင် အွန်လိုင်းစကူးတွေမှာ သမဂ္ဂတွေ ပေါ်လာနေပါပြီ။ ဒါ့ကြောင့် သမဂ္ဂကျောင်းသားတွေက ကျောင်းအဓွန့်ရှည်ဖို့ ကူညီပေးသွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
မေး - အခုလို ဆက်ပြီးလေ့လာရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကို ကြုံရသလဲ။
ဖြေ - အခက်ခဲကတော့ အင်တာနက် အခက်ခဲရှိမယ် လူတိုင်းတော့မဟုတ်ဘူး။ တစ်ချို့ဆို ဝိုင်ဖိုင် ပေါ့နော် ၊ ပြီးတော့ စခ တွေရှိမယ်၊လုံခြုံရေးက အဓိက ထားနေရတာဖြစ်လို့ အဲ့တာရှိမယ်။

မေး - လက်ရှိမှာ ကိုယ့်ရဲ့ သူငယ်ချင်းအဝန်းအဝိုင်းတွေထဲက CDM ကျောင်းသူကျောင်းသားတွေထဲမှာ ပညာရေးကို လက်မလျှော့ပဲ ဆက်လုပ်နေတဲ့သူ ဘယ်လောက်လောက်ရှိလဲ။ သူတို့ရော ပညာရေးကိုဘယ်လိုနည်းလမ်းတွေနဲ့ လေ့လာသင်ယူနေကြလဲ။
ဖြေ - CDMလုပ်တဲ့သူငယ်ချင်းအများစုကတော့ GEDတို့လိုမျိုး ပြီးရင် ဘာသာစကား စတဲ့ ပညာရပ်တွေကိုလေ့လာသင်ယူနေပြီးတော့ ကြိုးစားနေတာတွေရှိပါတယ်။
မေး - တခြားနည်းလမ်းတွေနဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်နေတဲ့ သူတွေကို ဘယ်လိုအကြံဉာဏ်လေးတွေ စကားပါးချင်ပါသလဲ။
ဖြေ - ဘယ်လိုနည်းနဲ့ပဲသင်သင် ကျနော်တို့ကယူတတ်ဖို့ပါပဲ။ CDM ပဲလုပ်လုပ် NCDMပဲလုပ်လုပ်ပေါ့ဗျာ။ကျောင်းသားကနိုင်ငံရေးနဲ့မသက်ဆိုင်ဘူးတော့ ပြောလို့မရပါပဲ။ကျောင်းသားတစ်ယောက်ဟာနိုင်ငံရေးလည်း လုပ်လို့ရသလို ကျောင်းသားအရေးလည်း လုပ်လို့ရပါတယ်လို့ပဲ အကြုံပြုပေးလိုက်ပါရစေခင်ဗျာ။
The Tanintharyi Times