တော်လှန်ရင်းစာသင်နေတဲ့ တနင်္သာရီမြို့နယ်က ကျောင်းဆရာနဲ့ အင်တာဗျူး

တော်လှန်ရင်းစာသင်နေတဲ့ တနင်္သာရီမြို့နယ်က ကျောင်းဆရာနဲ့ အင်တာဗျူး

စစ်အုပ်ချုပ်ရေးသတ်မှတ်ခံထားရတဲ့ တနင်္သာရီမြို့နယ်ထဲမှာ ရပ်ရွာလူထုရဲ့ နိုင်တဲ့အားနဲ့ ရပ်တည်နေတဲ့ စာသင်ကျောင်းတွေရှိနေပါတယ်။ တိုက်ပွဲတွေ၊ လက်နက်ကြီးသံတွေကြားကနေပဲ ကလေးတွေအသိပညာဖွံ့ဖြိုးလာအောင် မြေတောင်မြောက်ပေးနေတဲ့ ဆရာ၊ ဆရာမတွေလည်း အဲ့ဒီကျောင်းတွေမှာ ရှိနေပါတယ်။ သူတို့ ဘယ်လိုခံယူချက်တွေနဲ့ ဒီလိုနေရာမှာ စာသင်နိုင်ဖို့ ကြိုးစားနေကြတာလဲ။ သူတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။ ဒါတွေကို သိနိုင်ဖို့အတွက် မူလတန်းကျောင်းသားတွေကို စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးကို တနင်္သာရီတိုင်းမ်က ဆက်သွယ်ပြီး မေးမြန်းကာ “တောင်ပိုင်းသားတို့အသံ” အစီအစဥ်ကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး – ဒီရွာမှာ ဘယ်အချိန်စပြီး စာသင်ဖြစ်တာလဲ။ ဘာကြောင့် စာသင်ဖြစ်သွားတာလဲ။

ဖြေ – ကျနော်ဒီကျောင်းမှာ ၂၀၂၂ခုနှစ်၊ ၉ လပိုင်းကတည်း စာသင်ဖြစ်တာပါ။ ဘယ်လိုဖြစ်ပြီးသင်ဖြစ်လဲဆို‌တော့ ကိုဗစ်ကတည်းက ကျောင်းနားထားတဲ့ ကလေးတွေ၊ အတန်းမသင်ရသေးတဲ့ကလေးတွေ အများကြီးရှိနေတော့ ကလေးတွေအနာဂတ်အတွက် မိဘရှင်တွေနဲ့ volunteer ဆရာ၊ ဆရာမတွေနဲ့ ရပ်ထဲရွာထဲက ကော်မတီအဖွဲ့ဝင်တွေနဲ့ အားလုံးဆွေးနွေးတိုင်ပင်ပြီး ကျောင်းဖွင့်ဖြစ်တာပါ။

မေး – ဒီကျောင်းမှာ အာဏာမသိမ်းခင်ကကျောင်းတက်သူဘယ်လောက်ရှိခဲ့ပြီး အခုကကော ကျောင်းတက်သူ ဘယ်လောက်ရှိနေလဲ။

ဆရာ၊ ဆရာမဦးရေကရော ဘယ်လောက်ရှိလဲ။

ဖြေ – ကျနော်အခုလက်ရှိစာသင်နေတဲ့ကျောင်းမှာ စစ်အာဏာမသိမ်းခင်က ကျောင်းသား ၅၀ လောက်ပဲရှိတယ်။ အခုတော့ နယ်မြေအနေအထားအရ ရွာနှစ်ရွာပေါင်းပြီး ကျောင်းဖွင့်ထားတာကြောင့် ကျောင်းသားဦးရေ ၁၃၈ ဦး ရှိနေပါတယ်။ ဆရာ၊ ဆရာမဦးရေကတော့ ၁၂ ဦးရှိပါတယ်။

၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းစဖွင့်တာနဲ့ ကျောင်းသားဦးရေ ၁၅၀ ကျော်ရှိတယ်။ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေထောင်း(ပစ်)တဲ့အတွက်ကြောင့် တချို့မိဘတွေက စိုးရိမ်ပြီး ကျောင်းနားလိုက်တာတွေရှိတယ်။ တချို့ကျတော့ ထောက်ပံ့ကြေးကိစ္စ၊ အလှူငွေကိစ္စတွေ၊ စာအုပ်၊ ခဲတံဖိုးမတတ်နိုင်တဲ့ ကျောင်းသားတွေကျတော့ နားလိုက်တယ်ပေါ့နော်။ ဒါကြောင့် လောလောဆယ် ၁၃၈ ဦးရှိပါတယ်။

မေး – အခုလက်ရှိစာသင်ရာမှာ ဆရာတွေအတွက်အခက်အခဲ၊ ကျောင်းသားတွေအတွက် အခက်အခဲကဘာတွေရှိလဲ။

ဖြေ – ကျောင်းသားတွေအခက်အခဲကတော့ တချို့ကျောင်းသားတွေသည် စာရေးကိရိယာ၊ စာအုပ်၊ ခဲတံ ဝယ်လို့မနိုင်တဲ့ကျောင်းသားတွေရှိတယ်။ ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲဆိုရင် ကျောင်းသားမိဘတွေဆီကနေ ရလာတဲ့ အလှူငွေတွေကို ကျနော်တို့ဆရာ၊ ဆရာမတွေကို ရလာတာ မှန်သမျှခွဲဝေပေးရတယ်ဆို‌တော့ ထောက်ပံ့ကြေးက လတိုင်းပုံမှန်မရပါဘူး။ ဒီလိုအခက်အခဲတွေရှိပါတယ်။

မေး – သင်ရိုးညွှန်းတမ်းက ဘယ်လိုသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားဖြစ်လဲ။

ဖြေ – လက်ရှိသင်နေတဲ့ သင်ရိုးညွှန်းတမ်းကကျတော့ အွန်လိုင်းကနေပို့ချတဲ့ NUG ရဲ့သင်ရိုးညွှန်းတမ်းကိုပဲ အသုံးချပြီး ကလေးတွေကို သင်ကြားပို့ချပေးပါတယ်။

မေး – ကျောင်းသားတွေမှာ ဗလာစာအုပ်ပြတ်တောက်ခဲ့တဲ့အချိန်တွေရှိခဲ့တယ်လို့ ကြားတယ်။ အဲဒါကိုရောဘယ်လိုဖြေရှင်းခဲ့လဲ။

ဖြေ – ဟုတ်ကဲ့ ကလေးတွေမှာ ဗလာစာအုပ်ပြတ်တောက်တာတွေရှိတယ်ခင်ဗျား။ အဲဒီကျောင်းသားတွေအတွက် ကျနော်တို့ကဘယ်လိုလုပ်ပေးရလဲဆို‌တော့ အလှူရှင်တွေရှာတယ်။ အလှူရှင်ဆီကနေ ရလာတဲ့အလှူငွေတွေနဲ့ စာအုပ်၊ ခဲတံတွေဝယ်ပြီးတော့ ကလေးတွေအဆင်ပြေအောင် တစ်အုပ်နိုင်ရင်တစ်အုပ်၊ နှစ်အုပ်နိုင်ရင်နှစ်အုပ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေခွဲဝေပေးပါတယ်။

မေး – ကျောင်းဆရာ၊မတွေရဲ့လခကရော ဘယ်ကနေဘယ်လိုရလဲ။ ဘယ်လောက်ရလဲ။

ဖြေ – ကျောင်းသားမိဘတွေဆီကနေပဲ အလှူခံပါတယ်။ ရလာတဲ့အလှူငွေတွေကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ခွဲဝေပြီးတော့ ဆရာ၊ ဆရာမတွေကို လစာငွေထောက်ပံ့ပါတယ်။ ကျနော်တို့ တစ်လကို သုံးသောင်းခွဲရတဲ့လလည်းရှိသလို၊ လေးသောင်းရတဲ့ လလည်းရှိပါတယ်။ လုံးဝမရတဲ့ လလည်းရှိပါတယ်။

မေး -လက်ရှိဆရာသင်ကြားပေးနေတဲ့နယ်မြေအနီးတဝိုက်မှာ ကျောင်းမတက်နိုင်တဲ့ကလေးတွေကောရှိလား။ ရှိရင် သူတို့ကဘာကြောင့်ကျောင်းမတက်နိုင်တာလဲ။

ဖြေ – ဟုတ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တွေ့ရသလောက်ပေါ့နော်၊ မိသားစုစားဝတ်နေရေးအဆင်မပြေတဲ့ ကျောင်းသားတွေဆို ကျောင်းမတက်နိုင်ဘူး။ စာအုပ်၊ ခဲတံမဝယ်နိုင်တဲ့မိသားစုတွေ၊ ပြီးရင် အလှူငွေမထည့်နိုင်တဲ့မိသားစုတွေ ဒီလိုမိသားစုတွေမှာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေရှိပါတယ်။

မေး – တနင်္သာရီမြို့နယ်မှာ နေရာတော်တော်များတိုက်ပွဲတွေစစ်ကြောင်းထိုးတာတွေရှိနေတော့ ဆရာတို့ရွာမှာရော ကြုံဖူးလား။

ဖြေ – အရင်တုန်းကတော့ စစ်ကြောင်းထိုးတာတို့ တိုက်ပွဲဖြစ်တာတို့တော့ ရှိတယ်။ ကျနော်တို့ကျောင်းဖွင့်ပြီးတာနဲ့ စစ်ကြောင်းထိုးတာတို့ တိုက်ပွဲဖြစ်တာတို့ မရှိခဲ့ဖူးသေးပါဘူး။ လက်နက်ကြီးတွေပစ်များလာရင် သတင်းအခြေအနေအရ ကျောင်းပိတ်တာတော့ရှိတယ်။

မေး – စစ်ကြောင်းထိုးလာခဲ့ရင်၊ တိုက်ပွဲဖြစ်လာခဲ့ရင် ဆိုတာမျိုး စိုးရိမ်ချက်မျိုးရှိလား။

ဖြေ – ဟုတ်ကဲ့ ခင်ဗျား၊ ဒီလိုမျိုးစိုးရိမ်နေရ‌တာတွေတော့ ရှိပါတယ်။

မေး – တကယ်လို့ဖြစ်လာခဲ့ရင် ကျောင်းသားကျောင်းသူတွေ၊ ဆရာ၊ဆရာမတွေအနေနဲ့ဘာလုပ်မယ်ဆိုပြီးပြင်ဆင်ထားတာမျိုးရှိလဲ။

ဖြေ – ကြိုတင်ပြင်ဆင်ထားတာရှိပါတယ်။ သတင်းရတာနဲ့ ကျောင်းလုံခြုံရေးတွေ၊ ကျောင်းကော်မတီတွေ၊ မိဘတွေကို အကြောင်းကြားမယ်၊ ဖုန်းဆက်ပြီးတော့။ ကျနော်တို့မှာ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ မိဘတွေရဲ့ဖုန်းနံပါတ်တွေလည်းရှိတယ်။ အားလုံးယူထားပါတယ်။ တခုခုဖြစ်တာနဲ့အချိန်နဲ့တပြေးညီသတင်းရတာနဲ့ ချက်ချင်းဖုန်းဆက်လို့ရအောင် အားလုံးယူထားပါတယ်။ တကယ်လို့အချိန်ရရင် မိဘတွေကိုဖုန်းဆက်ပြီးတော့ တဖြည်းဖြည်းချင်း လွှတ်ထုတ်မယ်။ တကယ်လို့ အချိန်မရဘူးဆိုရင် ကျနော်တို့မှာ ဗုံးခိုကျင်းတွေတူးထားတယ်။ လက်နက်ကြီးသံတွေ တိုက်ပွဲသံတွေကြားရပြီဆိုရင် ဒီဗုံးခိုကျင်းထဲကိုပဲဝင်ဖို့ ကျနော်တို့မှာ ပြင်ဆင်ထားပါတယ်။

မေး – ကလေးတွေကိုရော လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်းနဲ့ပတ်သက်တာမျိုးကြိုပြီးသင်ပြပေးထားတာမျိုးရှိလား။

ဖြေ – ဟုတ်ကဲ့ခင်ဗျား လေကြောင်းအန္တရာယ်ဖြစ်လာရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို အသိပေးပညာတွေ ဟောပြောထားတာရှိပါတယ်။

မေး – စစ်အာဏာသိမ်းမှုကြာလာတာနဲ့အမျှ ပညာရေးကဏ္ဍက ဘယ်လိုဖြစ်လာမယ်လို့ထင်လဲ။

ဖြေ – အချိန်တွေကြာလာရင် ပညာရေးကဏ္ဍမှာနှောင့်နှေးမှုတွေရှိလာမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆို မိသားစုစားဝတ်နေရေး၊ စီးပွားရေးတွေက အဆင်မပြေဘူးဆိုတော့ ပညာရေးကဏ္ဍအတွက် ပံ့ပိုးမှုတွေအားနည်းလာမယ်။ ဒီလိုတွေဖြစ်လာရင် ကျနော်တို့ ပညာရေးလည်းအားနည်းလာမယ်။ ဆက်ပြီးပညာသင်ရဖို့ တော်တော်လေးကို စိုးရိမ်စရာဖြစ်လာတာပေါ့။ ကျနော်ပညာရေးအခန်းကဏ္ဍမှာလက်ရှိသွားနေတဲ့ပုံစံက အဓိကက ပြည်သူတွေကိုပဲအားကိုးနေရတာဆိုတော့ ပြည်သူတွေမှာ စီးပွားရေးကြပ်တည်းလာတယ်။ ဒီလိုကြပ်တည်းလာရင် ပံ့ပိုးမှုကလည်း အားနည်းလာမယ်။ ပညာရေးကတော့ ရှေ့ဆက်သွားဖို့ အားနည်းမှုတွေရှိလာနိုင်ပါတယ်။

မေး – စစ်အာဏာသိမ်းမှု အခုထက်နှစ်ပိုကြာလာရင် ဆရာ့အနေနဲ့ရော ရှေ့ဆက်ဘာလုပ်မယ်စဥ်းစားထားလဲ။

ဖြေ – စစ်အာဏာသိမ်းမှုဘယ်လောက်ပဲကြာကြာ ကျနော့်အနေနဲ့ အဆုံးထိတော်လှန်ရင်းနဲ့ ကလေးတွေကို ဆက်ပြီးတော့ ကြိုးစားပြီးတော့ တတ်နိုင်တဲ့ဘက်က တာဝန်ယူပြီးတော့ ရှေ့ဆက်ပြီးတော့ ကလေးတွေကို ပညာသင်ကြားပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး – နောက်ထပ်ဖြည့်စွက်ပြီးပြောချင်တာမျိုးရှိရင်ပြောပေးပါ။

ဖြေ – ကြားကာလအခြေအနေမှာဆိုတော့ ပြောရမှာတော့ အားနာပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပညာ‌ရေးကဏ္ဍတစ်ခုတည်းမဟုတ်ဘဲ ကဏ္ဍအသီးသီးရှိကြတာဆိုတော့ အားလုံးက အခက်အခဲတွေချည်းပဲလေ။ အခုပညာရေးကဏ္ဍမှာ‌တော့ ထောက်ပံ့ကြေးကိစ္စပဲ အခက်အခဲရှိပါတယ်။ အဲဒီ‌ထောက်ပံ့ကြေးကိစ္စလေးကိုပဲ အတတ်နိုင်ဆုံး နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပါဝင်ကူညီပေးဖို့အဆင်ပြေမလားလို့ပဲ ပြောချင်ပါတယ်။

(မှတ်ချက်။ ။ အင်တာဗျူးဖြေဆိုသူနဲ့ ကျောင်း လုံခြုံရေးအတွက် နာမည်နဲ့ ကျောင်းနေရာကို တိတိကျကျ မဖော်ပြဘဲ ချန်ထားခဲ့တဲ့အကြောင်း စာဖတ်သူတွေကို လေးစားစွာ အသိပေးပါတယ်)

The Tanintharyi Times