ထားဝယ်မြို့နယ်၊ ရေဝိုင်းရွာက နေအိမ်အားလုံးနီးပါးကိုစစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီး

ထားဝယ်မြို့နယ်၊ ရေဝိုင်းရွာက နေအိမ်အားလုံးနီးပါးကိုစစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီး

ထားဝယ်မြို့နယ်အရှေ့မြောက်ဘက်ကို တပတ်နီးပါးအကြာစစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်တွေ ရေဝိုင်းရွာထဲကနေအိမ်အားလုံးနီးပါးကို မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေဝိုင်းရွာဘက်ကို အခုလ ၁ ရက်နေ့ကတည်းက အင်အားအများအပြားနဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီ လမ်းတလျှောက် ကျေးရွာ ၆ ခုလောက်ကဒေသတွေစစ်ဘေးရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၆ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ တပတ်နီးပါးအကြာ ရွာတွေထဲမှာတပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေလို့လူမရှိတဲ့ နေအိမ်အများအပြားကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယူဆောင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“အိမ်တွေဘာမှရစရာမရှိတော့ဘူး။ မိန်းလမ်း​ပေါ်မှာဆိုရင် သုံးဆောင်လောက်ပဲ အကောင်းအတိုင်းကျန်တာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ရေဝိုင်းရွာဟာ အိမ်ခြေ ၅၀ ဝန်းကျင်လောက်ရှိတဲ့ကျေးရွာဖြစ်ပြီး မွှေနှောက်ဖျက်ဆီးခံလိုက်ရတဲ့နေအိမ် အရေအတွက်ကတော့ ၄၀ ကျော်လောက်အထိရှိတယ်လို့ ဒေသခံကခန့်မှန်းပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီလိုမွှေနှောက်ပြီးနောက် တန်ဖိုးကြီးပစ္စည်းတွေအပြင် အဝတ်အစားကိုပါယူဆောင်သွားပြီး သယ်လို့မပါတဲ့ ပစ္စည်းတွေ၊ ဆန်နဲ့ စားသောက်ကုန်တွေကိုတော့ မြေကြီးမှာ ရှုပ်ပွနေအောင် ကြဲချခဲ့တယ်လို့ သိရပါတယ်။

မွှေနှောက်ခံထားရတဲ့နေအိမ်တွေမှာ တံခါးတွေရိုက်ဖျက်ထားတာနဲ့ အိမ်တွင်းပရိဘောဂတွေကို ဖျက်ဆီးထားခဲ့လို့ အိမ်ပိုင်ရှင်တွေ ပြန်နေထိုင်ဖို့ဆိုရင်တောင်မှ အိမ်ကိုပြန်လည်ပြင်ဆင်တာ ရှင်းလင်းတာတွေလုပ်မှရမယ်လို့ ရေဝိုင်းရွာမှာ သွားရောက်ကူညီပေးခဲ့သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တံခါးကပိတ်ထားရင် ရိုက်ဖျက်ပြီးဝင်တာ။ ပြီးတော့ ဘီရိုတွေကို လှဲချတယ်၊ မှန်တွေ၊ အိုးခွက်ပန်းကန်တွေရိုက်ခွဲတယ်။ အိမ်တွေပေါ်တက်လိုက်ရင် ​ခြေချစရာတောင်မရှိဘူး” လို့သွားရောက်ကူညီပေးသူအမျိုးသမီးကပြောပါတယ်။

ဒါ့အပြင် ရွာထဲကစျေးဆိုင် ၄ ဆိုင်လောက်ကိုလည်း မွှေနှောက်ဖျက်ဆီးပြီး အအေးဘူးတွေ၊ ကုန်ခြောက်တွေနဲ့ စားသောက်ကုန်တွေကို ခိုးယူစားသောက်တာနဲ့ သယ်ဆောင်သွားတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရေဝိုင်းရွာအပြင် ကင်းကုန်းရွာ၊ ခေါင်တိုင်ပြင်ရွာနဲ့ ပခပ်အင်းရွာတွေဘက်ကိုလည်းဝင်ရောက်ခဲ့တာကြောင့် အဲဒီရွာတွေက နေအိမ်တချို့လည်း မွှေနှောက်ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီရွာတွေမှာ မွှေနှောက်ဖျက်ဆီးခံရတဲ့​​ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်းထွက်သွားပြီးနောက်မှာတော့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာခြောက်ရွာလောက်ကဒေသခံအများစု နေအိမ်တွေကိုပြန်လာကြပေမယ့် တချို့ကလည်းမနေရဲကြသေးတဲ့အတွက် နေအိမ်အခြေအနေလာကြည့်ပြီး ပြန်လည်တိမ်းရှောင်နေတယ်လို့သိရပါတယ်။

ရေဝိုင်းရွာကဖျက်ဆီးခံရတဲ့ နေအိမ်တချို့ရဲ့ဓာတ်ပုံတွေကို တနင်္သာရီတိုင်းမ်ကရရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေ ထပ်မံဝင်ရောက်လာပြီးရန်ပြုမှာကို ဒေသခံတွေစိုးရိမ်ချက်ကကြောင့် သတင်းမှာဖော်ပြဖို့ ခွင့်ပြုချက်မရခဲ့ပါဘူး။

တနင်္သာရီတိုင်းမ်ကရရှိထားတဲ့ ဓာတ်ပုံတွေထဲမှာ နေအိမ်တစ်အိမ်မှာ ဖျက်ဆီးထားတဲ့ အိမ်ထောင်ပရိဘောဂနဲ့ အဝတ်အစားတွေကို နေအိမ်ကြမ်းပြင်ပေါ်မှာ အမှိုက်ပုံလုံမျိုး စုပုံထားခဲ့တာကို တွေ့ရပါတယ်။

The Tanintharyi Times