စီးပွါးရေးဖွံ့ဖြိုးဖို့အကြံ တို့လက်မခံ

စီးပွါးရေးဖွံ့ဖြိုးဖို့အကြံ တို့လက်မခံ

ဒီရက်ပိုင်းမှာ ခေါင်းဆောင်ကြီးဟာ သူ့လက်ရုံးတွေကို တစ်ယောက်ပြီးတစ်ယောက် အရေးယူတယ်။ အရာချတယ်။ ဖမ်းဆီးတယ်။ အကြောင်းပြချက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ လာဘ်စားလို့။ ဒါကို သူ တော်တော့်ကို စိတ်ဆိုးတယ်။ ဘာလို့ဆို ကုန်ဈေးနှုန်းတွေတက်လို့ ဝေဖန်ဆူညံနေကြတာကို သူ ခေါင်းခြောက်နေပြီ။

စီးပွားရေးသမားတွေဆီကနေ လာဘ်ယူတာဟာ စီးပွားရေးလုပ်ငန်းတွေကို အဆင်မပြေမချောမွေ့အောင် လုပ်တာနဲ့အတူတူပဲ။ ဒါကြောင့်ပဲ ကုန်ဈေးနှုန်းတွေက တားမရဆီးမရ တက်နေတာ။ ပြီးတော့ ပိုပြီးစိတ်ဆိုးတာက လာဘ်ယူတဲ့ငွေက ကျပ်ငွေမဟုတ်ဘူး။ အင်မတန်တန်ဖိုးကြီးပြီး ရှားပါးလွန်းလှတဲ့ ဒေါ်လာ ဖြစ်နေတာပဲ။

တကယ့်အကြောင်းရင်းကတော့ အဲသလိုမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာက ခေါင်းဆောင်ကြီးအတွက် ပြဿနာမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေတာကလည်း အရေးမပါဘူး။ ဒါဆို ဘာလို့လဲ။

တချို့ကလည်း အခုလိုအရေးယူတာတွေဟာ ဘာကြောင့်မှမဟုတ်ဘူး။ စားတာ အသံမြည်လို့လို့ ဆိုကြတယ်။ တချို့ကျတော့ အဲဒီလိုမယူဆဘူး။ ခေါင်းဆောင်ကြီးထက် ပိုစားလို့လို့ ဆိုတယ်။ နှစ်ခုစလုံး အမှန်ပဲ။ အဲဒီအကြောင်းနှစ်ခုကြောင့်ပဲ လက်ရုံးတွေကို ဖြုတ်လိုက်တာ ဖြစ်တယ်။ အသံမြည်တာရယ်၊ ခေါင်းဆောင်ကြီးထက်ပိုစားတာရယ်။ ဒီနှစ်ခုပါပဲ။

ခေါင်းဆောင်ကြီးရဲ့ အဖွဲ့ထဲမှာ မစားတဲ့သူရယ်လို့မှ မရှိဘဲ။ ဒါကိုလူတိုင်းသိတာပါပဲ။ တချို့က တိုးတိုးတိတ်တိတ်၊ အသံမမြည်အောင်စားတယ်။ တချို့က ရေရှည်အကျိုးမျှော်ပြီး စားတယ်။ တလုံးတခဲ မစားဘူး။ အရစ်ကျပုံစံနဲ့ ခွဲစားတယ်။ ‘ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်’ ဆိုတာလိုပဲ။ အဲဒီလို အစားသမားတွေကတော့ အေးဆေးပဲ။

တကယ်တော့ ခေါင်းဆောင်ကြီးရဲ့ စီးပွားရေးမူဝါဒကို ဘယ်သူကမှ ရှင်းရှင်းလင်းလင်း မသိကြပါဘူး။ အစည်းအဝေးတွေ၊ အခမ်းအနားတွေမှာ အမြဲပြောနေတာကတော့ ‘တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေး’ တဲ့။ ဆိုလိုတာကတော့ မငတ်ရုံဆို တော်ပြီဆိုတဲ့ သဘောပါပဲ။ အရင်အစိုးရတွေလို ‘တိုက်တစ်လုံး ကားတစ်စီး’ တို့၊ ‘စင်ကာပူကို ကျောက်တက်မယ့် ဂျက်လေယာဉ်ပျံကြီး’ တို့လို မစားရဝမခန်းစကားတွေကို သူ မပြောဘူး။ စိတ်ကူးလည်း မရှိပါဘူး။ သူ့အခြေအနေကိုလည်း သူသိနေတာပဲကို။ ဒီတော့လည်း မလုပ်နိုင်တာကို မပြောတာ ပိုကောင်းတယ်။ သူ လုပ်နိုင်တာကိုပဲ သူပြောမှာပေါ့။ ဒါပေမဲ့လည်း စကားဆိုတာ လှအောင်၊ တင့်တယ်အောင် ပြောတတ်ဖို့လိုတာပေါ့။ ‘တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေး’ ဆိုတော့ ကြားလို့ မကောင်းဘူးလား။

ဒီမှာ ပြဿနာက ဘာဖြစ်လဲဆိုတော့ အဲဒီစကားလုံးတွေရဲ့ ရည်ရွယ်ချက်ကို သူ့လူတွေက သေချာသဘောမပေါက်တာပဲ။ အဆိုးဆုံးကတော့ စီးပွားရေးဝန်ကြီးပဲ။ ဟိုတလောတုန်းက အဖြစ်အပျက်က ဒီလို။

စီးပွားရေးဝန်ကြီးဟာ စီးပွားရေးဘာသာရပ်ကို သိကျွမ်းနားလည်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါကိုပဲ ခေါင်းဆောင်ကြီးက သဘောကျတာဖြစ်တယ်။ သူ့လက်အောက်မှာ တော်တဲ့ ထက်တဲ့သူရယ်လို့လည်း ရှိမနေပါဘူး။ တော်တဲ့ထက်တဲ့သူတွေကလည်း သူ့လက်အောက်မှာ ဝင်မလုပ်ဘူးပေါ့။ ဘောလုံးစကားနဲ့ပြောရင် အရည်အသွေးမြင့်တဲ့ ကစာသမားကောင်းဟာ အသင်းကောင်းမှာပဲ လစာကောင်းကောင်းနဲ့ ဝင်ကစားမှာပဲ မဟုတ်လား။ ထားတော့။ ခေါင်းဆောင်ကြီးရဲ့ လူရွေးချယ်မှုပုံစံကတော့ သူ့ကို သစ္စာခံဖို့ပဲ အဓိက။ ခြေစွမ်းပြဖို့မလိုဘူး။ ခြေမပေါ်လေ သူကြိုက်လေပဲ။

ဒါပေမဲ့ အဲဒီစီးပွားရေးဝန်ကြီးဟာ ပြုတ်သွားခဲ့ရှာတယ်။ ဖြစ်ပုံက လျှို့ဝှက်ဆန်းကျယ်ပြီး သိမ်မွေ့နက်နဲလွန်းပါတယ်။

အဲဒီဝန်ကြီးဟာ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ထင်ရာမြင်ရာ ရေးဆွဲထားတဲ့ စီမံကိန်းကြီးတစ်ခုကို အစည်းအဝေးမှာ တင်ပြတယ်။ အဲဒီစီမံကိန်းဟာလည်း ခေါင်းဆောင်ကြီးရဲ့ ဆန္ဒတော်နဲ့ အညီပါပဲ။ ‘တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး’ ဆိုတဲ့ မူဝါဒကို အခြေခံထားတာပါပဲ။

သာယာဖို့ဆိုရင် ဒုက္ခတွေ မရှိဖို့လိုတယ်။ ဒုက္ခတွေ မရှိဖို့ဆိုရင် ငြိမ်းချမ်းနေဖို့ လိုတယ်။ ဒီတော့ ငြိမ်းချမ်းရေးလုပ်ရမယ်ပေါ့။ ဒါကလည်း ခေါင်းဆောင်ကြီး မကြာခဏပြောနေတဲ့စကားတွေထဲမှာလည်း ပါတာပဲမဟုတ်လား။

နောက်တစ်ခုဖြစ်တဲ့ ဝပြောရေး။ တိုင်းပြည်ဝပြောဖို့ဆိုရင် လူထုတွေမှာ စားစရာသောက်စရာတွေ ရှိနေဖို့ လိုမယ်။ စားသောက်စရာတွေရှိနေဖို့ဆိုရင် လယ်ယာသီးနှံတွေ များများစိုက်ပျိုးဖို့လိုမယ်။ ဒီအတွက် မြစ်ချောင်းဆည်မြောင်းတွေ ကောင်းဖို့လိုမယ်။ ဒါဟာ စားရေရိက္ခာဖူလုံရေးဆိုလည်း ဟုတ်ပြန်တယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။

တကယ်လို့များ သူ့စီမံကိန်းမဟာကြီး အောင်မြင်ခဲ့ရင် ဖူလုံရုံတင်မကဘူး ပိုလျှံပြီး နိုင်ငံခြားတိုင်းပြည်တွေကိုတောင် တင်ပို့ရောင်းချနိုင်လိမ့်မယ်။ ဒါဆိုရင် ခေါင်းဆောင်ကြီးအတွက် အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံခြားပိုက်ဆံတွေ၊ ဒေါ်လာတွေလည်း ရဦးမယ်။ ဒီလိုသာဆို တစ်ချက်ခုတ် နှစ်ချက်ပြတ်တောင်မဟုတ်တော့ဘူး။ သုံးလေးငါးချက်၊ ခြောက်ချက်ခုနစ်ချက်လောက်တောင် ပြတ်သွားဦးမယ်တဲ့။ ဒီအတွက် ဘယ်လိုလုပ်ဖို့လိုတယ်ဆိုတာကို သူ့စိတ်ကူးယဉ်စီမံကိန်းထဲမှာ အနှစ်ချုပ်အနေနဲ့ရော၊ အသေးစိတ်တွေကိုရော ရေးထည့်ဖော်ပြထားပါတယ်။

ခေါင်းဆောင်ကြီးကတော့ လိုရင်းအနှစ်ချုပ်ဆိုတာလည်း စိတ်မဝင်စားဘူး။ အသေးစိတ်ဆိုတာတွေလည်း ဘေးချိတ်ထားလိုက်။ ဝန်ကြီးပြောနေတာကို နားထောင်နေရင်း မျက်နှာက နီမြန်းလာတယ်။ ခဏနေတော့ ပြုံးလာတယ်။ ဒါကို အစည်းဝေးထဲက တခြားသူတွေက မြင်တော့ တစ်ခုခုတော့ ဖြစ်တော့မှာပဲဆိုတဲ့ အာရုံတွေ ရမိနေကြတယ်။ ဟိုဝန်ကြီးခမျာတော့ ဘယ်သိမလဲ။ သူ့စာရွက်သူပဲ ငုံ့ဖတ်နေတာဆိုတော့ ခေါင်းဆောင်ကြီးရဲ့ မျက်နှာထားကို မမြင်နိုင်ဘူး။ တခြားသူတွေရဲ့ သတိပေးအရိပ်အကဲကိုလည်း မတွေ့နိုင်ခဲ့ဘူး။

တင်ပြမှုပြီးသွားတဲ့အခါ ခေါင်းဆောင်ကြီးဟာ ဝန်ကြီးကို ခပ်စိမ်းစိမ်းလှမ်းကြည့်ပြီး ပြုံးတော်မူပြတယ်။ ‘မင်း သိပ်တော်တယ်’ ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ ဘာမှန်းမသိရှာတဲ့ ဝန်ကြီးကတော့ သူ့ကိုယ်သူ အဲဒီလိုပဲ ခံစားမိလိုက်တယ်။

“ကဲ အစည်းအဝေးကို ဒီမှာပဲ သိမ်းမယ်” လို့ ခေါင်းဆောင်ကြီးက ပြောလိုက်တယ်။

ဒီတော့မှ အခြေအနေတော့ မကောင်းလှဘူးဆိုတာကို သဘောပေါက်မိကြပြန်တယ်။ တကယ်ဆို စီမံကိန်းနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးကြ၊ သုံးသပ်ကြ၊ အကြံပြုကြ လုပ်ကြရဦးမှာမလား။ ဒါပေမဲ့ ဘယ်သူကမှ ဘာမှတော့ မမေးမိ၊ မပြောမိကြဘူး။ အဲဒီဝန်ကြီးရဲ့ စီမံကိန်းဟာ သင့်မြတ်လျော်ကန်သလိုလိုရှိတယ်လို့တော့ အားလုံးက ခံစားမိနေကြတယ်။ ခေါင်းဆောင်ကြီးကလွဲရင်ပေါ့။ ဘာကြောင့် အခုလိုဖြစ်သွားရသလဲဆိုတာကိုလည်း ဘယ်သူကမှလည်း နားမလည်ကြဘူး။ ဒါလည်း ခေါင်းဆောင်ကြီးက လွဲရင်ပေါ့။

ကိုယ်စီကိုယ်စီ ခန်းမထဲကနေ ထွက်နေတုန်းမှာပဲ ခေါင်းဆောင်ကြီးက စကားတစ်ခုကို ခပ်ကျယ်ကျယ် အော်ပြောလိုက်တယ်။

“အိမ်ပြန်ရောက်ရင် တယ်လီဂရမ်ကို ဖွင့်ကြည့်ဖို့ မမေ့ကြနဲ့” တဲ့။

ဟုတ်ပါပြီ။ သူ အမိန့်ကြေညာချက်တစ်ခုခု ထုတ်ပြန်တော့မယ်ထင်ရဲ့။

ထင်ထားတဲ့အတိုင်းပါပဲ။ အမိန့်ကြေညာချက်တစ်ခု ထွက်လာတယ်။ စီးပွားရေးဝန်ကြီးကို ရာထူးကနေ ဖြုတ်လိုက်ပြီတဲ့။ ဘာကြောင့်ရယ်လို့လည်း ဘယ်သူမှမသိကြပါဘူး။ စိတ်ဝင်စားဖို့တော့ ကောင်းနေပြန်တယ်။

အစည်းအဝေးမှာ အဲဒီဝန်ကြီးပြောသွားတာတွေဟာ ခေါင်းဆောင်ကြီးရဲ့ သဘောထားတွေနဲ့ မကိုက်ညီတာ၊ ဆန့်ကျင်နေတာရယ်လို့ သူတို့ မတွေ့ခဲ့ပါဘူး။ ဘယ်သူကမှလည်း အခုလိုအခြေအနေမှာ ဆန့်ကျင်တဲ့စကားမျိုး၊ အကြံမျိုးကို မပြောရဲ၊ မကြံရဲကြပါဘူး။ ခေါင်းဆောင်ကြီး ကြိုက်မယ်ဆိုတာတွေကိုပဲ ရှာဖွေပြီး ပြောနေကြရတာပဲမဟုတ်လား။ အခုတော့ ဘယ်လိုဖြစ်ပါလိမ့်။

ရက်တချို့ကြာတော့မှပဲ ခေါင်းဆောင်ကြီးရဲ့ အနီးဆုံးလူယုံတစ်ယောက်ဆီကနေ တိုးတိုးတိတ်တိတ် ပြန်ကြားရကြတယ်။ ဒီလိုတဲ့။

သူ့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးရေးတွေ ဘာတွေညာတွေ လျှောက်ပြောနေတာက လူကြားကောင်းရုံ၊ နိုင်ငံတကာက ကြားကောင်ရုံသက်သက်ပဲ ပြောနေတာဖြစ်တယ်တဲ့။ တကယ်မှာတော့ အဲဒီလို လုပ်မှာမဟုတ်ပါဘူးတဲ့။ လုပ်လို့လည်း မရပါဘူးတဲ့။

အခုလိုအခြေအနေမျိုးမှာ တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်တာဟာ ကိုယ့်သေတွင်းကိုယ် တူးသလိုပဲတဲ့။

ပြည်သူလူထုတွေဟာ ချမ်းသာကြွယ်ဝနေမယ်ဆိုရင် ပီဒီအက်တွေ၊ သူပုန်တွေကို အခုထက်ပိုပြီး ထောက်ပံ့လာနိုင်မှာပေါ့တဲ့။

ကဲ၊ ကောင်းကြရောပါပဲ။

ဗိန္ဒုဗလုံ

The Tanintharyi Times