စစ်ပွဲတွေကြားမှာ BRI ကို ပြန်အသက်သွင်းဖို့ ခြေလှမ်းစတင် လိုက်တဲ့ တရုတ်

စစ်ပွဲတွေကြားမှာ BRI ကို ပြန်အသက်သွင်းဖို့ ခြေလှမ်းစတင် လိုက်တဲ့ တရုတ်

တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့က ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနောက်ဆက်တွဲ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး BRI ကို အသက်ပြန်သွင်းလိုက်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းစု Citic က ဦးဆောင်ကာ ကီလိုမီတာ ၁၇၀၀ ရှည်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ရဲ့ အဓိကကျအဆုံး အပိုင်းအဖြစ် အကောင်အထည်ဖော်သွား မယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဟာ ဆိုးရွားပြင်းထန်တဲ့ စစ်ပွဲတွေကို ကြုံတွေ့နေရချိန်မှာ အခုလို စီမံကိန်းဖြစ်မြောက်ရေး တွန်းအားပေးမှုတစ်ခုနဲ့ ထပ်မံရင်ဆိုင်ရတာ ဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက်အရ တရုတ်အစိုးရပိုင် Citic Group ဟာ ၂၀၁၈ ခုနှစ်က သဘောတူညီချက်တွေအတိုင်း ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်ကလည်း တရုတ်နိုင်ငံအတွက် ရေနံတင်ပို့မှု အစားထိုးလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

အင်္ဂါနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲကို Citic Group ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တရုတ်သံတမန်တွေနဲ့ စစ်ကောင်စီတပ်က အရာရှိတွေတက်ရောက်ခဲ့ကြပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ ပေကျင်း အစိုးရ ရဲ့ ခါးပတ်လမ်းမ မဟာဗျူဟာနဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွက် အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လက်တွေ့ကျပြီး သိသာထင်ရှားတဲ့ ပူးပေါင်းမှုတစ်ခု ဖြစ်တယ်လို့ Citic Group ဥက္ကဌ Xi Guohua က ပြောခဲ့ပါတယ်။

“Citic Group က ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာပါ” လို့ Xi Guohua က ဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

အဆိုပါ နောက်ဆက်တွဲ သဘောတူညီချက်မှာ ပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ ဒါဟာ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ကျောထောက်နောက်ခံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တစ်ခုရဲ့ မြင်သာတဲ့ အရွေ့တစ်ခုဖြစ်လာပါတယ်။

ဒါပေမဲ့လည်း မြန်မာရဲ့ လက်ရှိအခြေအနေဟာ အရင်ကလို သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖော်ပြရုံနဲ့ မလုံလောက်တော့ပါဘူး။

လူမျိုးရေးပဋိပက္ခ တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေပိုဆိုရွားလာခဲ့သလို စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေလည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ တရုတ်ဦးဆောင်ညှိနှိုင်းတဲ့ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအကြိမ်မြောက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိခဲ့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လောက်ကိုင်မြို့နယ်က တရုတ်ပြည်သူတွေ အမြန်ဆုံးဘေးလွတ်ရာ ရှောင်ကြဖို့ တရုတ်သံရုံးကလည်း ကြာသပတေးနေ့က လုံခြုံရေးသတိပေးချက် အသစ်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်းက တရုတ်ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံစီမံကိန်းတွေရဲ့ လုံခြုံမှုအပေါ် တရုတ်နိုင်ငံရဲ့ စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။

ဘင်္ဂလားပင်လယ်အော် ကျောက်ဖြူကမ်းလွန် တံငါရွာ မဒေးကျွန်းမှာ အခြေတည်မယ့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန် ဆိပ်ကမ်းစီမံကိန်းဟာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး အစပြုရာ အထည်အလိပ်နဲ့ ရေနံချက် လုပ်ငန်းတွေကို အဓိက အကောင်အထည်ဖော်သွားမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်-မြန်မာ စီးပွားရေး

စင်္ကြံထဲမှာလည်း ဦးစားပေးလုပ်ငန်းအဖြစ်ပါဝင်နေပါတယ်။ ကီလိုမီတာ ၁၇၀၀ ရှည်လျားတဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ဖောက်လုပ်မယ့် မီးရထားလမ်းတွေ၊ အဝေးပြေးလမ်းမကြီးတွေ အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေရဲ့ ကွန်ရက်တစ်ခု ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံ အလည်ပတ်ခရီးစဥ်အတွင်း မြန်မာ စီးပွားရေး စင်္ကြံကို ပေကျင်းရဲ့ နိုင်ငံခြားရေးမူဝါဒအတွက် အခြေခံအဆောက်အဦပိုင်းဆိုင်ရာအရေးအပါဆုံး ခါးပတ်လမ်းမ မဟာဗျူဟာအတွက် ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းကနေ တင်သွင်းနေတဲ့ ရေနံ ၈၀ ရာခိုင်နှုန်းအတွက် လက်ရှိအသုံးပြုနေတဲ့ မလက္ကာရေလက်ကြားအစား ကျောက်ဖြူဆိပ်ကမ်းက တရုတ်ရဲ့ မဟာဗျူဟာမြောက် အစားထိုးလမ်းကြောင်းတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးနဲ့ အကြီးဆုံး ဘဏ္ဍာရေး လုပ်ငန်းစု တစ်ခုဖြစ်တဲ့ ဘေဂျင်းအခြေစိုက် Citic ကို အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို ဦးဆောင်လုပ်ကိုင်ဖို့ ၂၀၁၅ ခုနှစ်က ရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ရောက်မှသာ Citic နဲ့ မူဝါဒရေးရာ သဘောတူညီချက် မူဘောင် တစ်ခု ရရှိခဲ့ပြီး ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံကနေ ၁ ဒသမ ၃ ဘီလီယံကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။

တရုတ်ကုမ္ပဏီ Citic အတွက် နှစ် ၅၀ အငှားစာချုပ်နဲ့ အတူ တရုတ် မြန်မာအစိုးရတို့အကြား အကျိူးအမြတ်ခွဲဝေမှု အချိုး ၇၀-၃၀ နဲ့ သဘောတူညီခဲ့ပြီး ပူးတွဲစီမံခန့်ခွဲမှု ကော်မတီပါ ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့ စီမံကိန်းက တိုးတက်မှု ရပ်ဆိုင်းနေတာကြောင့် တရုတ်အာဏာပိုင်တွေက မြန်မာအစိုးရကို အတိအလင်း တိုက်တွန်းပြောဆိုကာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်က အခြေခံအဆောက်အဦ ဆိုင်ရာအစီအစဥ်တွေ တိုးတက်မှု ရှိစေရေး တွန်းအားပေးနေခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံနေရတဲ့ စစ်ကောင်စီဟာ ပြည်တွင်း ပဋိပက္ခတွေကြားမှာပဲ တရုတ် စီမံကိန်းတွေ ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းလာပါတယ်။

Citic အုပ်စုက ဆိပ်ကမ်းစီမံကိန်းအတွက် ၁၀ လကြာ ကွင်းဆင်းလေ့လာမှု ပြီးဆုံးသွားကြောင်း ဖေဖော်ဝါရီလက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလက ထုတ်ပြန်ချက် တစ်စောင်မှာလည်း SEZ ကော်မတီက လေလံတွေ ဖိတ်ခေါ်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စဖို့ ဦးတည်နေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အောင်နိုင်ဦးက ရေနက်ဆိပ်ကမ်းလုပ်ငန်းလိုင်စင်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး Citic Group နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးပြီလို့ ဒီလအစောပိုင်းက ကြေညာခဲ့ပါတယ်။

Ref: South China Morning Post

Connect Burma

The Tanintharyi Times