မျှော်လင့်ချက် ဆိတ်သုဉ်းနေတဲ့ တိုင်းပြည်အနာဂတ်လေးတွေ
မျှော်လင့်ချက် ဆိတ်သုဉ်းနေတဲ့ တိုင်းပြည်အနာဂတ်လေးတွေ
မိုးပြာရောင် လက်ပြတ်အင်္ကျီဝတ်ထားတဲ့ တစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ပါးနှစ်ဖက်မှာလည်း ပေပွလို့၊ ကောင်းကင်ကို လက်ညှိုးထိုးပြပြီး မြေကြီးပေါ် ဝမ်းလျားမှောက် ဝပ်ချလိုက်ပါတယ်။
စကားလုံးအားဖြင့် ပုံဖော်ပြီး မပြောတတ်သေးတဲ့ တစ်နှစ်ကလေးဟာ စစ်လေယာဉ် ဗုံးလာကြဲရင် ဘယ်လိုပုန်းရမလဲဆိုတာကို လက်ဟန်ခြေဟန်နဲ့ သရုပ်ပြနေတာပါ။
လူမှုကွန်ရက်ပေါ်မှာ တွေ့ရတဲ့ အဆိုပါ ရုပ်သံဟာ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦး လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ကြုံတွေ့နေခဲ့ရတယ်ဆိုတာကို သက်သေထူလို့ နေပါတယ်။
ပြီးခဲ့တဲ့နိုတင်ဘာလက လေကြောင်းတိုက်ခိုက်မှုကို ပြန်ပြောဖို့ပင် အခွင့်မသာခဲ့တဲ့ ကလေး ၈ ဦး ရှိခဲ့ပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးရွာမှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အသက် ၅နှစ်၊ ၇ နှစ်၊ ၉ နှစ်၊ ၁၁ နှစ် အရွယ်ရှိ ယောင်္ကျားလေး ၅ ဦးနဲ့ မိန်းကလေး ၃ ဦး သေဆုံးသွားခဲ့ပါတယ်။
စစ်ကောင်စီပစ်ချလိုက်တဲ့ ဂျက်လေယာဉ်ပေါ်က ဗုံးဟာ သားသမီးနဲ့ တူတွေကို စာသင်ပေးနေတဲ့ အသက် ၄၀ ကျော် ဦးဟာလောင်းရဲ့ နေအိမ်ပေါ်ကို ပြုတ်ကျခဲ့ပြီး ဦးဟာလောင်းတို့ မိသားစု ၅ ဦးလည်း သေဆုံးသွားခဲ့ပါတယ်။
အောက်တိုဘာလမှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပတ်ခတ်ခဲ့ရာမှာ လသားအရွယ်ကလေးတွေ အပါအဝင် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရပါတယ်။
ဧပြီလတုန်းကလည်း လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပဇီကြီးဖြစ်စဉ်မှာဆိုရင် ကလေးပေါင်း ၅၅ ဦးအထိ သေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေအပေါ် ၅ နှစ်အရွယ်သားသည်မိခင် မပန်းနု (အမည်လွှဲ) ကတော့ “လူမဆန်တဲ့လုပ်ရပ်”လို့ မှတ်ချက်ပြုပါတယ်။
မပန်းနုတို့မိသားစုနေထိုင်တဲ့ နေရာမှာ တောက်လျှောက်စစ်မက်ဖြစ်ပွားနေတဲ့နေရာ မဟုတ်ပေမယ့် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုနဲ့ ဆက်သွယ်တာကြောင့်ဆိုပြီး မကြာခဏဆိုသလို အရပ်သားတွေကို ဖမ်းဆီးနေပါတယ်။
“အိမ်မှာကိုက လုံခြုံတယ်လို့ မခံစားရဘူး၊ ဘယ်နေ့ဘာဖြစ်မလဲဆိုတာ စိုးရိမ်နေရတယ်၊ ကျမတို့ အိမ်မှာ အဲဒီအကြောင်းတွေပြောဖြစ်ကြတော့ သားသားကလည်း စစ်သားအကြောင်းတွေ ခဏခဏပြောတယ်၊ နောက်ပိုင်း ကျမတို့ တော်တော်သတိထားရတယ်” လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကြိုးစားခဲ့တဲ့နောက်ပိုင်း မြန်မာပြည်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကင်းမဲ့သွားခြင်းနဲ့အတူ ထိရှမှုအလွယ်ကူဆုံး လူအုပ်စုဖြစ်တဲ့ ကလေးငယ်တွေကလည်း အဆိုးဆုံးသော ကြောက်ရွံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြန်မာပြည် စစ်ရေးပဋိပက္ခပြင်းထန်လာနေတဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ကလေးငယ်တွေဟာ အကြမ်းဖက်မှုတွေ၊ အကြီးမားဆုံးလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ၊ ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍ ဆုတ်ယုတ်အားနည်းလာမှုတွေကို အများဆုံးရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
စစ်ရှောင်နေရတဲ့ပြည်သူတွေထဲမှာ ကလေးတွေ များစွာ ရှိနေပြီး ကရင်နီမှာတော့ စစ်ရှောင်ကလေးငယ် ၅ ပုံ ၁ ပုံတို့ဟာ အာဟာရချို့တဲ့နေတယ်လို့ စစ်ရှောင်တွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန်တွေက ပြောပါတယ်။
အသက် ၅ နှစ်အောက် ကလေးတွေ အာဟာရ ပြည့်မပြည့်ကို တိုင်းကြည့်တဲ့အခါမှာ ကလေးဦးရေ ၅၀၀ ကျော်မှာ ၁၀၀ ဦးက အာဟာရပြည့်မီမှုအရည်အသွေးမရှိနေဘူးလို့ CDM ဆရာဝန်တစ်ဦးက ပြောဆိုပါတယ်။
ဒါဟာ ၂၀၂၂ က လုပ်ဆောင်ခဲ့တဲ့ စစ်ဆေးချက်ဖြစ်ပြီး ၂၀၂၃ ထဲမှာတော့ စစ်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ ကလေးတွေဟာ အခုထက် ပိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ မြေမြှုပ်မိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရမှုတွေကြောင့် ကလေးပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
မြန်မာပြည်မှာ အခြေခံစားဝတ်နေရေးမပြည့်စုံမှုအပြင် နေရပ်စွန့်ခွာရတဲ့ မိသားစုများလာတာကြောင့် ကလေး ၅၅ ရာခိုင်နှုန်းဟာ ဆင်းရဲမှုစံနှုန်းအောက်မှာ နေထိုင်နေရပြီး ၂၀၂၄ မှာတော့ ကလေးပေါင်း ၆ သန်းခန့်ဟာ လူသားချင်းစာနာထောက်ပံ့မှု အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။
ကလေးငယ် ၆ သန်းတို့ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းတို့အပြင် အတင်းအကျပ်တပ်သားစုဆောင်းခံရတာ၊ စိတ်ထိခိုက်ခံစားရတာတွေ စတဲ့ အန္တရာယ်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
“ကလေးတိုင်းအတွက် UNICEF” လို့ ကြွေးကြော်ထားတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဟာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ကလေးတွေအတွက် လက်ခံနိုင်စရာ အကြောင်းပြချက် လုံးဝမရှိတဲ့ တိုက်ခိုက်မှုလုပ်ရပ်လို့ ထုတ်ပြန်ပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။
ယူနီဆက် အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီပေးနေတာတွေဟာ မဖြစ် သင့်ဘူးလို့ စစ်ရှောင်အရေး ကူညီနေသူ အမျိုးသားတစ်ဦးက ဝေဖန်ပါတယ်။
“ကလေးတွေကိုရော လူတွေကိုပါ သတ်နေတဲ့ ဒီစစ်တပ်နဲ့ ပေါင်းပြီး ကူညီရေးလုပ်နေတယ်ဆိုတာကိုက မဟုတ်နေဘူး၊ တကယ် ကူညီပေးချင်တာဆိုရင် တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေကနေတဆင့် သွားလို့ရတယ်၊ ဒါမှ ထိရောက်မှာ” လို့ သူက ဆိုပါတယ်။
အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အဖြစ်နဲ့ ကြုံရတဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ မကျေနပ်ချက်တွေ ဖြစ်တာ၊ အိပ်မရတာ၊ ညဘက်မှာ အိပ်မက်ဆိုးတွေမက်ပြီး အော်ဟစ်တာ၊ မကြာခဏငိုတာ၊ ရန်လိုတာ၊ ကြောက်ရွံ့တာ စတဲ့ လက္ခဏာတွေနဲ့ တုံ့ပြန်လေ့ရှိတယ်လို့ CDM ဆရာဝန်တဦးက ပြောပါတယ်။
“မလုံခြုံနေတဲ့ အခြေအနေကို ကလေးတွေသိဖို့ အမှန်နဲ့ အနီးစပ်ဆုံး သူတို့နားလည်အောင် ရှင်းပြဖို့ လိုတယ်၊ မိဘတွေအပေါ် သူတို့ ယုံကြည်ဖို့ အမှန်ပြောဖို့ အရေးကြီးတယ်၊ သူတို့ကို အနာဂတ်မျှော်လင့်ချက်တွေ ပေးဖို့လိုတယ်” လို့ သူက ရှင်းပြပါတယ်။
Population Pyramid က ဖော်ပြထားတဲ့ စာရင်းအရ မွေးကင်းစကနေ အသက် ၁၀ နှစ်အတွင်း ကလေးဦးရေဟာ မြန်မာပြည်လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းရှိတာဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းမှာ ကလေးငယ်ပေါင်း ၆၅၀,၀၀၀ ဦး ပါရှိနေတယ်လို့ ခန့်မှန်းတွက်ချက်လို့ ရပါတယ်။ သို့သော် အချက်အလက် အတိအကျတော့ မဟုတ်ပါ။

မြန်မာပြည်ကလေးငယ်တွေဟာ သတ်ဖြတ်ခံရတာ၊ စစ်ဘေးရှောင်ရတာ၊ စာသင်ကြားခွင့် အခွင့်အရေး ဆုံးရှုံးနေရတာ၊ အာဟာရချို့တဲ့မှု အပါအဝင် ကျန်းမာရေး ချို့တဲ့မှု အမျိုးမျိုး၊ သောက်သုံးရေ မလုံလောက်မှုကြောင့် စစ်ရှောင်စခန်းတွေမှာ အရေပြားရောဂါတွေ ခံစားနေကြရတာ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကလေးငယ်တွေဟာရဲ့ မိဘဆုံးရှုံးသွားကြတဲ့အခြေအနေမှာ မိဘမဲ့ဂေဟာဆီ ပို့ခံရတာမျိုး စတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်လို့ ပြောတဲ့ ကလေးငယ် ၄ ဒသမ ၅ သန်းတို့ဟာ လုံခြုံမှုရှိတဲ့ ပညာသင်ကြားခွင့်ရရှိရေးနဲ့ ကင်းကွာနေပြီး ကလေးတွေအတွက် ၂၀၂၃ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘ငါတို့ဘဝ ငါတို့အိပ်မက်’ ဆိုတာကလည်း ဆိတ်သုဉ်းနေဆဲဖြစ်ပါတယ်။
ကွန်းဟဒေ့
The Tanintharyi Times

