တရားစီရင်ရေးနံပါတ် ၁၀၂၇

တရားစီရင်ရေးနံပါတ် ၁၀၂၇

ကျောပိုးလွယ်အိတ်ထဲမှာ…

အမေထည့်ပေးလိုက်တဲ့ မေတ္တာကမ္ဘာကြီး

ရှိုက်သံငွေ့ငွေ့ဝဲနေတဲ့ အမှာစကားတွေ

နိုင်ငံတော်ကယ်တင်ခန်းမှာ

ပါဝင်မှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့

အမေ့…သား

ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ နယ်မြေပေါ်မှာ

မားမားမတ်မတ် ရပ်လို့ ။

လူကောင်းတွေ ဒုက္ခတွေ့နေတဲ့ နိုင်ငံတော်ကြီးမှာ

တဘို့ထဲသမားတွေနဲ့

တုတ်ထမ်းဓါးထမ်း မငြင်းလိုတော့

နိုင်ငံတော်ကယ်တင်ခန်းမှာ

အုတ်တချပ်ဖြစ်ဖြစ် သဲတပွင့်ဖြစ်ဖြစ်ပါဝင်သူတွေအကြောင်း

စစ်ကျောပိုးလွယ်အိတ်လေးထဲမှာ ထည့်ထားမယ်…။

ရဲဘော်ရဲဘက်တွေကို စောင့်ရှောက်သလိုမျိုး

တိုက်ပွဲမှာ တယောက်အသက်ကိုတယောက်

ကာကွယ်စောင့်ရှောက်သလိုမျိုး

စစ်ကျောပိုးလွယ်အိတ်လေးကို စောင့်ရှောက်မယ်…။

နွေ …နွေ

မိုး…မိုး

ဆောင်း…ဆောင်း

ယုံကြည်ချက်တွေ မပြောင်းလဲဘူး

နိုင်ငံတော်မှာ

စစ်အာဏာရှင်ဆိုတာ မျိုးသုဉ်းပျောက်ကွယ်သွားရမှာ

နိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်က

နိုင်ဖို့သေခြာနေပြီဆိုတဲ့ စိတ်အဖြစ်နဲ့

“ခွင့်လွတ်လို့ ရပေမယ့် မေ့ပျောက်လို့မရဘူး”ဆိုတဲ့ အယူအဆကို

အာဏာရှင်ကို ဆန့်ကျင်သလို ဆန့်ကျင်လို့

မမေ့သလိုမျိုး

နေအပူမှာ အများသောက်ရေအိုးကို ရိုက်ခွဲပစ်ခံရတဲ့အဖြစ်

စစ်အာဏာရှင်ကို အလိုမရှိ‌ကြောင်း ကြွေးကြော်သူရဲ့

ပါးစပ်ပေါက်ထဲ အက်ဆစ်လောင်းထည့်ပြီး သတ်ဖြတ်ခံရတာကို

မမေ့သလိုမျိုး

ဦးခေါင်းကို သေနတ်နဲ့ ပစ်ခွဲခံရတာကို မမေ့သလိုမျိုး

သူ့ကောင် သူ့ဘက်သားမဟုတ်လို့

အဖေရှေ့မှာတင်

အမေရင်ခွင်ထဲက ‌ကလေးငယ်ကို ပစ်ခတ်သတ်ဖြတ်တဲ့ကောင်ကို

မမေ့သလိုမျိုး

ရွာလုံးကျွတ်မီးလောင်တိုက်သွင်းခံနေရတဲ့ အိုးအိမ်တွေကို

အဝေးကနေ ငေးကြည့်နေရတဲ့ မြင်ကွင်းကို မမေ့သလိုမျိုး

မမေ့နိုင်စရာ စိတ်ဒဏ်ရာ အဖြစ်ဆိုးမျိုးတွေ

ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းတဲ့အဖြစ်အပျက်တွေ‌နဲ့

အမှတ်သည်းခြေမရှိသူတွေကို ခွင့်မလွှတ်သလိုမျိုး

ခွင့်မလွှတ်ဘူး

“ဘယ်ကောင်သေရဲလဲ”ဆိုတဲ့ အမေးစကားကို မမေ့သလိုမျိုး

လူမျိုးသုဥ်းသတ်ဖြတ်တဲ့ နာဇီတွေကို

ခွင့်မလွှတ်တဲ့ ဂျူးလူမျိုးတွေလို ခွင့်မလွှတ်မှုမျိုးနဲ့

ပြစ်မှုအတွက်

ပြစ်ဒဏ်ကို ခံရစေမယ့် တရားစီရင်ရေးနံပါတ်

တစ်…သုံည…နှစ်…ခုနစ်…

စတင်လိုက်ကြောင်း…။။

နေချိုသွေး

The Tanintharyi Times