တနင်္သာရီမှာ ဗုံးခိုကျင်းအသိပညာကို ဦးဆောင်နည်းပြပေးနေသူ ကိုဟိန်းနဲ့အင်တာဗျူး
တနင်္သာရီမှာ ဗုံးခိုကျင်းအသိပညာကို ဦးဆောင်နည်းပြပေးနေသူ ကိုဟိန်းနဲ့အင်တာဗျူး
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရတဲ့ အရေအတွက်က အရင် နှစ်တွေထက် ပိုလာပါပြီ။ ဒီအခြေအနေမှာ လက်နက်ကြီးပစ်ခတ်မှုကနေ လေကြောင်းတိုက်ခိုက်မှုအထိ အတတ် နိုင်ဆုံး ဘေးကင်းကင်းနဲ့ အကာအကွယ်ပြုနိုင်ဖို့က အရေးကြီးတဲ့ကိစ္စ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဗုံးခိုကျင်းနဲ့ တခြားစစ်ဘေးအသိ ပြင်ဆင်မှုတွေကို တနင်္သာရီတိုင်းထဲက လွတ်မြောက်နယ်မြေတွေမှာ အခုလကစပြီး လုပ်ဆောင်နေကြပါပြီ။
ဗုံးခိုကျင်းကို ဘယ်လိုပုံစံတူးကြမလဲ၊ မြေပြင်မှာ ဗုံးခိုကျင်းနဲ့ ပတ်သက်ပြီး ဘယ်လိုတွေလုပ်ဆောင်နေကြသလဲ စတဲ့အကြောင်းအရာတွေကို လက်တွေ့ အသိပညာပေး၊ နည်းပြတာတွေလုပ်ဆောင်နေတဲ့ သင်တန်းဦးဆောင်သူ ကိုဟိန်းကို တနင်္သာရီတိုင်းမ်ရဲ့ “တောင်ပိုင်းသားတို့အသံ” အစီအစဥ်က ဆက်သွယ် မေးမြန်းထားပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး - တနင်္သာရီမြိုနယ်မှာ ဘယ်အချိန် ကတည်းက ဗုံးခိုကျင်းနဲ့ပတ်သက်တဲ့အသိပညာပေးလုပ်ငန်းတွေ ရှိလာတာလဲ။
ဖြေ - လွတ်မြောက်နယ်မြေမှာ အခုနှစ် ၁ လပိုင်းလောက်ကစပြီးကျေးရွာတွေထဲ အသိပညာပေးတာတွေကို လုပ်ခဲ့တာပါ။ လက်ရှိကတော့ ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေကို ပထမဦးစားပေးအနေနဲ့ လက်တွေ့လုပ်ပြပြီး စနစ်တကျ သင်တန်းပေးနေတာပါ။
မေး - ကျောင်းသားနဲ့ဆရာ၊ ဆရာမတွေကိုသင်တန်းပေးနေတာ ဘယ်နှစ်ကြိမ်လောက်ရှိပြီလဲ။
ဖြေ - လွတ်မြောက်နယ်မြေမှာ အခုလအစကစပြီးသင်တန်းပေးနေတာပါ။ ကျောင်းတွေကို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာက ကျောင်းတွေတော့ မပါသေးဘူးပေါ့နော်။
မေး - ကွင်းဆင်းပြီး ဘာတွေသင်ပေး၊ နည်းပြပေးနေတာပါလဲ။
ဖြေ - သရုပ်ပြတဲ့ဟာတွေပေါ့နော်။ ကိုယ့်မှာရှိတဲ့ဟာနဲ့ ဗုံးခိုကျင်းတွေကို ဘယ်လိုတူးဖော်ရမလဲပေါ့။ လက်တွေ့တူးပြတယ်။ ပြီးတော့ ဗုံးခိုကျင်းရှိတဲ့ အခြေအနေနဲ့ မရှိတဲ့အခြေအနေနဲ့ ဘာတွေကွာခြားသွားလဲပေါ့လေ။ စိတ်လုံခြုံမှု ဘယ်လိုရှိလာလဲ ဆိုတာတွေအထိ အသေးစိတ်ရှင်းပြတယ်။ ပြီးတော့ အရေးပေါ်အခြေအနေပေါ့နော်။ ဘယ်လိုပြေးမလဲပေါ့။ အဲဒါတွေအဓိကပြောပြ ရှင်းပြခဲ့ပါတယ်။
မေး - တနင်္သာရီမြို့နယ်မှာ ဗုံးခိုကျင်းတွေအမှန်တကယ် လိုအပ်နေပြီလား။
ဖြေ - လက်ရှိ တနင်္သာရီမြို့နယ်က ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လစဥ်နဲ့အမျှ၊ နေ့စဥ်နဲ့အမျှ ပစ်နေတာပဲ။ အသက်သေဆုံးတာနဲ့ ဒဏ်ရာရတောတွေလည်း ရှိနေတာပဲ။ ဒါကြောင့် ဘာမှမဖြစ်သေးတဲ့ရွာက ပြည်သူတွေအနေနဲ့လည်း ကြိုပြီးတော့ ဆောက်လုပ်ထား၊ ပြင်ဆင်ထားသင့်တယ်။ စစ်ရေးအရှိန်ကလည်း တဖြည်းဖြည်း မြင့်လာမှာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်တာတွေပါ ရှိလာနိုင်တယ်လို့ ကျနော်တို့ကခန့်မှန်းထားပါတယ်။
မေး - ဒေသခံတွေနဲ့ စာသင်ကျောင်းတွေရဲ့ ပါဝင်မှုက ဘယ်လိုရှိလဲ။ သူတို့ ဗုံးခိုကျင်းတွေတူးထားကြပြီလား။
ဖြေ - အခုနှစ်အစမှာ နှိုးဆော်တာတွေလုပ်တော့ တချို့ကျောင်းတွေမှာ ဗုံးခိုကျင်းတွေတူးကြတယ်။ တချို့ကလည်း မတူးကြဘူးပေါ့။ အချိုးအစားမညီလို့ ပြန်ပြင်ရတာတွေလည်း အများကြီးရှိတယ်။ လက်ရှိဆိုရင် မြို့နယ်ထဲက အိမ်ထောင်စု ၁၀၀ မှာ ၄၀ ရာခိုင်နှုန်းလောက်ကပဲ ကြိုတင်ပြီးပြင်ဆင်ကြတယ်။ အများစုက ခပ်ပေါ့ပေါ့ပဲ နေကြတာပေါ့နော်။ စစ်ကောင်စီက အဓိကလက်နက်ကြီးတွေထုနေတဲ့ ဘန်လောတို့ မော်တုန်းတို့မှာတော့ ဗုံးခိုကျင်း တော်တော်များများ တူးကြတယ်။
မေး - ဗုံးခိုကျင်းကို ဘယ်လိုပုံစံတူးရမလဲ။
ဖြေ - မိသားစုတစ်စုအတွက်ကတော့ အနည်းဆုံးအနက် လေးပေတူးရမယ်။ အဲဒီထက် ပိုနက်မယ်ဆိုရင် မိသားစုထဲကသက်ကြီးရွယ်အိုတွေအတွက် အတက်အဆင်းလုပ်ရတာ အခက်အခဲရှိတယ်။ နောက်တခုက မိသားစုကျင်းထဲမှာ လွတ်လွတ်လပ်လှုပ်ရှားလို့ရမယ့်ကျင်းမျိုးဖြစ်ဖို့လိုတယ်။ မိသားစုဝင်ကများပြီး ကျင်းကငယ်နေမယ်ဆိုရင် အသက်ရှုကြပ်တာတွေအထိဖြစ်လာနိုင်တယ်။ ပြီးတော့ နည်းစနစ်ကျကျ မှန်မှန်ကန်ကန်တော့ တူးဖို့လိုတယ်။ ပြီးရ င်အပေါ်မှာ သစ်လုံးတွေကို အဓိကသုံးပြီးတင်မယ်။ သစ်လုံးမှာတောင် သစ်ပွသားတွေဆိုရင်မသုံးရဘူး။ အဲဒီသစ်လုံးတွေကိုလည်း ချိန်းကြိုးတို့ သံကြိုးတို့နဲ့ သေချာတုပ်နှောင်ထားဖို့လိုတယ်။ ပြီးတော့ အဲဒီအပေါ်မှာတာလပတ်ပါတို့ ပြောင်းဖူးအိတ်တို့ ဖျာစုတ်တို့ခင်းမယ်။ ပြီးရင် အပေါ်မှာ သဲအိတ်တွေကိုစီဖို့လိုမယ်။ နောက်ဆုံးမှာ ဗုံးခိုကျင်းကို မမြင်နိုင်အောက်သဲတွေ မြေတွေနဲ့ ပြန်ဖုံးမယ်ပေါ့။
ဝင်ပေါက်ကိုလည်း နှစ်ဆင့်လုပ်ထားရမယ်။ တဒေါင်ဆစ်ချိုးပုံစံနဲ့ ဝင်ပေါက်တစ်ခု ထွက်ပေါက်တစ်ခု အဆင်သင့်လုပ်ထားဖို့လိုတယ်။ နောက်တခုက ကျင်းတူးမယ့်နေရာဟာ မီးလောင်လွယ်တဲ့နေရာမဖြစ်ရဘူး။ ကွင်းပြင်အလယ်တွေမှာ မဖြစ်ရဘူး။ တခုခုဆိုအလွယ်တကူထွက်ပြေးရမယ့် နေရာဖြစ်ရမယ်။
မေး - ဗုံးခိုကျင်းတွေကဘယ်လို လက်နက်တွေရဲ့ဒဏ်ကိုကာကွယ်ပေးနိုင်လဲ။
ဖြေ - ပထမဆုံးသေနတ်ဒဏ်ကိုတော့ လုံးဝကာကွယ်တယ်။ လက်နက်ကြီးဒဏ်ဆိုရင်လည်း သူ့အပေါ်တိုက်ရိုက်လာ မကျခင်အထိတော့ မိုင်းစစင်တာတွေအတွက် ဘေးကင်းတယ်၊ အဆင်ပြေတယ်။ နောက်ပြီးလေကြောင်းကလာပစ်တာတွေမှာလည်း တိုက်ရိုက်လာမကျခင် အထိ အဆင်ပြေတယ်။ ပေါင်ငါးရာဗုံးတွေဆိုရင်တော့မရဘူးပေါ့။ အဲဒီအချိန်ဆိုရင်တော့ အစအနတွေ ဘာတွေစင်တာတွေမှာပဲ အဆင်ပြေပါလိမ့်မယ်။
မေး - တနင်္သာရီတိုင်းမှာအများစုတွေ့ရတဲ့ သမာရိုးကျအိမ်တွေမှာ ဘယ်လိုနေရာကဗုံးခိုကျင်းတူးသင့်လဲ။
ဖြေ - ခြေတံရှည်အိမ်တွေဆိုရင် အတတ်နိင်ဆုံး အိမ်အောက်မှာမတူးတာအကောင်းဆုံးပါပဲ။ သစ်အိမ်တွေ ဓနိသက်ကယ်မိုးအိမ်တွေက မီးအလွယ်တကူလောင်နိုင်တယ်။ ပြီးတော့ ပြိုတာတာပျက်စီးတာတွေဖြစ်ရင် သစ်စသစ်နတွေ ဝင်လာပြီးအသက်ဆုံးရှုံးနိုင်တယ်။ ခြံဝင်းထဲမှာပဲတူးသင့်တယ်။ ညဘက်တွေမှာဆိုရင်တော့ မီးမထွန်းဖို့ပေါ့။ ဓာတ်မီးထွန်းရင် လက်နဲ့အုပ်ပြီးထားဖို့။
မေး - တနင်္သာရီတိုင်းမှာရှိတဲ့ ကမ်းရိုးတန်းဒေသက ရွာတွေဆိုရင် ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ - ကျနော်တို့ဘက်မှာ တချို့ကျေးရွာတွေက ဗုံးခိုကျင်းတူးတာနဲ့ ရေထွက်တဲ့ဟာတွေရှိတယ်။ အခုကျောင်းတွေမှာလည်း သုံးလေးနေရာတွေ့ရတယ်။ ကျင်းတူးတာနဲ့ရေတွေလိုက်လာလို့ ကျင်းကိုပိတ်ပစ်လိုက်ရတာတို့ဖြစ်တယ်။ အဲဒီနေရာတွေကျတော့ တူးလို့မရဘူးပေါ့။ ဆိုတော့ ခိုင်မာတဲ့နံရံတွေကို ယူသုံးလို့ရတယ်။ ခိုင်ခံ့တဲ့နံရံမျိုးဖြစ်ရမယ်။ မှန်တွေမပါတဲ့ အခန်းမျိုးဖြစ်ရမယ်။ အကယ်၍အခန်းကမှန်ပါရင် ထောင့်မှာကပ်ပြီးနေရမယ်။
မေး - ဘယ်လိုအချိန်မှာ ဗုံးခိုကျင်းတွေထဲကပြန်ထွက်သင့်လဲ။
ဖြေ - ပစ်သံခတ်သံတွေ ပြန်တိတ်သွားတဲ့အချိန်မှာ ကျနော်တို့ပြန်ထမယ်ပေါ့။ ရွာထဲက တခြားလူတွေကို ဖုန်းတွေဆက်ပြီးမေးမြန်းတာတွေလုပ်မယ်ပေါ့။ အခြေအနေကောင်းပြီဆိုရင် ပြန်ထမယ်ပေါ့။ ဒီလိုမှမဟုတ်ဘူး အသံတွေက မငြိမ်ဘူး ပိုဆိုးလာတယ်။ အနီးနားမှာအထိ တိုက်ပွဲတွေဖြစ်လာပြီဆိုရင် လုံးဝနေဖို့ အဆင်မပြေပြီ။ ပြန်ထွက်ဖို့လိုတယ်။ အဲဒါကြောင့် ကျင်းတူးကတည်းက ထွက်မဲ့အပေါက်ကို ကြည့်ထားပြီးအပေါက်နှစ်ပေါက်ရှိတဲ့အတွက် ဒီပေါက်ကပြေးရင် ဘယ်ရောက်မယ်ဆိုတာမျိုးကြိုပြင်ထားရမယ်။ ဘာကြောင့်ဆို ဗုံးခိုကျင်းထဲမှာက တစ်နာရီတောင်နေလို့မနိုင်ဘူး။ ပူအိုက်တဲ့ဒဏ်တွေနဲ့ပေါ့နော်။ ကျောင်းသားတွေအနေနဲ့ ကြည့်မယ်ဆိုရင် ကလေးတွေဖြစ်တဲ့အတွက် ပိုဆိုးတယ်လေနော်။ လက်နက်ကြီးပစ်ပြီဆိုတာနဲ့ ကျင်းထဲဝင်တယ်၊ သူတို့ကမနေချင်ဘူး ဘယ်ကိုသွားမယ်တို့ ပြန်မယ်ဆိုပြီး ငိုတာတွေရှိတယ်။ အဲဒါကြောင့် သေချာထိန်းကျောင်းနိုင်ဖို့အထိ လေ့ကျင့်ထားကြတယ်။ အခုလေ့ကျင့်ရာမှာလည်း ကလေးတွေနဲ့ လက်တွေ့လေ့ကျင်တာတွေ ပါတယ်။
မေး - တနင်္သာရီမြို့နယ်အပြင်တိုင်းထဲက တခြားမြို့နယ်တွေမှာရော အခုလိုလုပ်နေကြပြီလား။
ဖြေ - အဲလိုတော့ မကြားရသေးဘူးဗျ။ ဒီနှစ်ထဲမှာဆိုရင်တော့ တနင်္သာရီမြို့နယ်က ပထမဆုံးလုပ်တာမျိုးလို့ပြောလို့ရပါတယ်။

မေး - ဗုံးခိုကျင်းနဲ့ပတ်သက်ပြီး နောက်ထပ်ဘယ်လိုတွေထပ်လုပ်သွားဖို့ရှိလဲ။
ဖြေ - နောက်ထပ်ကတော့ ကျေးရွာတွေကိုသွားပြီး တအိမ်တက်ဆင်း ပညာပေးတာ ကွင်းဆင်းတာတွေအထိလုပ်သွားမယ်။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူပေါင်းပြီး လုပ်သွားမှာပေါ့။ အရပ်သူအရပ်သားတွေကို အရင်က ပညာပေးတာရှိပြီးပြီ။ လောလောဆယ် ပညာရေးကိုပေးတာလုပ်မယ်။ ပြည်သူတွေကိုလည်း ဒုတိယအကြိမ် ရုပ်သံဖိုင်တွေ ပရိုဂျက်တာတွေနဲ့ အသေစိတ်ပြောပြဖို့ရှိပါတယ်။
မေး - စစ်ရေးနဲ့ပတ်သက်ပြီး တခြားဆောင်ရန် ၊ ရှောင်ရန်တွေထပ်ဖြည့်ပြောချင်တာရှိရင်ပြောပြပေးပါဦး။
ဖြေ - ပြည်သူတွေအနေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေကြားရင် ထွက်မကြည့်ဖို့ အဓိကမှာချင်တယ်။ လုံခြုံတဲ့နေရာကိုရှာပြီးတော့ နေကြဖို့ပေါ့နော်။ အရေးကြီးတဲ့ပစ္စည်းတွေကို တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ကိုယ်နဲ့မကွာထားထားမယ်။ ဆေးဝါး၊ ရိက္ခာတွေကိုလည်း အဆင်သင့်ထုပ်ပိုးထားဖို့ပေါ့။
The Tanintharyi Times

