လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွေ တနင်္သာရီမြို့နယ်မှာ ပြုလုပ်
လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွေ တနင်္သာရီမြို့နယ်မှာ ပြုလုပ်

တနင်္သာရီမြို့နယ်ထဲက NUG ထိန်းချုပ်နယ်မြေအတွင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ခဲ့ကြပါတယ်။
အခုလ ၆ ရက်နေ့ကတည်းက စတင်ပြုလုပ်နေတာဖြစ်ပြီးဟောပြောပွဲအတွင်း လေကြောင်း အန္တရာယ် ကာကွယ်ရမဲ့နည်းလမ်းတွေနဲ့ ဗုံးခိုကျင်းတူးနည်းတွေပါ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဟောပြောပွဲအတွင်းပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
” အဓိကက ကျနော်တို့တနင်္သာရီဘက်မှာလေကြောင်းလာမဲ့ အငွေ့အသက်တွေရှိနေတယ်။ ဒါကြောင့်ကျနော်တို့က ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒီဟောပြောပွဲကိုလုပ်ဖြစ်တာပါ” လို့ တပ်ဖွဲ့ဝင်က ရှင်းပြပါတယ်။
ဟောပြောပွဲဟာ တစ်နာရီခွဲအချိန်ခန့်ကြာမြင့်ခဲ့ပြီး တက်ရောက်တဲ့ လူထုပါဝင်မှုနှုန်းကလည်း အားရစရာကောင်းတယ်လို့ ဆိုပါတယ်။
“ ပြည်ပကို ထွက်ခွာတဲ့သူ အရမ်းများနေပေမဲ့ ရွာထဲရှိသမျှလူတွေ အကုန်နီးပါးလာတက်ကြတယ်” လို့ ၎င်းကပြောပါတယ်။
ဟောပြောပွဲအတွင်း ပြောပြခဲ့တဲ့ ဗုံးခိုကျင်းလုပ်နည်းအတိုင်း အချို့နေရာတွေမှာ လက်တွေ့လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။
အသိပညာပေးဟောပြောပွဲကို ဆက်တိုက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
အခုလို့ အသိပညာပေးဟောပြောပွဲကို မြိတ်ခရိုင်တပ်ရင်း-၂ နဲ့ တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက စုပေါင်းပြုလုပ်တာဖြစ်ပါတယ်။


The Tanintharyi Times