ကျောခိုင်းသွားသူ

ကျောခိုင်းသွားသူ

အခက်အလက်စိမ်းစိုပြီး အရိပ်အာဝါသကောင်းတဲ့ မြို့အဝင်က ကုက္ကိုလ်ပင်အောက်မှာ ခုံတစ်လုံးစီနဲ့ မိန့်မိန့်ကြီးထိုင်နေတဲ့ ဗိုက်ပူပူနဲ့ အသက်ကြီးပိုင်း လူကြီးအချို့ကို ကျောခိုင်းကာ နွေနေပူပူထဲ ရဲမေ ယူနီဖောင်းနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ အေးငြိမ်း။

အာဏာမသိမ်းခင် လပိုင်းအလိုမှာ လျှောက်လွှာတင်ပြီး ရဲမေဖြစ်လာတဲ့ အေးငြိမ်း တစ်ယောက် အာဏာသိမ်းပြီး ၂ လအကြာမှာ သူ့ဖေ့စ်ဘုတ်အကောင့်လေး သော့ခတ်လို့ မီးစိမ်းလေးလည်း မတွေ့ရတော့ဘူး။

၂၀၁၅ ခုနှစ်ကတည်းက တက္ကသိုလ်တက်ရင်း ခင်မင်ခွင့်ရခဲ့တဲ့ မိတ်ဆွေအချို့ကတော့ ပြောတယ်။ အေးငြိမ်းတစ်ယောက် အေးဆေးပဲတဲ့။

နေပြည်တော်မှာ သင်တန်းဆင်းနေတယ် ပြောတယ်။ မှန်သလား၊ မှားသလားတော့မသိ။ သူငယ်ချင်းတွေလည်း သူနဲ့ အဆက်သွယ်မရတော့။

အာဏာသိမ်းပြီး တစ်နှစ်ကျော်လောက်ကြာတော့ သရက်ချောင်းမြို့အဝင်မှာရှိတဲ့ မော်ရှည်ကုန်းဂိတ်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ ရဲနဲ့ စစ်တပ်တွေကြား နှာခေါင်းစည်း Mask တပ်ထားတဲ့ အေးငြိမ်း ကို တွေ့ခဲ့ရတဲ့အကြောင်းက မိတ်ဆွေအချို့ရဲ့ ဆိုရှယ်မီဒီယာစကားပြောခန်းတွေထဲမှာ ဆွေးနွေးစရာတစ်ခု ဖြစ်ခဲ့တယ်။

အေးငြိမ်း က အရင်က အေးငြိမ်း မဟုတ်တော့ဘူး။ ထားဝယ်သံဝဲတဲတဲနဲ့ အေးငြိမ်းက၊ ဗမာသံထွက်အောင် လေသံမာမာနဲ့ ပြောနေပြီတဲ့။

ဦးလေးတစ်ယောက်ကို “ရွှေ့၊ ရွှေ့ လမ်းဘေးမှာရပ်။ ပိုက်ဆံ ငါးသောင်းနဲ့ လာထုတ်မှ ရမယ်။ မပါရင် အိမ်ကို ဖုန်းဆက်ခေါ် ” လို့ အေးငြိမ်းက ပြောနေတာလို့ ဒီအဖြစ်အပျက်ကို မြင်ရတဲ့ သူငယ်ချင်းဟောင်းက ပြောတယ်။ အသံကိုမှတ်မိနေလို့ သေချာပြန်စိုက်ကြည့်မှ အေးငြိမ်း ဖြစ်နေသတဲ့။

သူငယ်ချင်းဖြစ်သူ စစ်ဆေးဖို့ အလှည့်ရောက်တော့ “အေးငြိမ်း လားလို့” အနားကပ် မေးပေမဲ့၊ အေးငြိမ်း မဖြေ။ တစ်ချက်စိုက်ကြည့်ပြီး “သွားလို့ရပြီ” လို့ ပြန်ပြောတယ်။

တွေ့ခဲ့ရတဲ့ မိတ်ဆွေတိုင်းကတော့ အေးငြိမ်းမှ အေးငြိမ်း အစစ်ပဲ လို့ အတည်ပြုကြတယ်။

သူငယ်ချင်း နောက်တစ်ယောက်ကတော့ ” အရင်တစ်ပတ်က ဆိုင်ကယ်လိုင်စင်မရှိပေမဲ့ မဖမ်းဘဲ လွှတ်ပေးလိုက်တာကို ငါကကျေးဇူးတင်ကြောင်း ပြောမလို့ဟာ အပြောမခံဘူး။ တစ်ခြားတစ်ယောက်ဆီ စစ်ဖို့ထွက်သွားတယ်။ ငါက အထင်မှားတယ်ထင်နေတာ။ တကယ် အေးငြိမ်း လား” လို့ ဇဝေဇဝါအတွေးတွေနဲ့ သူကြုံရတာတွေကို မျှဝေတယ်။

မတွေ့ရတာကြာတဲ့ အေးငြိမ်းကို တွေ့ချင်တာရော အေးငြိမ်း ဘယ်လိုပုံဖြစ်နေပြီလဲ ဆိုတာကို စပ်စုချင်တာကြောင့်ရော မိတ်‌ဆွေတစ်စုက သွားတွေ့ဖို့ အကွက်ဆင်ကြတယ်။

စစ်ဆေးရေးဂိတ်နဲ့ အနီးဆုံးမှာရှိတဲ့ မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ လူစု။ စစ်ဆေးရေးဂိတ်ဖြတ်ရမှာဆိုတော့ ဖုန်းထဲရှိတာအကုန်ဖျက်၊ အကုန်ရှင်း၊ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေလိုက်ငှား၊ ယာဉ်မောင်းလိုင်စင်ရှိတဲ့သူကို ဆိုင်ကယ်မောင်းခိုင်းပြီး မော်ရှည်ကုန်းဂိတ်ကို ဖြတ်ကြတယ်။

ဂိတ်ကိုဖြတ်တော့ ကံကောင်းစွာနဲ့ပဲ တွေ့ချင်တဲ့ အေးငြိမ်း ကို တွေ့တယ်။ နှာခေါင်းစည်း Mask အပြာနဲ့ ယူနီဖောင်းနဲ့၊ ခန့်ခန့်ညားညား။

သူကိုယ်တိုင် ထွက်စစ်တယ်။ ဘယ်သွားမှာလဲ မေးတယ်။ လိုင်စင်တွေ ထုတ်ခိုင်းတယ်။ ဒါပေမဲ့ သူ့ သူငယ်ချင်းတွေကိုတော့ မကြည့်၊ မျက်လုံးချင်းလည်း မဆုံ။

နှာခေါင်းစည်း Mask အောက်မှာ ကွယ်ဝှက်ထားတဲ့ သူ့မျက်နှာကိုတော့ စိတ်မှန်းနဲ့ အထင်းသားမြင်နေရတယ်။ ခက်ထန်လိုက်ဘိခြင်း။

ဘေးပတ်ဝန်းကျင်မှာ တစ်ခြားရဲတွေနဲ့ စစ်တပ်တွေရှိနေပေမဲ့ လေသံတိုးတိုးလေးနဲ့ ” အေးငြိမ်း နင်အဆင်မှ ပြေရဲ့လား “၊ ငါတို့စိတ်ပူနေတာ” လို့ ကျွန်မ အရဲစွန့်ပြီး မေးလိုက်တယ်။

“အသိတွေနဲ့တွေ့တိုင်း ရှက်လို့ Mask တောင်မချွတ်ရဲဘူး သူငယ်ချင်းတို့ရာ” လို့ အေးငြိမ်း ပြန်ပြောတယ်။ ပြီးတာနဲ့ ခပ်ပြတ်ပြတ်ပဲ လေသံမာမာနဲ့ “သွားလို့ရပြီ” တဲ့။

ကျွန်မတို့လည်း စကားတွေဆက်ပြောချင်ပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် စိတ်မကောင်းခြင်းများစွာနဲ့ ကျောခိုင်းခဲ့ရတယ်။

ကျွန်မတို့ကို စစ်ပြီးတာနဲ့ သူ့အလုပ်သူဆက်လုပ်ရင်း ကျန်ခဲ့တဲ့ အေးငြိမ်းနဲ့ ကျွန်မတို့ လူချင်း တဖြည်းဖြည်းနဲ့ဝေးသွားပေမဲ့ အချင်းချင်းအပြန်အလှန် အဆင်မပြေမှုတွေ ရင်ဖွင့်ခဲ့ကြရသလို စိတ်ထဲ နွေးနွေးလေး ဖြစ်နေခဲ့တယ်။သေချာ‌တယ် စိတ်ကတော့ နီးနီးလေးမှာပဲ။

အခုတွေ့ခဲ့ရတဲ့ အေးငြိမ်း မဟုတ်တဲ့ အရင်က အေးငြိမ်းကို ကျွန်မမခို့တရို့လေး လွမ်းသွားတယ်။

အေးငြိမ်းဟာ သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ ဆင်ဖြူပြင်ရွာသူ။ ရွာကလေးက ပင်လယ်ဘေးမှာရှိတော့ ပိုက်လှေငယ်လေးနဲ့ ငါးဖမ်းပြီး သက်မွေးဝမ်းကြောင်းပြုတယ်။

ပိုက်လှေငယ်လေးဟာ သူတို့မိသားစုရဲ့ အသက်သွေးကြော။ ဖမ်းလို့ရတဲ့ ငါး၊ ပုစွန်ကို လင်ဗန်းတစ်ချပ်နဲ့ လိုက်ရောင်းရင်း အဝေးသင် မြန်မာစာနဲ့ ကျောင်းပြီးခဲ့သူ။ ကျောင်းတက်နေတုန်းမှာလည်း အနားမရ။ ပေါင်မုန့်စက်ရုံမှာ အလုပ်ဝင်တယ်။ အိမ်ကို ပိုက်ဆံပို့တယ်။ ကျောင်းတက်ရင် သုံးဖို့ စုတယ်။ ဒီလိုနဲ့ ဝါသနာဆိုတာ ဘာမှန်းမသိ၊ ရည်မှန်းချက်ဆိုတာ မိသားစုကလွဲရင် သူ့အတွက် ဘာမှန်းမသိပဲ ဘဝကို ရုန်းကန်ခဲ့တဲ့ အေးငြိမ်း။

အပြုံးချိုတယ်။ အနေအထိုင် အေးတယ်။ သူတစ်ပါးကို အပြစ်မြင်တတ်တဲ့စိတ် မွေးကတည်းက သူ့မှာပါမလာခဲ့။

တစ်ယောက်ယောက်နဲ့ ကတောက်ကဆဖြစ်ရင်လည်း သူမမှားပဲ ခံလာရတာချည်းပဲ။ သူက အေးဆေးနေရတာကြိုက်လို့ တမင်ကိုအရှုံးပေးနစ်နာခံတတ်တဲ့လူမျိုး။

ပိုက်ဆံချေးပေးပြီး အားနာလို့ မတောင်းဖြစ်တာနဲ့ ပြန်မရတာလည်း အကြိမ်ကြိမ်။ သွားမယ်၊ လာမယ်ဟေ့ဆိုလည်း သူဘိတ်ဆုံး။ သူ့ရဲ့လှုပ်ရှားမှုတွေကတော့ ပက်ကျိကတောင် ဆရာ ပြန်ခေါ်ရမဲ့ သူမျိုး။

သူနောက်ဆုံးမှပြီးတိုင်း ” ငါအိမ်သာတက်နေလို့ပါဟာ ” ဆိုတာက သူ့ရဲ့လက်သုံးစကား။ ဟုတ်တယ်၊ သူပြောတာလည်းမမှားဘူး။ သူဝင်လိုက်တဲ့ အိမ်သာတံခါးဆို ပွင့်ကို မလာတော့တာ။

အိမ်ပြန်လမ်းတစ်လျှောက် စိမ်းစိုလှတဲ့ မြင်ကွင်းတွေကြား အရင်က အေးငြိမ်းကို လွမ်းရင်း အမြင်အာရုံတွေ ခဏ ဝေဝါးသွားတယ်။

အေးငြိမ်း တစ်ယောက် ဘယ်လိုလေ့ကျင့်မှုတွေကြောင့် ဘယ်လိုအဝန်းအဝိုင်းမှာ နေခဲ့ရလို့ ဒီလောက်ပြောင်းလဲသွားရတာလဲ ဆိုပြီး ကျွန်မတို့ မိတ်ဆွေအချို့ ခေါင်းချင်းဆိုင်ပြီး စကားဝိုင်းဖွဲ့ကြတယ်။

“ငါရှက်လို့ mask တောင်မချွတ်ရဲဘူး” ဆိုပြီးသိမ်ငယ်စိတ်တွေနဲ့ ရှင်သန်နေရတဲ့ သူငယ်ချင်းကို အလုပ်ကထွက်ပြီး CDM ဝင်ဖို့ အားပေးစကားသွားပြောတော့ သင်တန်းဆင်းတာ မကြာသေးတဲ့ သူ့အနေနဲ့ CDM ဝင်လိုက်ရင် မိသားစု ကိုရန်ရှာမှာစိုးလို့ ဒီမှာပဲ နေပါရစေ။ ငါ့ကို အထင်မလွဲကြပါနဲ့ ဆိုပြီး ပြောရှာတယ်။ အရင်က အေးငြိမ်း ရဲ့ နူးညံ့ခြင်း အခိုးအငွေ့ကိုတော့ အနည်းငယ် ရှူရှိုက်လိုက်မိတယ်။

ရဲမေ လုပ်ဖို့ လျှောက်လွှာတင်ခဲ့တဲ့ သူ့ ကိုပဲစိတ်တိုရမလား။ လစာကြည့်ပြီး အလုပ်လုပ်မှဖြစ်မဲ့ သူ့ဘဝပေးကံကိုပဲ ရန်ရှာရမလား။ ဝါသနာနဲ့ ရည်မှန်းချက်ကွဲအောင် မသင်ပေးခဲ့တဲ့ ပညာရေးကိုပဲ အော်ဟစ်ပစ်လိုက်ရမလား စတဲ့ မေးခွန်းတွေနဲ့ ကျွန်မတို့ မိတ်ဆွေတစ်ဖွဲ့လုံး မျက်လုံးချင်းဆုံပြီး မိနစ်အနည်းငယ် ငြိမ်သက်သွားကြတယ်။

ခဏကြာတော့ သေချာတယ်၊ ဒီပြဿနာတွေရဲ့အရင်းခံကတော့ ခေတ်အ‌ဆက်ဆက်အာဏာရူးတွေကြောင့်ဆိုတာတော့ အားလုံးရဲ့ ရင်ထဲမှာရှိနေတဲ့ မမှားတဲ့ အမှန်တရားပဲလို့ ကျွန်မတို့အားလုံး တထစ်ချယုံကြည်လိုက်ကြတယ်။

ဒီနှစ် လလယ်လောက်မှာတော့ အေးငြိမ်း တစ်ယောက် အထက်အမိန့်ဆိုတဲ့ တစ်ချက်လွှတ်အာဏာနဲ့ နယ်ပြောင်းသွားရပြီလို့ ကျွန်မတို့အဖွဲ့ထဲက မိတ်ဆွေတစ်ယောက်ဆီ ဆိုရှယ်မီဒီယာကတစ်ဆင့် ဆက်သွယ်လာတယ်။ ဘယ်နယ်လဲဆိုတာတော့ သူမပြော။

၈ နှစ်တာသံယောဇဉ်နဲ့ မိတ်ဆွေတွေဆုံဖြစ်တိုင်း အေးငြိမ်းအကြောင်း သတိတရထည့်ပြောဖြစ်တယ်။

ကျွန်မတို့တစ်ဖွဲ့လုံး လူစုံတက်စုံ ဆုံကြအုံးမှာလား၊ စိုးရိမ်စိတ်လေးကတော့ သက်ပြင်းချသံတွေနဲ့အတူ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မသိမသာလေး ကိန်းအောင်းလို့။

အေးငြိမ်းတစ်ယောက် သူရွေးခဲ့တဲ့လမ်းအတွက် ဂုဏ်ယူနေမလား၊ နောင်တများ ရနေမလား။ ကျွန်မတို့အတွက်တော့ ပဟေဠိတစ်ခု ဖြစ်နေဆဲပါပဲ။

ဝတ်ရည်

The Tanintharyi Times