ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဥ်းသားများမှ ပြည်သူလူထုထံတိုင်ကြားစာ
ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဥ်းသားများမှ ပြည်သူလူထုထံတိုင်ကြားစာ

သို့
မပြောမဖြစ်လို့ ဒီစာကို ရေးလိုက်ရပါတယ်ခင်ဗျား။
ထားဝယ်ထောင်ထဲမှာ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်ရိုက်နှက် နှိပ်စက်မှုတွေ နေ့စဥ်လိုလို ဖြစ်ပျက်နေပါတယ်။
ဖြစ်ပုံက ဒီလိုပါ-
ဧပြီ လဆန်းပိုင်းမှာပဲ အမှတ်(၂)အမျိုးသား
အိပ်ဆောင်ကို အိပ်ဆောင်မှူးအဖြစ် ထောင်အရာရှိ ဇော်ဇော်ထက် ဆိုသူတာဝန်ကျလာပါတယ်။
အဲဒီနောက် ထောင်အရာရှိ ဦးဇော်ဇော်ထက်ဟာ
ယခုလ ၇ ရက်နေ့မှာ နိုင်ကျဥ်း ကိုအောင်ဝင်းကို ပါးသုံးချက်ရိုက်ပါတယ်။ ၁၂ ရက်နေ့မှာလည်း နိုင်ကျဥ်း ကိုလွင်ဇော်သူကို ပါးတစ်ချက် ထပ်မံရိုက်ပြန်ပါတယ်။
၁၂ရက်ညမှာ ညတာဝန်ကျ ထောင်ဝန်ထမ်းတစ်ဦး အရက်မူးပြီး လမ်းမှာအိပ်နေလို့ဆိုပြီး ခေါင်းကွဲအောင်အထိ ရာဘာတုတ်နဲ့ ရိုက်နှက်ခဲ့ပါတယ်။
၁၃ရက်နေ့မှာ ရန်ဖြစ်တဲ့ အကျဥ်းသားတစ်ယောက်ကို နံပတ်တုတ် ကောက်တဲ့အထိ ခန္ဓာကိုယ်အနှံ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ပါတယ်။
၁၃ရက်နေ့ ညနေပိုင်းရှာဖွေရေးအပြီးမှာ ထောင်အရာရှိအကျဥ်းသားတစ်ဦးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးတာ၊ တတောင်နဲ့ ထောင်းတာနဲ့ ပါးရိုက်တာတွေကိုအချက်ရေများစွာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ပြန်ပါတယ်။
၁၅ ရက်နေ့ နေ့လယ်မှာ ရန်ဖြစ်တဲ့ အကျဥ်းသားတစ်ယောက်ကို နံပတ်တုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်တာတွေကို နေ့စဥ်နီးပါး ကျူးလွန်နေပါတယ်။
ရိုက်နှက်တာအားလုံးကို အမှတ်(၂) အမျိုးသားအိပ်ဆောင်မှူး ဖြစ်သူ ထောင်အရာရှိ ဇော်ဇော်ထက် ပြုလုပ်ခဲ့တာပါ။
ကျနော်တို့ ဖြစ်စေချင်တာက အကျဥ်းသားတစ်ဦး ပြစ်မှုကျူးလွန်ရင် အကျဥ်းထောင်လက်စွဲဥပဒေပါအပြစ်ပေးပုံစံများနဲ့ အညီပဲ အပြစ်ပေးစေချင်ပါတယ်။ ဥပဒေမဲ့ အကြမ်းဖက်ရိုက်နှက်တာကို ကျနော်တို့ လက်မခံနိုင်ပါ။ အကျဥ်းသားတွေဘက်က ပြန်လည်ခုခံတာမျိုးလည်းမရှိပါ။
ကျနော်တို့ ဒီကိစ္စကို ပြည်သူလူထု ထံ ဖွင့်ဟတိုင်ကြားချင်ပါတယ်။ ကျနော်တို့မှာ အားကိုးစရာဆိုလို့ ပြည်သူလူထုပဲရှိပါတော့တယ်။ ကျနော်တို့ ငြိမ်ခံနေကြရင် ဒီထက်ပိုဆိုးလာဖို့ရှိနေကြောင်းပါခင်ဗျား။
ထားဝယ်ထောင်နိုင်ငံရေးအကျဥ်းသားများ
The Tanintharyi Times