ပျောက်ဆုံးနေသောရည်မှန်းချက်
ပျောက်ဆုံးနေသောရည်မှန်းချက်
ပျောက်ဆုံးနေသောရည်မှန်းချက်
ဒီနေ့ကျွန်တော်အတန်းနားတဲ့အချိန် အတွေးတစ်ခုဝင်လာတယ်။ အရင်တုန်းက ငါကြီးလာရင် ဆရာဝန်ကြီးဖြစ်အောင်၊ အင်ဂျင်နီယာကြီးဖြစ်အောင် ကြိုးစားမယ်လို့ ရည်မှန်းချက်တွေထားခဲ့တယ်။ အခုတော့ အာဏာသိမ်း ခံလိုက်ရတဲ့နေ့မှာပဲ ကျွန်တော့်ရည်မှန်းချက်တွေ ဝေဝါးခဲ့ရတယ်။ အခုဆို(၃)နှစ်တောင်ရှိခဲ့ပြီ။
ကျွန်တော်တို့ရဲ့ယုံကြည်ရာတစ်ခုကို လက်မလွှတ်ပဲ ဆုပ်ကိုင်ထားတာလည်း (၃)နှစ်ဆိုတဲ့ခရီးကို ရောက်လာခဲ့ပြီ။ (၃)နှစ်အတွင်း ကျွန်တော့်ရည်မှန်းချက်နဲ့ ဝေးကွာလာသလိုခံစားရတယ်။ ၂၀၁၉ခုနစ်ကသာ အဖြူစိမ်းဝတ်ခဲ့ရတာ နောက်ဆုံးရက်ဖြစ်ခဲ့မယ်လို့ မထင်ခဲ့ဘူး။
ကျွန်တော်နဲ့ခံယူချက်မတူ၊ ယုံကြည်ချက်မတူတဲ့သူငယ်ချင်းတချို့က အပြင်မှာ အဖြူစိမ်းဝတ် ကျောင်းတက်နေချိန်၊ ကျွန်တော်တို့ကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ပညာသင်ကြားနေရတယ်။ ခင်မင်ရင်းနှီးတဲ့သူတွေက မေးလာကြတယ်။ ကျောင်းဆက်မနေဘူးလားတဲ့။
ကျွန်တော်ပြုံးပြုံးပဲ ပြန်ဖြေလိုက်တယ်။ ”ဟုတ်ကဲ့…ဆက်မတက်တော့ပါဘူးလို့”။ (၃) နှစ်ဆိုတဲ့အချိန်မှာ ကျွန်တော်သိလာရတာတွေ အများကြီးပါပဲ။ ကိုယ်ကိုယ်တိုင်လည်း အများကြီးကြိုးစားဖို့ လိုအပ်ကြောင်းလည်း သိလာရပါတယ်။
အရင်ကလေ ကျွန်တော်အတွေးလေး တစ်ခုပါ။ တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာသူငယ်ချင်းတွေပျော်ပျော်ပါးပါးနဲ့ အတူတူတက်ချင်မိတယ်။ ကိုယ့်ရည်မှန်းချက်တွေ အကောင်ထည်ဖော်ရင်း လွတ်လပ်တဲ့လူငယ်ဘဝရဲ့ အရသာကို ခံစားချင်မိတယ်။ အခုများတော့ ဝေးလေပြီ ထင်ပါတယ်။
ကိုယ့်ထက်ကြီးတဲ့ သူတွေက ပြောကြတယ်“ငါတို့များ ၁၆၊ ၁၇ ဆိုရင် တက္ကသိုလ်တက်ပြီး သူငယ်ချင်းတွေနဲ့ပျော်လို့ ကောင်းနေပြီ”တဲ့။
နိုင်ငံရေးသာမဖြစ်ခဲ့ရင် ကျွန်တော်တို့လည်း အဲလိုပဲဖြစ်နေမှာ မလား။ အဲလိုကြားရတိုင်း ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့အခုဆို တိုးတက်လာတာနဲ့အညီ ကိုယ့်ကို လိုအပ်သမျှဖြည့်ဆည်းရတယ်။ ဘာသာစကား၊ အတတ်ပညာ၊ ပညာရေးအများကြီးပေါ့ဗျာ။
ကျွန်တော်ကို ဆရာတစ်ယောက်က ပြောပြဖူးတယ်။ “ဆရာတို့တုန်းကဆိုရင် သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး ဂိမ်းဆိုင်သွားကြ၊ လျှောက်လည်ကြနဲ့ လူငယ်ဘဝက ပျော်စရာကောင်းတယ်” တဲ့။
အခုခေတ်ကလေးတွေက လူငယ်ဘဝရဲ့အရသာကို မခံစားရဘူးတဲ့။ ကျောင်းစာ၊ ကျူရှင်၊ သင်တန်းတွေနဲ့ပဲ တနေ့တာကို ကုန်ဆုံးနေရတယ်။
အခုနောက်ပိုင်း ကျွန်တော်တွေးမိလာတယ်။ အတန်းပညာပြီးရင် ငါဘာဆက်လုပ်ရမှာလဲဆိုတဲ့ အတွေးပေါ့။ တကယ်လည်း ဘာဆက်လုပ်ရမလဲ လမ်းပျောက်နေတယ်။ ကျွန်တော်ရည်မှန်းချက်က ဆရာဝန်ဖြစ်ချင်တယ်။ ငွေကြေး အဆင်မပြေတဲ့သူတွေ၊ အခက်အခဲဖြစ်နေတဲ့သူတွေကို အခမဲ့ဆေးကုသပေးချင်တယ်။ မတိုးတက်၊ မဖွဲ့ဖြိုးသေးတဲ့ဒေသတွေကို သွားပြီးဆေးကုသပေးချင်တယ်။
အခုတော့ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားသလောက် အားမလို အားမရဖြစ်မိတယ်။
ခေတ်အခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကြားကနေ ကျွန်တော့်ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်ပါဦးမလား။
ကုန်ဈေးနှုန်းကစလို့ အစစအရာရာ ဈေးကြီးနေသလိုပဲ။ ကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်းချက်ကလည်း ဈေးကြီးနေတယ်။
ပင်ပင်ပန်းပန်းနဲ့ ရှာဖွေနေရတဲ့ မိဘတွေကိုလည်း အားနာမိသလို၊ သနားမိတယ်။ ငါဒီထက်ပိုကြိုးစားနိုင်ရင် ငါမိဘတွေကို မပူမပင်နဲ့ထားနိုင်မှာလို့ တွေးမိပြန်တော့လည်း အခုထိပညာရေးကလည်းတပိုင်းတစနဲ့ မပြီးဆုံးသေးဘူး။ နောက်ပြီး အနာဂတ်…ရှေ့ရေးကို ကြိုတွေးမိတိုင်း ရင်မောရပါတယ်။
ဒီနိုင်ငံမှာ လူငယ်တွေရဲ့အနာဂတ်က တောက်ပလာပါဦးမလား။ ကျွန်တော် ပညာရေးနဲ့ပတ်သက်တဲ့ စာတမ်းတချို့လုပ်တဲ့အခါ ကွာခြားမှုတွေကို တွေ့ရတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင်ကျွန်တော်တို့ရဲ့ ပညာရေးက နိမ့်ကျတယ်လို့တောင် ဆိုရမယ်။
ဖိနှိပ်ခံ၊ ဘောင်အတွင်းက ပညာရေးစနစ်နဲ့ နှစ်ပေါင်းများစွာသင်ကြားခဲ့ရတယ်။ ကျောင်းသား၊ သူတွေရဲ့အတွေးအခေါ် ၊ စဉ်းစားနိုင်စွမ်း၊ တီထွင်နိုင်စွမ်းတွေ မတိုးတက်ခဲ့ရတဲ့ ပညာရေးစနစ်နဲ့ သင်ကြားခဲ့ရတယ်။ အသိပညာတွေ ဖိနိုပ်မှုခံထားရတယ်။
အခုလို ITခေတ်ရောက်လာပြီး အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးလာတော့မှာပဲ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်အပေါ် လိုအပ်ချက်တွေကိုပိုပြီး သိလာရတယ်။
အသိတွေတိုးလာလေ ကြိုးစားချင်လေပါပဲ။ ဒါပေမဲ့ ရှေ့ရောက်ဖို့ရာ ခက်ခဲနေတယ်။ အခုလိုနိုင်ငံရေးမကောင်းတော့ ပိုဆိုးတာပေါ့။ ကြိုးစားသလောက် အားမလိုအားမနဲ့ မကျေမနပ်ဖြစ်မိတယ်။ အနာဂတ်….အနာဂတ်လို့သာ တွေးလိုက်တိုင်း ဝေဝါးလာတယ်။ကျွန်တော်ဖြစ်ချင်တဲ့ ရည်မှန်းချက် ဖြစ်လာပါဦးမလား။ ဘယ်ပုံဘယ်နည်းနဲ့များ ကြိုးစားဖို့ လိုအပ်နေသေးတာလဲ။
တစ်ခါတစ်လေ စိတ်ဓာတ်ကျပြီး လက်လျော့လိုက်ချင်မိတယ်။ တစ်ခါတစ်ခါကျပြန်တော့လည်း အားငယ်မိတယ်။ ဒါပေမဲ့ ငါ့ရည်မှန်းချက် အကောင်ထည်ဖော်ဖို့ ငါအပင်ပန်းခံရမယ်ဆိုတဲ့စိတ်နဲ့ ပြန်ထရတယ်။
ဆွေမျိုး၊ မိသားစုတွေကြား အမြင်မတူတဲ့အခါ ကိုယ်ရပ်တည်နေတာမှန်ကြောင်း၊ ကိုယ်ရွေးထားတဲ့လမ်းမှန်ကန်ကြောင်း လုပ်ရပ်နဲ့ သက်သေပြရသေးတယ်။ နိုင်ငံရေးကာလကြာရှည်လာတော့ အမှန်တရားဆိုတာထက် ကိုယ့်ကိုပဲ ငဲ့ကြည့်လာကြတယ်။ အဆိုးဆုံးကတော့ ကျောင်းသားတွေပါတဲ့လေ။
အရင်တုန်းကဆိုလည်း ဒီလိုနှစ်တွေကြာမှ ပြန်တက်ရတာပဲ နင်တို့လည်း အခုထိနေလာပြီးပြီ ကိုယ့်ရှေ့ရေးကိုကြည့်ပြီး ကျောင်းပြန်တက်ကြတော့တဲ့လေ။ ဘယ်မျက်နှာနဲ့များ ကျောင်းသွားတက်ရပါ့မလဲ။ ရှေ့တန်းက ရဲဘော်တွေ ၊ စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်များ၊ သက်တူရွယ်တူတွေ၊ အဖိုးအဖွားတွေ၊ အသက်ပေးခဲ့ရတဲ့ရဲဘော်တွေကို ဘယ်မျက်နှာနဲ့ရင်ဆိုင်ဝံ့ပါမလဲ။ဘယ်လို လိပ်ပြာလုံလုံ ၊ ကျောလုံလုံနဲ့နေနိုင်ပေါ့မလဲ။
ပြောကြပါသေးတယ် “ကျောင်းသားနဲ့ နိုင်ငံရေး ဘာဆိုင်လို့လဲတဲ့” ပြန်မေးချင်လိုက်တာဗျာ။ တော်လှန်ရေးသမိုင်းတွေမှာ ကျောင်းသားတွေကိုရော မသိကြ၊ မမြင်ရဘူးလား။
“သမိုင်းကို မအအောင်သင်ရတာတဲ့” အမှောင်ကွယ်ပြီးအမှန်တရားကို မျက်ကွယ်ပြုထားတဲ့သမိုင်း၊ ငါဟာဘုရင်၊ ငါဟာသခင်လို့ အော်ပြောရင် အဖမ်းခံခဲ့ရတဲ့သမိုင်းတွေ မသိကြပဲ။ မင်းတို့နဲ့ဆိုင်သလား၊ ကလေးကလေးလိုနေကြတဲ့။
ကျွန်တော်တို့နိုင်ငံရေးကို မသိခဲ့ကြပါဘူး။ နားလည်း မလည်ခဲ့ကြဘူး။ ကိုယ့်မျက်စိရှေ့က ဖြစ်ပျက်နေတာတွေကို တရားလား၊ မတရားလားဆိုတာနဲ့ပဲ ဆုံးဖြတ်ခဲ့တာပါ။
ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ မမှားခဲ့ပါဘူး။
ဒီနှစ်တွေအတွင်း ကျွန်တော်ရလိုက်တဲ့အသိပညာ ၊ဗဟုသုတတွေ အများကြီးရရှိခဲ့ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ဆီ လျှောက်လမ်းရင်း လမ်းမှာလည်း ရရှိလိုက်တဲ့ပညာတွေ အများကြီးရှိပါတယ်။
ကျွန်တော်တို့အတွက် ပညာရေးဟာ ဘဝအတွက် တစိတ်တပိုင်းအရေးပါသလိုပဲ၊ အသိဉာဏ်ရှိမှလည်း ပညာကိုအသုံးချတက်မှာ မဟုတ်လား။ကျွန်တော်နိုင်ငံခြားမှာသွားပြီး ကျောင်းတက်ချင်တယ်။ ပြန်လာရင် အဲ့ကနေ သင်ယူခဲ့ရတဲ့ ပညာတွေနဲ့ ကျွန်တော်တို့ နိုင်ငံမှာအကျိုးပြုချင်တယ်။ ရည်မှန်းချက်တွေက ဈေးကြီးတယ်ဗျ။
ကျွန်တော်အနားမှာ အမြဲအားပေးနေတဲ့ မိဘတွေရှိတာ ကျွန်တော်အတွက် ကံကောင်းခြင်းပါပဲ။ ဘယ်သူတွေ ဘာတွေပဲပြောနေပြောနေ ကျွန်တော်လုပ်နေတာတွေကို အားပေးတယ်၊ ပံ့ပိုးပေးတယ်။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တိုင်းကို မှားနေရင်လမ်းမှန်ရောက်အောင် ညွှန်ပြပေးတယ်။ ဘယ်အရာကိုမှ မတားဆီးပဲ အမြဲအားပေးနေတတ်တဲ့ ကျွန်တော်မိဘတွေကရှေ့ဆက်ဖို့ အားအင်တစ်ခုပါပဲ။ ကျွန်တော်ရည်မှန်းထားတဲ့အနာဂတ်…ရည်မှန်းချက်ပြည့်ဝချင်ပါရဲ့။
အားငယ်တိုင်း၊ စိတ်ဓာတ်ကျတိုင်း မင်းဆီကို အရောက်လာဖို့ နှစ်ဆပိုကြိုးစားနေပါတယ် ငါရဲ့အနာဂတ်ရည်မှန်းချက်ကြီးရေ.……။
Moon(လမင်းငယ်)
လမင်းငယ်
The Tanintharyi Times