အိမ်အပြန်လမ်း

အိမ်အပြန်လမ်း

မင်းအိမ်ပြန်ချင်တာ

ငါ ကိုယ်ချင်းစာပါတယ်

ဧရာမ ​တောင်တန်းကြီး​တွေ​တောင်

ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ

တစ်နှစ်တစ်ခါ ပြန်ကြတယ်

ငါကြားဖူးတယ်

သူအိမ်ပြန်ရင်

ငလျင်​တော်လည်းသံ

ငါတို့ ကြားရမယ်

အိမ်ပြန်ဖို့

သူဘယ်​လောက် မွတ်သိပ်​နေသလဲ

ကိုယ်ချင်းစာရတယ်

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့

အိမ်ပြန်ချင်စိတ်ဟာ သဘာဝပဲ

ငါ ကိုယ်ချင်းစာပါတယ်

အိမ်မှာ

အ​မေ​တော့ မရှိ​တော့ဘူးတဲ့

အိမ်​ကော ရှိ​သေးရဲ့လား

ဒါလည်း မ​သေချာဘူးတဲ့

သို​သော်

မင်းအိမ်ပြန်ချင်တယ်

သဘာဝကျပါတယ်

ရွာစွန်က

အ​မေ့အုတ်ဂူက​လေးကို​တော့

ပြန်ကန်​တော့မှ ဖြစ်မယ်

ဒီအတွက်

မင်းအိမ်ပြန်ချင်တယ်

ငါ နားလည်ပါတယ်

တကယ်က

ကမ္ဘာဦးအစမှာ

လမ်းဆိုတာ မရှိခဲ့ပါဘူးကွာ

အိမ်အပြန်လမ်းဆိုတာလည်း

သူ့အလိုလို

မိုး​ပေါ်က ကျလာမှာမဟုတ်

ငါတို့အိမ်အပြန်လမ်း

ငါတို့ကိုယ်တိုင် ​ဖောက်ရမယ်

မင်းလည်းသိ ငါလည်းသိတယ်

ငါတို့ခရီး

ငါတို့ သိပြီးသား

ဒီခရီးအတွက်

ဒီလမ်းကို ​ဖောက်ရမယ်

ငါတို့အသိဥာဏ်နဲ့

ငါတို့ကြွက်သား​တွေ

အထပ်ထပ်ခင်းလို့

ဒီလမ်းကို ​ဖောက်ရမယ်

အခုဆို

လမ်းအူ​ကြောင်းကို မြင်ရပြီ

ငါတို့ ဆက်​ဖောက်ကြတာ​ပေါ့

ငါတို့အသိဥာဏ်နဲ့

ငါတို့ကြွက်သား​တွေ

အထပ်ထပ်ခင်းလို့

ဒီလမ်းအတိုင်း

မင်းအိမ်ပြန်ရမှာပဲ

မင်းအိမ်အပြန်ခရီးဟာ

ဒီလမ်း​ပေါ်မှာ ရှိ​နေတယ်

ဒီလမ်း​အတိုင်း

အခု

မင်းအိမ်ပြန်​နေပါတယ်

မင်း​ခြေလှမ်းတိုင်းရဲ့ ​တော်လည်းသံ

တစ်ကမ္ဘာလုံး ကြား​နေတယ်

မင်းအ​မေ

မင်းကို ​စောင့်​နေပါတယ်။

မောင်တင်သစ်

The Tanintharyi Times