စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းက အိမ်ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ
စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းက အိမ်ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း မြို့နယ်ငါးခုက အိမ်အမြောက်အများမီးရှို့ခံခဲ့ရပြီး ပုလောမှာ ပျက်စီးဆုံးရှုံးမှုတွေအများဆုံးဖြစ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က ရထားတဲ့အချက်အလက်တွေအရ လောင်းလုံးမြို့နယ်က အိမ် ၁၄ ဆောင်၊ ပုလောမြို့နယ်က အိမ် ၄၃ ဆောင်၊ တနင်္သာရီမြို့နယ်က အိမ်လေးဆောင်၊ ကော့သောင်းမြို့နယ်က တဲအိမ်တစ်လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက အိမ်တွေကိုလည်း တစ်လအတွင်း သုံးကြိမ်ထက်မနည်း မီးရှို့ခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာထဲမှာဘယ်သူမှမရှိဘဲ ထွက်ပြေးနေရတဲ့အတွက် အိမ်အရေအတွက်အတိအကျကို မသိရသေးပါဘူး။
မောင်မယ်ရှောင်ရွာထဲက အိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်ပြီး ရွာခံတွေရဲ့ အမြင်က နှစ်မျိုးကွဲနေတယ်လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်၊
“အများစုကတော့ စစ်တပ်ရှိနေသမျှဒီလိုဖျက်ဆီးခံနေရမှာမို့ သူတို့မရှိမှရမယ်။ နောက်တစ်ခုက ကိုယ့်ပေါ့ဆမှူကြောင့်မဟုတ်ဘဲ မလောင်မခြင်းထိုင်ရှို့တဲ့မီးကြောင့် ကိုယ့်အိုးအိမ်ဆုံးရှုံးရလို့ဝမ်းနည်းပေမယ့် အဖျက်သမားတွေကိုပဲပိုမုန်းတီးတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့လို့ နေအိမ်ပျက်စီးတာရှိခဲ့သလို လက်နက်ကြီးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ အိမ်တွေလည်းရှိခဲ့ပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာက လက်ဖက်ရည်ဆိုင်နဲ့တွဲဖွင့်ထားတဲ့အိမ်တစ်ဆောင်နဲ့ ရေဖြူမြို့နယ်၊ ဇီးကျရွာမှာရှိတဲ့ မှီအုံးတောင်ခြေက ဇရပ်တစ်ဆောင်တို့ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ပျက်စီးခဲ့တဲ့အိမ်တွေက ၂၀ ထက်မနည်းရှိခဲ့ပါတယ်။
တနင်္သာရီမြု့နယ်ထဲက အရှေ့ဘန်လော၊ ဘန်လင်နဲ့ ပဝ ရွာတွေက ၁၈ ဆောင်ထက်မနည်း၊ ပုလောမြို့နယ် ရှပ်ပုံရွာက အိမ်နှစ်ဆောင်နဲ့ ထားဝယ်မြို့နယ် ပကာရီရွာက ဖုန်းဆိုင်တစ်ဆိုင်တို့ လက်နက်ကြီးကျည်ကြောင့် ပျက်စီးခဲ့ပါတယ်။
ဒါတွေဟာ အိမ်ထိခိုက်ပျက်စီးအရေအတွက်တွေသာဖြစ်ပြီး ရွာလုံးကျွတ်မွှေနှောက်ဖျက်ဆီးခံရပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေ ခိုးယူခံရတာလည်းရှိခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက ဇလွတ်နဲ့ ကျောက်ဝပ်ပြင်ရွာတွေ၊ တနင်္သာရီမြို့နယ်ထဲက သမီးလှ၊ အရှေ့ဘန်လော၊ ဘန်လင်၊ ကျွဲထိန်းကုန်း၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာကအိမ်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ အကြိမ်ကြိမ်မွှေနှောက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖော်ပြထားတဲ့အချက်အလက်တွေဟာ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တနင်္သာရီတိုင်းမ်က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်တွေသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတော့ တနင်္သာရီတိုင်းအတွင်း မြို့နယ်လေးခုက အိမ် ၂၆ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး မြို့နယ်နှစ်ခုက အိမ် ၁၆ ဆောင်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times
