“မိသားစုနဲ့ အဆက်အသွယ်ပြန်ရချင်ပါတယ်”

“မိသားစုနဲ့ အဆက်အသွယ်ပြန်ရချင်ပါတယ်”

(အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီးနောက် ထွက်ပြေးလာတဲ့ ကိုမင်းခန့်နဲ့ အင်တာဗျူး)

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို မထုတ်ပြန်ခင်ကတည်းက လူငယ်တွေကို ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာတွေလုပ်ဆောင်ခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာ လူငယ်တွေကို ဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖမ်းဆီးစစ်မှုထမ်းခိုင်းခံရပြီးနောက် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ ရှေ့တန်းထွက်ခိုင်းချိန်ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကိုမင်းခန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ပထမဆုံး အကိုရဲ့ နေရပ်ကိုပြောပြပေးပါ။
ဖြေ – ဟင်္သာတမြို့၊ ဇရပ်ကွင်းကျေးရွာအုပ်စုဇာတိပါ။

မေး – တပ်သားစုဆောင်းခံရတာ ဘယ်တုန်းကလဲ။
ဖြေ – တပ်သားစုဆောင်းခံရတာက လွန်ခဲ့တဲ့ ၇ လလောက်ကပါ။ ကျနော်တို့ရွာရဲ့ လမ်းမမှာ သူငယ်ချင်းတွေနဲ့ ပျော်ပါးရင်းနဲ့ ည ၁၁ နာရီလောက်ရှိပြီပေါ့။ အဲ့ချိန်မှာ စစ်သားတွေနဲ့တွေ့တော့ သေနတ်နဲ့ထောက်ပြီးတော့ အတင်းဆွဲခေါ်ပြီး ကားပေါ်တင်သွားတာ။ ပထမဆုံးကျနော့်ကိုခေါ်သွားတာက ဟင်္သာတမြို့နယ်က တပ်ရင်းပါ။ ခလရ ၁၈ တပ်ရင်းထဲကိုပါ။ ကျနော်အပါအဝင် သုံးယောက်အဖမ်းခံရတာပါ။

မေး – အစ်ကို့ကို ဘယ်ကို ခေါ်သွားလဲ၊ ပြီးတော့ ဘာတွေလုပ်ခိုင်းတာတွေရှိလဲ၊ ဘယ်လိုမျိုးနေခဲ့ရလဲဆိုတာ အသေးစိတ်လေးပြောပြပေးလို့ ရမလား။
ဖြေ – ကျနော့်ကို အိမ်တွေ ဘာတွေ စစ်တာ မေးတာတွေတော့မရှိဘူး။ နာမည်တွေ အသက်တွေမေးတယ်။ မေးပြီးတော့ ပြန်ထွက်ပြေးရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ပါတယ်။ ပြီးတော့ စစ်သင်တန်းကျောင်းကို ပို့မယ်လို့ပြောတယ်။ ပြီးတော့ ခလရ (၁၈) တပ်ထဲမှာ နေရတဲ့တလျှောက်မှာ ဘေးမှာ အစောင့်တွေ ကင်းတွေနဲ့ ထားတယ်ဗျ။ စစ်သင်တန်းကျောင်းမရောက်ခင် လေး၊ ငါးရက်လောက်တော့ နေလိုက်ရတယ်ဗျ။ ပြီးတော့ ပုသိမ်က အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့တယ်ဗျ။

မေး – စစ်မှုထမ်းသင်တန်စစ်သင်တန်းမှာ ဘာတွေသင်ရလဲ။ စစ်သားတွေက ဘယ်လိုမျိုးဆက်ဆံလဲ ။
ဖြေ – စစ်သင်တန်းရောက်တော့ သင်တန်းသား ၂၀၅ ယောက်ရှိတယ်။ ပထမဆုံးဆေးသင်တန်း အရင်တက်ရတယ်။ နောက်တော့ စစ်နည်းဗျူဟာတွေသင်တယ်။ ပြီးတော့ နောက်ဆုံး သင်တန်းဆင်းခါနီးလည်း ကြတော့ မိုင်းထောင်တာတွေ၊ ဖြုတ်တာတွေသင်ရတယ်။ သင်တန်းကာလက ခြောက်လလောက်ရှိတယ်ဗျ။ စစ်သားတွေက သင်တန်းတွေအပေါ်မှာ ရောက်ကာစ အစပိုင်းတုန်းကတော့ ပြေပြေလည်လည်ဆက်ဆံပါတယ်။ နောက်ပိုင်းကြတော့ ဆက်ဆံတာ ပိုပြီးကြမ်းကြမ်းလာတယ်။ ရိုက်နှက်တာတွေလည်းပါလာတယ်။

မေး – သင်တန်းမှာ သင်တန်းသား ဘယ်လောက်လောက်ရှိလဲ။ ဘယ်က လူတွေများလဲ။ အမျိုးသမီးတွေရာ ပါလား။
ဖြေ – သင်တန်းသားက ခုနကပြောသလို အမျိုးသားချည်း ၂၀၅ ယောက်ရှိတယ်။ အသက်အရွယ်အပိုင်းအခြားကတော့ အသက်အကြီးဆုံးက ၃၀ ကျော်တွေပါဗျ။

မေး – စစ်သင်တန်းတက်နေတဲ့ကာလ တလျှောက်လုံး ဘာတွေတွေးမိလဲ။ ဘာတွေခံရစားရလဲ။
ဖြေ – ကြောက်တာပေါ့ဗျ။ သူတို့က သတ်မယ်လို့ ခြောက်ထားတာလေ။ ကျနော်ကတော့ ထွက်ပြေးဖို့ပဲ တွေးမိတယ်။ သင်တန်းကျောင်းတုန်းကလည်း တခါထွက်ပြေးဖူးသေးတယ်။ ထွက်ပြေးတယ်၊ ပြန်မိတယ်။ ပြန်မိတော့ ကျနော့်ကို နှိပ်စက်တယ်ဗျ။ ထိုးတယ်၊ ကြိတ်တယ်၊ သွေးထွက်တဲ့အထိလုပ်တာ။

မေး – အစ်ကိုနဲ့ အတူတူ သင်တန်းတက်သူတွေရော ဘာတွေပြောနေကြလဲ။ သူတို့ရဲ့ စိတ်အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ – သူတို့လည်း ထွက်ပြေးတဲ့သူက ပြေးကြတာပဲ။ ဒါပေမဲ့ ပြန်မိကြတာကများပြီး အရိုက်ခံရပါများတော့ ထွက်မပြေးရဲကြတော့ဘူး။ ကျနော်တို့အချင်းချင်းတော့ ရှေ့တန်းရောက်ရင် ထွက်ပြေးမယ်ဆိုတာပဲ ပြောဖြစ်ကြတယ်။

မေး – သင်တန်းထဲမှာရှိနေတုန်း မိသားစုနဲ့ အဆက်အသွယ်ရလား။ အခုလိုအဖမ်းခံရတာ မိသားစုရောသိလား။
ဖြေ – စစ်သင်တန်းတက်နေတုန်းက ဖုန်းမပေးသုံးဘူးဗျ။ စစ်တပ်ထဲပါသွားတာကို မိသားစုလည်းမသိဘူး။ အခုထိလည်း အဆက်အသွယ်မရသေးဘူးဗျ။

မေး – ဘယ်အချိန်မှာ သင်တန်းပြီးတာလဲ။ သင်တန်းပြီးတော့ရော ဘာတွေလုပ်ခိုင်းသေးတာလဲ။
ဖြေ – ဇူလိုင် ၂၆ ရက်က အပတ်စဥ် (၂) သင်တန်းဆင်းတယ်။ သင်တန်းဆင်းပြီးနောက်နေ့ပဲ ရှေ့တန်းလွှတ်တယ်ဗျ။

မေး – သင်တန်းဆင်းပြီးတဲ့အချိန် ဘယ်လောက်အကြာမှာ ရှေ့တန်းကို ပို့ခံရတာလဲ။ ဘယ်နေရာကို ပို့ခံရတာလဲ။ အဲဒီနေရာတွေကို သွားတဲ့အချိန်မှာရော ဘယ်လိုနည်းနဲ့ သွားရတာလဲ။
ဖြေ – အရင်ဆုံးရန်ကုန်မြို့ အမှတ် ၁ စစ်ကြောရေးကိုရောက်တယ်။ အဲ့ကနေတဆင့် သံလွင်မြစ်ကနေပြီးတော့ သင်္ဘောနဲ့ ဘိတ်(မြိတ်)ကိုပို့တယ်။ ဘိတ်ကိုရောက်တဲ့ရက်ကိုမမှတ်မိတော့ဘူး။ ၈ လပိုင်း အစလောက်ထဲမှာပဲ။ ဘိတ်ကိုရောက်တော့ အမှတ် (၁၂) တိုက်ပွဲဝင်စည်းရုံးရေးကျောင်းမှာ အရင်နေရတယ်ဗျ။ အဲကနေတဆင့် ရှေ့တန်းသဘောမျိုး လှုပ်ရှားရမဲ့ နေရာကိုပို့တယ်။ တချို့က ခလရ (၁၀၃) ကိုကျတယ်။ တချို့က ခလရ (၁၇) မှာကျတယ်။ ကျနော်ကြတော့ မြိတ်မြို့က (၁၀၁) တပ်ရင်းမှာတာဝန်ကျတယ်ဗျ။

မေး – ရှေ့တန်းကို ပို့တဲ့အချိန်မှာ ဘာတာဝန်ပေးတာလဲ။
ဖြေ – ညဘက်တွေကင်းစောင့်ခိုင်းတယ်။ ရှေ့တန်းကို စစ်ကြောင်းထိုးရင် လိုက်ရတယ်။

မေး – တာဝန်ကျတဲ့နေရာကို ရောက်ပြီးတော့ ရှေ့တန်းဘယ်နှခေါက်ပါပြီးသွားလဲ။
ဖြေ – တစ်ခေါက်ပဲဗျ။ ကျနော်က ရှေ့တန်းပို့ခံရပြီး နှစ်ရက်ကြာတာနဲ့ ထွက်ပြေးတာပဲ။

မေး – ဘာကြောင့် ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တာလဲ။ ဘယ်တုန်းက စပြီး ထွက်ပြေးဖို့တွေးခဲ့တာလဲ။
ဖြေ – ကျနော်က တလျှောက်လုံးပြေးဖို့စဥ်းစားလာတာပဲ။

မေး – ဘယ်လိုထွက်ပြေးလာလဲ ။ ထွက်ပြေးတဲ့လမ်းတောက်လျှောက်မှာရော ဘာတွေကြုံခဲ့ရသေးလဲ။
ဖြေ – ကင်းစောင့်နေရင်းနဲ့ ကင်းချိန်းတော့ သူတို့အခြေအနေကို ကြည့်ပြီးထွက်ပြေးလာတာဗျ။ အစကတော့ ဘယ်ရောက်‌ရောက်ဆိုပြီး ကြုံရာပြေးတာပဲ။ နောက်တော့ ရွာသားတွေနဲ့တွေ့ပြီး တော်လှန်ရေးတပ်တွေဘက်ကို ချိတ်ဆက်တာပါဗျ။

မေး – အကို့လို တပ်သားစုဆောင်းခံရပြီး ဒီဘက်တာဝန်ကျလာသူတွေ ရှိသေးလား။
ဖြေ – ကျနော်အပါအဝင် ၂၇ ယောက်ရှိပါတယ်။

မေး – ထွက်ပြေးလွတ်မြောက်လာပြီးနောက်ပိုင်း ဘယ်လိုနေထိုင်နေလဲ။ လက်ရှိရော ဘယ်လိုခံစားနေရလဲ။ စိတ်အခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ – အခုစိတ်အခြေအနေကတော့ အရမ်းပျော်ပါတယ်။ ဘာလို့ဆိုတော့ သူတို့လက်အောက်မှာ မဟုတ်တော့ဘူးလေ။ ဒီမှာက လွတ်လပ်ပါတယ်။ မိသားစုနဲ့က‌တော့ အခုထိဆက်သွယ်ဖို့ကြိုးစားနေရတုန်းပါပဲ။

မေး – နောက်ထပ် ဖြည့်ပြောချင်တာ ရှိရင် ပြောပေးပါ။
ဖြေ – ထပ်ဖြည့်ပြောချင်တာကတော့ မိသားစုနဲ့ အဆက်အသွယ်ပြန်ရချင်ပါတယ်။

The Tanintharyi Times