ဆင်သေပေါ်က ကျီးမိုက်
ဆင်သေပေါ်က ကျီးမိုက်

မြို့သိမ်းတိုက်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်ဘက်က ပစ်ကူပေးအရာရှိဆိုတဲ့ကောင် သုံးပွင့်ဗိုလ်တစ်ကောင် စနိုက်ပါထိပြီး သေသွားတယ်ဆိုတဲ့ မြေပြင်သတင်းရလိုက်တော့ စိတ်မကောင်းဖြစ်သွားတယ်။
ဒီလိုဇာတ်ရုပ်မျိုးက ကန့်လန့်ကာမဖွင့်မီကကို အပြီးတိုင်ပျောက်ဆုံးသွားသင့်တာမျိုး။ ခင်ဗျားတို့ နည်းနည်းနားရှုပ်သွားမယ်ထင်တယ်ဗျ။ ကျွန်တော်ရှင်းပြမယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတို့ အနိုင်ကျင့်တာတို့ အမှားလုပ်မိတဲ့ အားနည်းသူတစ်ယောက်ကို ခွေးအ တွေလိုမျိုး အုပ်စုဖွဲ့တိုက်ခိုက်တာတို့က အဲဒီမြန်မာ့တပ်မတော်ဆိုတဲ့ သောက်တလွဲအဖွဲ့အစည်းထဲမှာ ရှိတယ်ဗျ။ လူအထင်ကြီးအောင် စည်းမျဉ်းစည်းကမ်းတွေကို ဆိုင်းဘုတ်အနီပေါ်မှာ စာလုံးအဖြူဝိုင်းကြီးတွေနဲ့ အထဲမှာတော့ ကြီးနိုင်ငယ်ညှဉ်းနဲ့ ပေးရတဲ့စျေးနဲ့မတန်အောင် ဝယ်မိတဲ့ အပေါစားပစ္စည်းတစ်ခုလိုပဲ။ မျှော်လင့်ထားမိတာနဲ့ တစ်ခြားစီကွဲပြားပြီး စုတ်ပြတ်သတ်နေတာမျိုး။
တိုင်းသိပြည်သိအာဏာမသိမ်းခင် ၂၀၁၇ လောက်ကပေါ့ဗျာ။ ကျွန်တော်တို့တပ်ကို ဒုတိယအကြီးဆုံး စိုးဝင်းက တပ်စစ်လာတယ်။ အဲအချိန်မှာ တပ်က သေသေချာချာပြင်ဆင်ထားတာလည်းမရှိ တပ်ရင်းမှူးကလည်း ကောင်းကောင်းဘောမမ တတ်တော့ ကွဲရောဗျို့။ အဲဒါနဲ့ ကာနယ်အဆင့်တစ်ယောက်ကို မြေပြင်တပ်ရင်းအထိဆင်းပြီး တစ်လအုပ်ချုပ်ခိုင်းတယ်။
တပ်ရင်းတစ်ရင်းလုံးလည်း ဒုက္ခတွေရောက်ပြီလေ။ ပြောပြဦးမယ်။ တပ်ရင်းတိုင်းမှာ ဌာနဆိုင်ရာတာဝန်ခံတွေရှိတယ်ဗျ။ တပ်ကြပ်အဆင့်ကနေ ဒုအရာခံဗိုလ်၊ အရာခံဗိုလ်အဆင့်အထိ တာဝန်ပေးထားကြတယ်။ ဆိတ်မွေးမြူရေး၊ နို့စားနွားမွေးမြူရေး စသဖြင့်ပေါ့ဗျာ။ လုပ်ငန်းလည်ပတ်ဖို့အတွက်ကို တပ်ရင်းရန်ပုံငွေထဲကနေ ထုတ်ပြီးချေးတယ် ပြီးရင် ဖြည်းဖြည်းချင်းပြန်ဆပ်ပေါ့။ အဓိကရည်ရွယ်ချက်က စစ်သည်/ရဲမေတွေ သက်သာချောင်ချိရေးဆိုပေမယ့် စစ်သက်ဆယ်နှစ်လုံးမြင်ခဲ့တာတော့ တပ်ရင်းမှူးအိပ်ထဲထည့်တာပဲဗျို့။
ဒါ့ကြောင့်လည်း မြန်မြန်ချမ်းသာကြတာ။ အောက်ခြေစစ်သားတွေကတော့ မွဲတေ၊ တန်းစီတိုင်းအဆဲခံ အထိုးအကြိတ်ခံရတာပါပဲ။ တွေ့လိုက်ရင် ကလေးတွဲလောင်းနဲ့ ပေရေထေစောင်းလို့။
ဒါနဲ့ စကားလမ်းကြောင်းပြောင်းသွားဦးမယ်။ အဲ့ဒီတာဝန်ခံတွေ အများစုက စာကိုအံကြိတ်ရေးရတာဗျ။ ပညာအရည်အချင်းကမရှိတော့ စာရင်းဇယားက မနိုင်ဘူး။ အဲဒီတော့ ဝင်ငွေ၊ ထွက်ငွေ နဲ့ လုပ်ငန်းခွဲတစ်ခုမှာ ဆောင်ရွက်ရမယ့် အဆင့်အတန်း၊ရေးသားနည်းတွေ မသိဘူးပေါ့ဗျာ။ အဲဒီတော့ ရုံးအဖွဲ့ကို အားကိုးရတယ်။ ဆရာတင်ရတယ်ပေါ့။
တပ်ရင်းတစ်ခုရဲ့ ရုံးအဖွဲ့အကြောင်းပြောပြမယ်။ ရုံးအဖွဲ့မှာ ရုံးအုပ်ချုပ်၊ ရုံးအုပ်နဲ့ တပ်ကြပ်ကြီး/စာရေးတွေရှိတယ်။ များသောအားဖြင့် အင်အားနည်းတဲ့ တပ်ရင်းတွေမှာဆိုရင် ရုံးအုပ်ချုပ်မရှိဘူး။ အကြီးဆုံးက ရုံးအုပ်ပဲ။ သူ့အောက်မှာ တပ်ကြပ်ကြီး/စာရေး လေး၊ငါးဦးရှိတယ်။ ဒါက အင်အား။
ဖွဲ့စည်းပုံကကျတော့ စစ်တပ်မှာ စစ်ဦးစီး၊စစ်ရေး၊စစ်ထောက်ဆိုပြီး ကဏ္ဍသုံးခုရှိတယ်။
တပ်တစ်ခုမှာ စစ်ဦးစီးအရာရှိ၊ တပ်ရေးဗိုလ်ကြီး နဲ့ တပ်ထောက်ဗိုလ်ကြီး ဆိုပြီးရှိတယ်။ ပင်နယံသုံးခုလို့ သူတို့ခေါ်ကြတာပေါ့။ သူတို့ရဲ့အောက်မှာ သက်ဆိုင်ရာ စစ်ဦးစီးစာရေး၊ စစ်ရေးစာရေးနဲ့ စစ်ထောက်စာရေးတို့ရှိကြတယ်။ ရုံးအုပ်ကတော့ စာရေးတွေကို အုပ်ချုပ်ပြီး အထက်အောက်ဌာနတွေနဲ့ ဆက်သွယ်လုပ်ကြတယ်။
အဲဒီအထဲမှာမှ တပ်ရေးဗိုလ်ကြီးနဲ့ စစ်ရေးဌာနစာရေးတို့က အကောင်ပဲ။ ဘာလို့လဲဆိုတော့ တပ်ရင်းမှူးကိုလုပ်ကျွေးလို့။ စစ်တပ်မှာ ငွေကြေးကို တပ်ရင်းရန်ပုံငွေနဲ့ လစာနဲ့စရိတ်ဆိုပြီး နှစ်ခုခွဲထားတယ်။ တပ်ရင်းရန်ပုံငွေက တပ်တည်ဆောက်ရေးလုပ်ငန်းနဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေမှာသုံးဖို့။ ခုနက လုပ်ငန်းခွဲလိုပေါ့ဗျာ။ ဥပမာ ဥစားကြက်မွေးမြူရေးဆိုပါတော့ ကြက်ဥတွေကို မိသားစုကို သက်သက်သာသာရောင်းပေးပြီးပြန်ဆပ်ရမှာ။ အဲ့လိုမဟုတ်ဘူးဗျို့။ အများကြီးမွေးပြီး ကြက်ဥတွေကို နီးစပ်ရာစျေးမှာ ကားဖင်ထိုးပြီးရောင်းတာ။ တပ်ထဲကမိသားစုတွေကို ခွဲတမ်းနဲ့ တစ်ပတ်မှာ မိသားစုတစ်စုကို တစ်ကြိမ်ပဲရောင်းပေးတာ။ ဒါတောင် အများဆုံးဆယ်လုံးပဲ။ ဒါက တပ်ရင်းရန်ပုံငွေ။ တပ်ရင်းမှူးစားပေါက်။
တပ်ရေးဗိုလ်ကြီးနဲ့ A2 လို့ခေါ်တဲ့ ရေး ၂ စာရေးကတော့ လင်မယားတွေဗျို့။ စစ်ရေးမှာ ရေး ၁/၂/၃/၄/၅ ခွဲထားတာရှိတယ်။ သူတို့ကဘာကိုစားတာလဲဆိုတော့ လစာနဲ့စရိတ်။ စစ်သည်ကို လစာကို ထုတ်ပေးတယ်။ပြီးရင် သတင်းစာဖိုး စာစောင်ဖိုး ခေါင်းစဉ်ပြပြီးပြန်ဖြတ်တယ်။ အရည်အချင်းလစာဆိုတာရှိတယ်ဗျ။ တပ်သားတစ်ဦးဟာ အခြေခံလစာ တစ်သိန်းရတယ်ဆိုပါစို့။ သူဟာ အခြားတစ်မျိုးထပ်ပြီးစွမ်းဆောင်နိုင်ရင် လစာထပ်ရတယ်။ ဥပမာ တိုင်းရင်းသားဘာသာတို့၊ ပြီးရင် စက်ပြင်သင်တန်းတို့ ဆက်သွယ်ရေးသင်တန်းတို့ တက်ပြီး တကယ်တာဝန်ထမ်းဆောင်နေရင်ရတယ်။ ဒါပေမယ့် တတိယတန်းက လေးထောင် ဒုတိယတန်းက ခြောက်ထောင် ပထမတန်းကရှစ်ထောင်ထင်တယ်။ အဲလိုရဖို့ကို တင်တောင်းရတယ်။ အဲ့ဒီတော့ တာဝန်ထမ်းဆာင်တာက (၁)လပိုင်းထဲက တင်တောင်းတာနဲ့ အမိန့်ကျတာနဲ့ ချက်လက်မှတ်ကျတာနဲ့ဆိုရင် တစ်နှစ်ခွဲလောက်မှရတယ်။ စစ်သည်ကို back date နဲ့ ပြန်ထုတ်ပေးရမယ်ပေါ့။ ဒါပေမယ့် ဒါတွေက တပ်ရေးဗိုလ်ကြီးကတော်မိတ်ကပ်ဖိုးပဲ။
ပြောချင်တာက မဟုတ်တာအတူတူလုပ်ကြတော့ တပ်ရေးဗိုလ်ကြီးတို့တပ်ရင်းမှူးတို့က စာရေးတွေဆိုရင်မျက်နှာသာပေးကြတယ်။ မပေးလို့မရဘူးလေ။ စာရေးတွေက အထက်ဌာနကို တိုင်တာကျွမ်းကျင်တော့ သူတို့ကို ပစ်စာရေးမှာကြောက်ကြတယ်။
အဲဒါနဲ့ တပ်ရင်းတစ်ရင်းလုံး ညတိုင်းလည်းရုံးတက်ရတာပေါ့။ ဘယ်သူမှမနားရဘူး။ နှစ်လလောက်ဆိုတော့ လူတွေလည်းပင်ပန်းလာကြတယ်။ အဲအချိန်တပ်ရင်းရုံးမှာ ကျွန်တော်က အငယ်ဆုံးဗျ။ တပ်ကြပ်ကြီးပေါက်စနဲ့ လူတစ်ကာခိုင်းဖတ်ပေါ့။ အလုပ်တွေအရမ်းများနေတာကို တပ်ကြပ်ကြိးစာရေးတွေက အလုပ်မလုပ်ဘဲ သောက်စားပြီး ကြက်သွားတိုက်ကြတယ်။ တပ်ရေးဗိုလ်ကြီးက အပေါ်မှာပြောခဲ့တဲ့ မြို့သိမ်းတိုက်ပွဲမှာ သေတဲ့ကောင်။ အဲ့ကောင်က တပ်ကြပ်ကြီးစာရေးတွေကို ပြောလို့မရတိုင်း အငယ်ဆုံးဖြစ်တဲ့ ကျွန်တော့်ကို ဖိပါလေရော။ ကျွန်တော်လည်း ကိုယ်မှန်နေတဲ့ကြားက အပြစ်တင်ခံရတော့ ပြန်ပြောမိတာပေါ့။ အဲဒါနဲ့ အထက်အရာရှိကို ခံပြောတယ်ဆိုပြီး ရုံးအရှေ့မှာ လေးပေမီးချောင်းချုပ်နဲ့ ရိုက်ပါလေရော။ သတိဆွဲခိုင်းပြီးရိုက်တာ။
ကျွန်တော့်ရဲ့ ဘယ်ဘက်လက်မောင်းမှာ ပေါက်ပြဲပြီး သွေးစိမ်းရှင်ရှင်ထွက်တဲ့အထိပဲ။ ကျွန်တော်လည်း ပြီးတော့ “ဗိုလ်ကြီး ကျွန်တော့်ကို အပြစ်မရှိဘဲ ရိုက်တဲ့အတွက် ဗိုလ်ကြီးတစ်နေ့ပေးဆပ်ရလိမ့်မယ်”လို့တော့ ပြောခဲ့လိုက်တယ်။ အာဏာသိမ်းပြီး ကျွန်တော် CDM လုပ်လာခဲ့တဲ့အချိန်ထိ အဲဒီစစ်ဗိုလ်ကောင်က ပျော်မြူးနေတုန်းပဲ။ ပြည်သူတွေဆီက လုယက်ထားတဲ့ ပစ္စည်းတွေကို အိမ််မှာအပြည့်။ မိန်းမကို ဆွဲကြိုးဝယ်ပေး လက်ကောက်ဝယ်ပေးနဲ့ ပျော်မြူးနေတုန်းပဲ။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြီးနိုင်ငယ်ညှဉ်းမှုတွေနဲ့ အကြွားသန်တဲ့ မြန်မာ့တပ်မတော်ကြီးက အဲလိုကောင်တွေနဲ့ စုဖွဲ့ထားတာ။ အခုအချိန်ထိ စစ်တပ်ကနေ ရုန်းမထွက်ရဲတဲ့သူတွေက အကျိုးအမြတ်ရလို့နေတဲ့သူတွေရယ် ငတုံးငအတွေရယ်ပဲကျန်တယ်။ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ပျော်မြူးနေခဲ့တဲ့စစ်ဗိုလ်ကောင်လည်း မျက်နှာချင်းဆိုင်တိုက်တဲ့ ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့လက်ချက်နဲ့ အသေဆိုးနဲ့သေသွားပြီ။ အခုက သူ့အကုသိုလ်နဲ့သူ ကြွသွားပြီဆိုတော့ ခွင့်လွှတ်ပေးလိုက်ပါတယ်။ ကျွန်တော်လူသားဆန်တယ် မဟုတ်လား။
ဂျော့လင်းညို
The Tanintharyi Times