အိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗတ်တက္ကသိုလ်သို့ (ဗန်းမော်သိန်းဖေ)
အိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗတ်တက္ကသိုလ်သို့ (ဗန်းမော်သိန်းဖေ)
ဘဝမှာ အဆိုးဆုံး အနေအထားကနေ အကောင်းဆုံးကို ပြန်ရောက်ဖို့ဆိုတာ အပြောလွယ်ချင်လွယ်မယ်။ ဝန်းရံနေတဲ့ အခက်အခဲမျိုးစုံကြားက ရုန်းထွက်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်တဲ့ ကိစ္စပါပဲ။
တချို့ကတော့ လမ်းခုလတ်မှာ အရှုံးပေးလိုက်ကြတယ်။ တချို့က ရုန်းရင်းနစ်ရင်းနဲ့ စုန်းစုန်းမြုပ်သွားတာလည်း ရှိတယ်။ အနည်းစုကပဲ ဘယ်လောက်ပင်ပန်းပါစေ၊ မလျှော့တဲ့ဇွဲလုံ့လနဲ့ ပန်းတိုင်ရောက်တဲ့အထိ လျှောက်လှမ်းနိုင်ကြတယ်။
ခက်ခဲကျပ်တည်းမှုမျိုးစုံကို ကြံ့ကြံ့ခံဖြတ်ကျော်ပြီး ဆင်းရဲမှု ဝဲဂယက်ကနေ ရုန်းထွက်နိုင်သူ အနည်းစုထဲမှာ လစ်ဇ်မာရီ (Liz Murray) ဆိုတဲ့ ကောင်မလေးရဲ့ အံ့ဩစရာ ဇွဲသတ္တိကတော့ လူငယ်တွေအတွက် တကယ့်ကို အတုယူဖွယ်ပါပဲ။ ၁၉၈၀ ပြည့်နှစ် ဆောင်းဦးရာသီမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရဲ့ တိုက်ခန်းတစ်ခုထဲမှာ “လစ်ဇ်” ဆိုတဲ့ ကလေးမလေးဟာ လောကကြီးနဲ့ စတင်ထိတွေ့ခွင့် ရခဲ့တယ်။
ဘဝအတွက် ပေးထားချက်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က ပညာ၊ ဥစ္စာ စတဲ့ အရာတွေ ဖြည့်ဆည်းပေးဖို့၊ လမ်းညွှန်ဆုံးမပေးဖို့ ခိုင်မာတဲ့ အဝန်းအဝိုင်းမျိုးနဲ့ ခူးပြီးခပ်ပြီးသား အဆင်သင့်။ အဲ့ဒါတွေ တစ်ခုမှ မရှိဘဲ မွေးဖွားလာသူတွေထဲမှာ “လစ်ဇ်” တစ်ယောက် ပါဝင်ခဲ့တယ်။
အဖေဖြစ်သူက မူးယစ်ဆေးမှုနဲ့ ထောင်ကျနေချိန်။ အမေက ချို့ချို့ငဲ့ငဲ့နဲ့ ရပ်တည်နေရချိန်မှာ “လစ်ဇ်” ကို မွေးခဲ့တယ်။ အဖေထောင်က ပြန်လွတ်လာတော့လည်း မူးယစ်ဆေးသွင်းတာကလွဲပြီး ဘာမှမလုပ်တဲ့ မိဘနှစ်ပါးဟာ လူမှုဝန်ထမ်းဌာနကပေးတဲ့ ထောက်ပံ့ကြေးကိုပဲ အမှီပြုနေရတယ်။ သူမ ခြောက်နှစ်အရွယ်ကတည်းက မူးယစ်ဆေးရည်ကို သွေးကြောထဲ ဆေးထိုးအပ်နဲ့ ဘယ်လိုထိုးသွင်းရမယ် ဆိုတာကို သိနေခဲ့ပြီ။
မူးယစ်ဆေး အလွန်အမင်းစွဲနေတဲ့ မိဘနှစ်ပါးဟာ လစ်ဇ်တို့ မောင်နှမနှစ်ယောက်ကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ဘူး။ တခါကဆို သူတို့အိမ်မှာ စားစရာဘာမှမရှိလို့ လစ်ဇ်တစ်ယောက် သွားတိုက်ဆေးနဲ့ နှုတ်ခမ်းဆိုးဆေးတောင့်ကို ရောပြီး စားခဲ့ရတဲ့အထိပါပဲ။
သူ့အဖေက မူးယစ်ဆေးစွဲနေပေမယ့် စာတော့ဖတ်တယ်။ သူ့အဖေ ရပ်ကွက်စာကြည့်တိုက်မှာ စာအုပ်ငှားဖတ်တိုင်း “လစ်ဇ်” လည်း စာတွေလိုက်ဖတ်ဖြစ်လို့ စာဖတ်ဝါသနာပါသူတစ်ယောက် ဖြစ်လာတယ်။ နောက်တစ်ခုက မူးယစ်ဆေးသုံးတာကို တချိန်လုံး တွေ့နေရပေမယ့် သူကိုယ်တိုင် တခါမှ မသုံးခဲ့ဘူး။ သူ့ဘဝမှာ ရလိုက်တဲ့ ကံကောင်းခြင်း အမွေအနှစ်ဟာ ဒီလောက်လေးပါပဲ။
နောင်သူ့ဘဝကို အကောင်းဆုံး တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ အဲဒီနှစ်ချက်က အထောက်အကူ ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်။ လူတိုင်းအတွက် မွေးဖွားလာတဲ့ ပတ်ဝန်းကျင်၊ မိဘဆိုတာ ပြောင်းလဲလို့ရတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြောင်းလဲလို့မရတဲ့အရာကြောင့် ဘဝကို အရှုံးပေးမလား။ ဘဝရဲ့ကျန်တဲ့ အစိတ်အပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲမလား ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
“လစ်ဇ်” ရဲ့ ငယ်ဘဝကတော့ ပေးထားချက်အတိုင်းပဲ ရှင်သန်ခဲ့တယ်။ သိနားလည်စအရွယ်မှာ အဆိုးထဲက ရုန်းထွက်ဖို့ ကြိုးစားပေမယ့် နည်းလမ်းအမှားကို သုံးမိလို့ အဆိုးဝဲဂယက်ထဲ တဝဲလည်လည် ဖြစ်ခဲ့ရပြန်တယ်။
စုတ်ပြတ်နေတဲ့ အဝတ်အစားနဲ့ ပုံမကျပန်းမကျ ညစ်ပတ်ပေရေနေတဲ့ သူ့ပုံစံက ကျောင်းသူတွေကြားမှာ လှောင်ပြောင်စရာ ဖြစ်နေခဲ့လို့ သိမ်ငယ်စိတ်ကြောင့် ကျောင်းပြေးတဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျောင်းပြေးလွန်းလို့ လူငယ်ပြုပြင်ရေးရိပ်သာကို အပို့ခံလိုက်ရတယ်။ ရိပ်သာကနေ ပြန်ထွက်လာတော့လည်း ကျောင်းပြေးတုန်းပါပဲ။
သူ့မိဘတွေဟာ ငှားထားတဲ့တိုက်ခန်း လခမပေးနိုင်လို့ သူတို့တတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး မိသားစု တကွဲတပြား ဖြစ်သွားခဲ့တယ်။ လမ်းတကာ လျှောက်သွား၊ အမှိုက်ပုံတွေကို မွှေပြီး ရှာဖွေ စားသောက်။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား။
တခါတလေ သူငယ်ချင်းအိမ်မှာ သူတို့မိဘမသိအောင် ခိုးအိပ်ခွင့်ရခဲ့ပေမယ့် လမ်းပေါ်မှာ ကြုံသလိုအိပ်ရတာက များပါတယ်။ စားစရာမရှိလို့ ရရာတောက်တိုမယ်ရ အလုပ်လုပ်ပြီး ဝမ်းရေးကို ဖြေရှင်းခဲ့ရတယ်။ ဗိုက်ဆာလွန်းလို့ ကုန်တိုက်မှာ တင်ရောင်းနေတဲ့ စားစရာတွေကို အလစ်သုတ်စားရတဲ့ ရက်တွေလည်း မနည်း။
HIV/AIDS နဲ့ ဆေးရုံမှာ ကွယ်လွန်သွားတဲ့ သူ့အမေဟာ ပိုက်ဆံမရှိလို့ ဖြစ်သလို သင်္ဂြိုလ်လိုက်ရတာကို မြင်တွေ့ပြီးနောက် “လစ်ဇ်” ဟာ တုန်လှုပ်ခြောက်ခြားသွားတယ်။ လမ်းပေါ်လျှောက်သွားပြီး ကြုံသလိုအိပ် ဖြစ်သလိုစား ဘဝကို စိတ်ပျက်လာတယ်။ ဘဝတိုးတက်အောင် ကြိုးစားလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
“လစ်ဇ်” ရွေးချယ်လိုက်တဲ့ ဘဝတိုးတက်ရေး လမ်းကြောင်းက “ပညာရေး” ပဲ ဖြစ်တယ်။ အချိန်အတန်ကြာ ရပ်ထားတဲ့ အထက်တန်းကျောင်းကို ပြန်တက်တယ်။
“လစ်ဇ်” လို အိုးမဲ့အိမ်မဲ့တစ်ယောက်အတွက် အတန်းထဲမှာ ထိပ်ဆုံးရောက်နေဖို့က လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ တိုက်ခန်းတွေရဲ့ စင်္ကြန်လမ်းနဲ့လှေကားခွင်တွေမှာ ပုန်းလျှိုးကွယ်လျှိုး အိပ်ပြီး ကျောင်းစာလုပ်ခဲ့ရတဲ့ ညတွေမှ မနည်း။
အိပ်ရေးမဝတဲ့ ညပေါင်းများစွာ၊ ဗိုက်ဟောင်းလောင်းနဲ့ နေ့ပေါင်းများစွာကို အားခဲဖြတ်သန်းပြီး ဘာသာစုံဂုဏ်ထူးနဲ့ အထက်တန်းကို အောင်မြင်သွားခဲ့တယ်။ အထိန်းအကွပ်မဲ့၊ အထောက်အပံ့မဲ့ ဆယ်ကျော်သက်တစ်ယောက်အတွက် အပြင်းအထန် ရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေက ကြောက်ခမန်းလိလိပါပဲ။
အထက်တန်းမှာ အမှတ်များလို့ ဟားဗတ်တက္ကသိုလ်မှာ စကောလားရှစ်လျှောက်တာ ရသွားပါတယ်။ သူမွေးဖွားလာချိန်ကနေ ဟားဗတ်တက္ကသိုလ် တက်ခွင့်ရတဲ့ အသက် ၁၉ နှစ် အရွယ်အထိ ဖြတ်သန်းခဲ့ရတဲ့ ဘဝပုံရိပ်ကို လစ်ဇ်မာရီ (Liz Murray) ကိုယ်တိုင် ရေးသားထားတာ ဖြစ်ပါတယ်။ “Breaking Night” လို့ အမည်ပေးထားတဲ့ အဲဒီစာအုပ်ကို ဆရာ “ဗန်းမော်သိန်းဖေ” က “အိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗတ်တက္ကသိုလ်သို့” ဆိုပြီး မြန်မာဘာသာပြန်ထားပါတယ်။
“လစ်ဇ်” တစ်ယောက် အိုးမဲ့အိမ်မဲ့ ဘဝကနေ ထိပ်ဆုံးရောက်သွားစေတဲ့ အကြောင်းရင်းဟာ ပညာရေးဆိုတဲ့ လမ်းမှန်ကို ရွေးချယ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို လူတိုင်းလက်လှမ်းမီဖို့အတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိဖို့လည်း အရေးကြီးတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ။
ငြိမ်းပန်
The Tanintharyi Times