အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်မှုကို ဆန့်ကျင်တိုက်ပွဲဝင်သူ
အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်မှုကို ဆန့်ကျင်တိုက်ပွဲဝင်သူ
(အက်ဆေး၊ ခေတ်ပြိုင်ဘဝများ)
ရှမ်ဆာ ရှာရာဝီဟာ ငယ်စဉ်ကတည်းက လိင်အင်္ဂါကို အဓမ္မဖြတ်တောက်ခံခဲ့ရတဲ့ ကမ္ဘာပေါ်က လက်ရှိအမျိုးသမီးသန်းပေါင်း ၂၃၀ ထဲက တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူမမှာ သူများနဲ့မတူတဲ့ ထူးခြားမှုတစ်ခု ရှိပါတယ်။အဲဒါကတော့ Female Genital Mutilation (FGM) လို့ခေါ်တဲ့ အမျိုးသမီး လိင်အင်္ဂါဖြတ်တောက်မှုကို ဦးဆောင်ဆန့်ကျင်တဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ခြင်းပါပဲ။ သူမရဲ့အဓိကလက်နက်ကတော့ TikTokပဲ ဖြစ်ပါတယ်။
ဆိုမာလီယာနိုင်ငံသူ ရှမ်ဆာရဲ့အင်္ဂါကို သူမရဲ့အဒေါ်က ဖြတ်တောက်ခဲ့တာပါ။ အဲဒီအချိန်မှာ သူမအသက်က ၆ နှစ်ပါ။
များသောအားဖြင့် FGM ကို မွေးကင်းစအရွယ်နဲ့ ၁၅ နှစ်အတွင်းမှာ ပြုလုပ် ခံခဲ့ကြရပါတယ်။ ဒီမိန်းကလေးတွေရဲ့ပြောမထွက်လောက်တဲ့နာကျင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာကို ရှမ်ဆာ ရှာရာဝီ အသိဆုံးပါ။
FGM ကို ပြုလုပ်ကြတဲ့ နိုင်ငံပေါင်း ၃၀ လောက်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့အာရှတိုက်မှာ တည်ရှိကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ကတော့ ဒီလုပ်ရပ်ဟာ အမျိုးသမီးနဲ့ မိန်ကလေးငယ်တွေရဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်တာလို့ ကြေညာထားပါတယ်။
ဖြတ်တောက်ခံရတဲ့ မိန်းကလေးငယ်တွေဟာ ရေရှည်မှာ ဆီးသွားရင် အင်မတန်နာကျင်တာ၊ ရာသီချိန်အတွက် ခက်ခဲလှတာ၊ လိင်ဆက်ဆံတဲ့အခါ နာကျင်ရတာ၊ လိင်စိတ်ပျောက်ကွယ် တာတွေကို ခံစားကြရပါတယ်လို့ WHOက ဆိုပါတယ်။
ရှမ်ဆာဟာ အခုတော့ အသက် ၃၂ နှစ် ရှိပါပြီ။ ၂၀၀၁ ခုနှစ်မှာ ဆိုမာလီယာပြည်တွင်းစစ်ကလွတ်မြောက်ဖို့ ယူနိုက်တက်ကင်းဒမ်းကို ရှမ်ဆာနဲ့မိသားစု ထွက်ပြေးလာကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ ရှမ်ဆာဟာ TikTok ကတစ်ဆင့် FGM ကို ဆန့်ကျင်တဲ့အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
“မိန်းကလေးတွေကို သူတို့ရဲ့အင်္ဂါနဲ့ပတ်သက်လို့ နာကျင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာခြောက်ခြားမှုတွေကို ပြောပြဖို့ မရှက်ရွံ့စေချင်ဘူး” လို့ ရှမ်ဆာ ရှာရာဝီကဆိုပါတယ်။
ဆိုမာလီယာမှာတော့ သူမဟာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ အမျိုးသမီးအများစုဟာ ငယ်ရွယ်
စဉ်မှာ လိင်အင်္ဂါဖြတ်တောက်မှုကို ရင်ဆိုင်ရတာဟာ ပုံမှန်သဘာဝတစ်ခု ဖြစ်ပါတယ်။
FGM မလုပ်ကြတဲ့အမျိုးသမီးတွေကို အရှက်မဲ့သူတွေ၊ လိင်မှုရေးရာတက်ကြွလွန်းသူတွေ၊ စာရိတ္တမကောင်းသူတွေအဖြစ် လက်ညှိုးထိုး ပစ်ပယ်ကြပါတယ်။ ဒါကို ဆန့်ကျင်ဟောပြောတဲ့ရှမ်ဆာကို ဆန့်ကျင်တိုက်ခိုက်ကြပါတယ်။
နိုင်ငံတော်တော်များများမှာ ဒီလုပ်ရပ်ကိုတားမြစ်တဲ့ဥပဒေတွေရှိပေမယ့် နှစ်စဉ်သန်းနဲ့ချီတဲ့မိန်ကလေးတွေဟာ ဖြတ်တောက်ခံနေကြရပြီး သောင်းနဲ့ချီတဲ့မိန်းကလေးတွေဟာ အသက်ဆုံးရှုံးနေကြ ရပါတယ်။
ရှမ်ဆာ ရှာရာဝီဟာ TikTok မှာ နှင်းဆီပန်းတစ်ပွင့်ကို ပြပါတယ်၊ ပြီးတော့ ဘလိတ်ဒါးတစ်ချောင်းနဲ့ ပွင့်ဖတ်တွေကို လှီးဖြတ်ပြပါတယ်။ ပြီးတဲ့အခါမှာတော့ ပျက်ယွင်းသွားတဲ့ နှင်းဆီပန်းကို အပ်ချည်ကြိုးနဲ့ ပြန်ချုပ်ပြပါတယ်။ ဒါဟာ သူမရဲ့အင်္ဂါကို ဘယ်လိုဖျက်ဆီးခံခဲ့ရတယ်ဆိုတာကို ပြသတာဖြစ်ပါတယ်။
Shamsa Araweelo ဆိုတဲ့ သူမရဲ့TikTok မှာကြည့်ရှုသူသန်းပေါင်းများစွာ ရှိပါတယ်။ ရှမ်ဆာဟာ သူမဘဝရဲ့ခြောက်ခြားစရာအကောင်ဆုံး နောက်ထပ်အတွေ့အကြုံကိုလည်း Tik Tokမှာ ပြောပြထားပါတယ်။
သူမ ၁၈ နှစ်သမီးမှာ ဆိုမာလီယာကို ခဏပြန်တဲ့အချိန်မှာ အတင်းအကြပ်ဖမ်းချုပ်ပြီး လက်ထပ်စေခဲ့တာ၊ အလိုမပါဘဲ အဓမ္မပြုကျင့်ခံခဲ့ရတာတွေ ဖြစ်ပါတယ်။ ဆိုမာလီယာကနေ ထွက်ပြေးပြီး ယူကေကို ပြန်ရောက်ဖို့ ၆ လ ကြာ ကြိုးစားခဲ့ရပါတယ်။
အခုတော့သူမဟာ Single Mother ဘဝနဲ့ ၁၀ နှစ်အရွယ် ဆာရာဆိုတဲ့သမီးတစ်ဦးရှိနေပါပြီ။ တစ်နေ့မှာတော့ သူမကို ဟာဂျာ ဘီကီဆုဆိုတဲ့အမျိုးသမီးတစ်ဦးက ဆက်သွယ်လာခဲ့ပါတယ်။ ဟာဂျာ ဟာ ရှမ်ဆာရဲ့နှင်းဆီပွင့် ဗီဒီယိုကို ကြည့်ပြီး ဆက်သွယ်လာတာပါ။ ဂျာမန်နိုင်ငံသူတစ်ဦးဖြစ်တဲ့ ဟာဂျာဟာ သူမမွေးရပ်နိုင်ငံ ဖြစ်တဲ့ ဆီယာလီရုန်းကို ငယ်စဉ်ဘဝကအလည်အပတ်ပြန်ရင်း လိင်အင်္ဂါကိုဖြတ်တောက်ခံခဲ့ရတာပါ။
ဟာဂျာကရှမ်ဆာကို ပြောပြတာကတော့ သူမရဲ့လိင်အင်္ဂါကို ဂျာမန်ဆေးရုံတစ်ခုမှာ ပြန်လည်ခွဲစိတ်ပြီး ပြုပြင်နိုင်ခဲ့ပြီဆိုတဲ့အချက်ပါပဲ။
“နောက်တစ်ကြိမ် ပြန်ခွဲစိတ်ရမယ်ဆိုတဲ့အတွေးက ကျွန်မကိုအကြီးအကျယ်ခြောက်လှန့်စေခဲ့တယ်” လို့ ရှမ်ဆာက ဘီဘီစီသတင်းဌာနကိုပြန်ရင်ဖွင့်ပါတယ်။
“ဒီတစ်ကြိမ်ကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ” လို့ သူမက ဆိုပါတယ်။
“ကျွန်မရဲ့စိတ်ကျန်းမာရေးအတွက် ဒါကို ကျွန်မ လုပ်မှာဖြစ်မှာ၊ နောက်ဘယ်တော့မှ ဒီလို (စိတ်ပိုင်းဆိုင်ရာ)နာကျင်မှုကို ထပ်မခံစားချင်တော့ဘူး”
သမီးလေးဆာရာကို သူမခွဲစိတ်မှုပြုလုပ်မှာနဲ့ပတ်သက်ပြီး ရှမ်ဆာက နားလည်အောင်ရှင်းပြခဲ့ပါတယ်။ ရှမ်ဆာဟာရသမျှရန်ပုံငွေကိုစုဆောင်းပြီး ဂျာမဏီက လွီဆန်ဆေးရုံကိုရောက်အောင် သွားခဲ့ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင်ညမှာ ဆေးရုံက သူမအခန်းထဲမှာတစ်ယောက်ထဲ သူမကြောက်လန့်နေခဲ့ပါတယ်။ ငယ်ငယ်ကဖြစ်ရပ်က သူမကို ပြန်လည်ခြေက်လန့်နေခဲ့ပါတယ်။
ခွဲစိတ်မှုဟာ ၄ နာရီကြာမြင့်ခဲ့ပါတယ်။ ဒီခွဲစိတ်မှုကို ရှမ်ဆာက ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။ သူမကို ခွဲစိတ်ပေးသူကတော့ ဒေါက်တာဒန်နီးဒီဖြစ်ပါတယ်။ ဒီခွဲစိတ်မှုပညာမှာ နည်းပညာအသစ်တွေကို ရှာဖွေတွေ့ရှိထားသူပါ။
နောက်ဆုံးတော့ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။ ခွဲစိတ်မှုပြီး နှစ်ရက်အကြာမှာ ရှမ်ဆာကိုသူမရဲ့ဒေါက်တာက မတ်တပ်ရပ်နိုင်ဖို့ အိပ်ယာကနေ ဆွဲထူပေးခဲ့ပါတယ်။ ရှမ်ဆာဟာ သူမရဲ့အတွေ့အကြုံတွေကို TikTokပရိတ်သတ်တွေကိုပြန်လည်မျှဝေခဲ့ပါတယ်။ ၂၀၂၃မှာ ရှမ်ဆာဟာ BBC Women List 2023 မှာ ပါဝင်ခဲ့ပါတယ်။
“ကျွန်မရဲ့ Clitoris (အင်္ဂါထိပ်)ကို ကျွန်မပြန်ရပြီ” လို့ ရှမ်ဆာက ဆိုပါတယ်။
(The New York Times ရဲ့ She Survived Genital Cutting, Then Share Her Reconstruction on Tik Tok၊ BBC ရဲ့ ‘I Wanted My Clitoris Back’ – FGM Survivor Opts for Reconstructive Surgery၊ WHO နဲ့ ရှမ်ဆာရဲ့ YouTubeကအချက်အလက်တွေကိုမှီငြမ်းပြီး ပြန်ရေးသားပါတယ်)
သူ
The Tanintharyi Times
