အမျိုးသမီးထုနဲ့ အရိုးပွရောဂါ

အမျိုးသမီးထုနဲ့ အရိုးပွရောဂါ

အမျိုးသမီးအများစု ဖြစ်နိုင်တဲ့ ရောဂါတွေထဲမှာ အရိုး၊ အဆစ်နဲ့ပတ်သက်တဲ့ဝေဒနာလည်းပါပါတယ်။ အများအားဖြင့် အသက်လေးဆယ်ကျော်လာရင် အမျိုးသမီးအများစုဟာ ဒူးနာတာ၊ ခါးနာတာ၊ အဆစ်ရောင်တာ၊ အရိုးပွတာ စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဆိုတာတွေဖြစ်လာတတ်ပါတယ်။အဲဒီရောဂါတွေထဲက အရိုးပွတဲ့ ဝေဒနာအကြောင်းကို မျှဝေပေးပါမယ်။

■ အရိုးပွတယ်ဆိုတာ

အရိုးရဲ့သိပ်သည်းဆတွေဆက်တိုက်နည်းလာလို့အရိုးပါးလာတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အရိုးပွတယ်ဆိုတာကို အရိုးပါးလာတယ်လို့လည်းခေါ်နိုင်ပါတယ်

■ အရိုးပွတာကို မြင့်စေတဲ့အချက်တွေ

  • အရိုးပွတယ်ဆိုတာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာအဖြစ်များပါတယ်
  • သွေးဆုံးပြီးချိန် အမျိုးသမီးတွေ(မဟော်မုန်းကျဆင်းချိန်)မှာအဖြစ်များနိုင်ပါတယ်
  • သက်ကြီးအမျိုးသမီးတွေက အသက်ငယ်သူတွေထက် အရိုးပွနိုင်ခြေများပါတယ်
  • မိသားစုထဲမှာ အရိုးပွဖူးသူရှိရင်လည်း အရိုးပွနိုင်ပါတယ်
  • ပိန်ပါးတဲ့အမျိုးသမီးတွေက ဝတဲ့အမျိုးသမီးတွေထက် အရိုးပွနိုင်ခြေများပါတယ်။

■ အရိုးပွနိုင်ခြေရှိတဲ့ နေရာတွေ

  • အရိုးပွတာနဲ့ဆက်စပ်တဲ့အရိုးကျိုးနိုင်ခြေရှိတဲ့နေရာတွေမှာ လက်ကောက်ဝတ်၊ကျောရိုး၊ တင်ပဆုံတို့ ဖြစ်ပါတယ်
  • အဲဒီသုံးခုထဲမှာ တင်ပဆုံရိုးကျိုးတာက အဆိုးဆုံးဖြစ်ပါတယ်။

■ အရိုးပွတာရဲ့လက္ခဏာတွေ

  • အရိုးပွတယ်ဆိုတာ စောစောကာလမှာမသိနိုင်တဲ့ တိတ်တဆိတ်ဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်
  • အရိုးပွရောဂါရဲ့ ပထမဆုံးလက္ခဏာကတော့ အရိုးကျိုးတာပဲဖြစ်ပါတယ်။ အရိုးကျိုးတယ်ဆိုတဲ့နေရာမှာအသေး စားထိခိုက်မှုဖြစ်ရင်တောင် ကျိုးသွားတာမျိုးကိုဆိုလိုပါတယ်။ အလွန်အမင်းဆိုးဝါးသူတွေဆို ချောင်းဆိုး၊ နှာချေတာမျိုးကနေတောင် အရိုးကျိုးစေနိုင်တယ်လို့လည်း သိရပါတယ်။
  • အချိန်အနည်းငယ်ကြာလာရင် ကျောပြင်နာတာ၊ လည်ပင်းနာတာ၊ ကိုယ်နေကိုယ်ထားမမတ်ဘဲ ကုန်းလာတာ၊ အရပ်တဖြည်းဖြည်းနိမ့်လာတာမျိုးတွေဖြစ်ပါတယ်
  • မတ်တပ်ရပ်ဖို့ခက်ခဲလာတာ၊ ထိုင်ဖို့ခက်ခဲတာတွေကလည်း အရိုးပွရောဂါရဲ့ လက္ခဏာထဲမှာပါဝင်ပါတယ်။

■ အရိုးပွရောဂါဖြစ်နိုင်တဲ့သူတွေ

  • HIVရှိသူတွေမှာ အရိုးပွနိုင်ပါတယ်
  • အစာအိမ်ကင်ဆာအပါအဝင် ကင်ဆာသမားတွေမှာလည်း အရိုးပွနိုင်ပါတယ်။

■ အရိုးပွရောဂါ မဖြစ်အောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေ

  • အရိုးပွစေခြင်းမဖြစ်စေဖို့လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ မိန်းမတို့ရဲ့အသက်က မီးယပ်သွေးဖြစ်ပါတယ်။ ဆေးပညာမှာ မီးယပ်သွေးကတစ်ဆင့် အရိုးဖြစ်စဉ်ကိုကူးပြောင်းတာမို့ မီးယပ်သွေးမှန်တာ၊ ပုံမှန်ဆင်းတာတွေ ဖြစ်အောင် ဂရုတစိုက်နေထိုင်တာကလည်း အရိုးပွတာကို လျော့ပါးစေမှာဖြစ်ပါတယ်။
  • အသက်ငယ်ငယ်သွေးဆုံးတာနဲ့ အသက်ကြီးမှသွေးဆုံးတာထဲမှာ အသက်ငယ်ငယ်သွေးဆုံးတာ အရိုးပွနိုင်ခြေမြင့်မားတာကိုလည်း သတိပြုထားစေလိုပါတယ်
  • အရိုးအဆစ်တွေ သန်မာနေစေဖို့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကို နေ့စဉ်လုပ်ပေးသင့်ပါတယ်
  • အိပ်ရာထဲမှာ တချိန်လုံးအိမ်နေတာမျိုးကိုရှောင်ပြီး လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီးတာမျိုးလုပ်ပေးသင့်ပါတယ်
  • အရိုးတွေ ကောင်းမွန်သန်မာနေစေဖို့ ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီဓာတ်ပါတဲ့ အစားအစာတွေကိုဦးစား ပေးစားသင့်ပါတယ် (ဥပမာ။ ငါးအသေးလေးတွေ၊ နွားနို့)
  • ဗီတာမင်ဒီရရှိစေဖို့ နေပူဆာလှုံပေးသင့်ပါတယ်
  • တာရှည်သောက်ရတဲ့ ဆေးဝါးတွေကြောင့် အရိုးပွ၊ အရိုးပါးနိုင်ခြေရှိတာမို့ ပြသနေကျ ဆေးပညာရှင်တွေနဲ့မကြာခဏဆွေးနွေးအဖြေရှာသင့်ပါတယ်
  • ဆေးလိပ်သောက်တတ်တဲ့အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်ဖြတ်သင့်ပါတယ်
  • အရက်သောက်တတ်တဲ့ အမျိုးသမီးတွေအနေနဲ့လဘ်း အရက်ဖြတ်တာက အရိုးပွတာကို လျော့ချပေးနိုင် ပါတယ်
  • အငန်အရသာရှိတဲ့အစားအစာ၊ ဟင်းခတ်မှုန့်တွေကို လျော့သုံးတာကလည်း အရိုးပွတာကို လျော့ပါးစေနိုင်ပါတယ်
  • သက်ကြီးသမားတွေ အရိုးပွပြီးအရိုးမကျိုးစေဖို့ ရေချိုးခန်း၊ အိမ်သာတို့မှာ လက်ရန်း၊ လက်ကိုင် တွေ ပြုလုပ်ထားတာကအရိုးကျိုးတာကိုနည်းပါးစေမှာဖြစ်ပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times