သက်ကြီးရွယ်အိုတို့ ကျန်းမာရေး

သက်ကြီးရွယ်အိုတို့ ကျန်းမာရေး

အသက်အရွယ်ကြီးလာသူတွေအဖို့ အသက်ရလာတာအမျှ အရိုးအဆစ်၊ အစာခြေစနစ်၊ ဆီးအိမ်နဲ့ဆီးလမ်းကြောင်း၊ နှလုံးဆိုင်ရာပြဿနာတွေ၊ မှတ်ဉာဏ်၊ အမြင်အာရုံစတဲ့အရာတွေ ယိုယွင်းလာတတ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သက်ကြီးရွယ်အိုတွေ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါမယ်။

■ အရိုးအဆစ်တွေကောင်းမွန်စေဖို့

- နေ့စဉ်သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးမျိုးကို လုပ်ပေးသင့်ပါတယ်။ ဥပမာ၊ လမ်းလျှောက်တာ၊ ရေကူးတာ။

- ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးတာက စိတ်ရောကိုယ်ပါနုပျိုကျန်းမာစေမှာဖြစ်ပါတယ်။

- ဗီတာမင်ဒီပါသောအစားအစာတွေ၊ ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကိုစားပေးနိုင်ပါတယ်။

- နေပူဆာလှုံပေးသင့်ပါတယ်။

- အရိုးအဆစ်တွေကျန်းမာနေစေဖို့ ကိုယ်အလေးချိန်ကို အမြဲစမ်းစစ်နေဖို့လိုပါတယ်။

■ အစာခြေစနစ်ကောင်းမွန်စေဖို့

- အစာခြေစနစ်ကောင်းမွန်စေဖို့အစာစားရင် ကြေညက်အောင်ဝါးစားပေးဖို့လိုအပ်ပါတယ်။

- အာဟာရမျှတအောင်စားပေးဖို့လည်းလိုပါတယ်။

- အာဟာရမျှတအောင်စားပေးတာက ကိုယ်ခံအားကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းရာလည်းရောက်ပါတယ်။

- လူကြီးသူမတွေစားတဲ့အစားအစာတွေက မာလွန်း၊ စပ်လွန်း၊ ငန်လွန်းတာတွေမဖြစ်ဖို့ လိုအပ်ပါတယ်။

- သက်ကြီးရွယ်အိုများအနေနဲ့ အစာခြေစနစ်ယိုယွင်းပြီး ဝမ်းပုံမှန်မသွားဘဲ ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်လို့ ရေကိုပုံမှန်သောက်ပေးဖို့လိုအပ်သလို အမျှင်ဓာတ်ပါတဲ့အစားအစာတွေကိုလည်းစားပေး သင့်ပါတယ်။

- သစ်သီးဝလံအမျိုးမျိုးကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။

- ရာသီပေါ်သစ်သီးဝလံတွေစားပေးတာက သွေးတိုးရောဂါ၊နှလုံးရောဂါတွေကနေ ကာကွယ်နိုင်ပါတယ်။

■ ဆီးအိမ်နဲ့ဆီးလမ်းကြောင်းကောင်းမွန်စေဖို့

- ဆီးအိမ်နဲ့ဆီးလမ်းကြောင်းကောင်းမွန်စေဖို့ ဆီးပုံမှန်သွားဖို့လိုအပ်ပါတယ်။

- ဆီးပုံမှန်သွားဖို့အတွက်က ရေကိုများများသောက်ပေးဖို့လိုပါတယ်။

- ရေကိုများများသောက်တာက ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးရာလည်းရောက်ပါတယ်။

- ဆီးအိမ်ကိုပြဿနာဖြစ်စေတဲ့ လက်ဖက်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေကို တတ်နိုင်သလောက်လျော့ချ သောက်ပေးသင့်ပါတယ်။

- ရေကိုလုံလုံလောက်လောက်သောက်ပေးရင် ဆီးလမ်းကြောင်းပြဿနာတွေသာကမ အရေပြားပြဿနာတွေ၊ အစာခြေစနစ်ရဲ့ပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ ကောင်းမွန်စေမှာဖြစ်ပါတယ်။

■ နှလုံးဆိုင်ရာပြဿနာတွေကနေ ကင်းဝေးစေဖို့

- သက်ကြီးရွယ်အိုတွေအဖို့ နှလုံးဆိုင်ရာပြဿနာတွေကင်းဝေးအောင် အိပ်ရေး၀၀အိပ်စက်ဖို့လိုပါတယ်။

- အိပ်ရေး၀၀အိပ်စက်တာက နှလုံးကျန်းမာရေးကိုကောင်းမွန်စေရုံသာမက ကိုယ်ခံအားကိုလည်းကောင်း စေမှာဖြစ်ပါတယ်။

- စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျော့ချပေးပါ။

- စိတ်ဖိစီးမှုတွေက အိပ်ပျော်ဖို့ခက်ခဲစေမှာဖြစ်ပါတယ်။

- အိပ်ပျော်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတဲ့ ကဖိန်းဓာတ်ပါတဲ့အစားအစာတွေကို ညအိပ်ယာ ဝင်ခါနီးမှာစားတာကို ရှောင်ကြဉ်သင့်ပါတယ်။

- နှလုံးဆိုင်ရာပြဿနာတွေ ကင်းဝေးစေဖို့ အငန်ဓာတ်ပါတဲ့ အစားအစာတွေ ၊အနီရောင်ပါသောအသားတွေကိုလွန်ကဲစွာစားတာမျိုး ရှောင်ကြဥ်ရပါမယ်။

- နှလုံးကျန်းမာစေဖို့ အိုမီဂါသရီးပါတဲ့ငါးတွေစားသုံးပေးတာကများစွာအထောက်အကူပြုနိုင်ပါတယ်။

- ဆားနဲ့ ဆီတို့ကိုတတ်နိုင်သလောက်လျော့ချစားပေးရပါမယ်။

■ မှတ်ဉာဏ်ကောင်းမွန်စေဖို့

- သက်ကြီးရွယ်အိုအများစုက သတိမေ့တာ၊ သတိလွတ်တာတွေဖြစ်လေ့ရှိပါတယ်အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာဖြစ်လေ့ရှိတဲ့အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ မှတ်ဉာဏ်တွေဆုံးရှုံးရုံသာမက ပုံမှန်အတိုင်းတွေးခေါ်ပြုမူနိုင်စွမ်းကိုပါဆုံးရှုံးစေနိုင်တဲ့ရောဂါဖြစ်ပါတယ်။

- သက်ကြီးရွယ်အိုတွေကို စိတ်ပျော်ရွှင်စေဖို့တတ်နိုင်သလောက်ပြုလုပ်ပေးရပါမယ်။ သူတို့ရဲ့ဆွေမျိုးတော် စပ်သူတွေ၊ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဖြစ်ဖို့စီစဉ်ပေးဖို့လိုပါတယ်။

- အပင်တွေစိုက်ပျိုးစေတာ၊ ငှက်တွေကိုအစာကျွေးစေတာကလည်း သူတို့ရဲ့စိတ်ကိုလန်းဆန်းစေပြီး အယ်လ် ဇိုင်းမားရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။

- သဘာဝအတိုင်းရရှိတဲ့ အစေ့အဆန်တွေကိုစားပေးတာကလည်း အယ်လ်ဇိုင်းမားရောဂါကနေ ကာကွယ်ပေးနိုင် ပါတယ်။

- နေ့စဉ်ပုံမှန်လှုပ်ရားမှုကိုပြုလုပ်ပေးတာကလည်း အယ်လ်ဇိုင်းမားရောဂါကနေကာကွယ်ပေးနိုင်ပါတယ်။

■ အမြင်အာရုံကောင်းစေဖို့

- သက်ကြီးရွယ်အိုတွေအနေနဲ့ အမြင်အာရုံကောင်းဖို့ အိပ်ရေး၀၀အိပ်စက်ဖို့ လိုအပ်ပါတယ်။

- အိပ်ရေး၀၀အိပ်စက်တာက အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

- အမြင်အာရုံကိုကောင်းမွန်စေတဲ့ အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေကိုဦးစားပေး စားသင့် ပါတယ်။ဥပမာ ၊ ခါကြက်ဥ (မုန်လာဥနီ)၊ ဖရုံသီး။

အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်

- သက်ကြီးရွယ်အိုတွေအနေနဲ့ အသက်အရွယ်ကြီးလာတာက ကိုယ်ရောစိတ်ပါသက်တောင့်သက်သာဖြစ်အောင်နေရမယ့်အရွယ်ရောက်ပြီဆိုတဲ့အသိရအောင် ဘေးကမိသားစုဝင်တွေက ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။

- ကိုယ်ခံအားနည်းတဲ့ အရွယ်တွေဖြစ်လို့ နာဖျားနေသူတွေနဲ့ နီးနီးကပ်ကပ်နေတာမျိုး ရှောင်ကြဉ် သင့်ပါတယ်။

- ရာသီအလိုက် ကာကွယ်ဆေးတွေ ထိုးပေးသင့်ပါတယ်။

- ကိုယ်ခံအားနည်းစေတဲ့အပြုအမူတွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို တတ်နိုင်သမျှရှောင်ကြဥ်ဖို့လိုပါတယ်။

- သက်ကြီးရွယ်အိုတွေအနေနဲ့ ဆီး၊ ဝမ်း၊ သွေး၊ လေညီညွှတ်ဖို့လိုအပ်ပါတယ်။

- အချို့သက်ကြီးရွယ်အိုတွေမှာ ဝမ်းချုပ်တာနဲ့အတူ လေချုပ်ရာက လေမူးမူးတတ်သူတွေလည်းရှိပါတယ်။

- သူတို့အတွက် လေသက်စေတဲ့ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ အစားအစာတွေကျွေးပြီး လေချုပ်တာကနေ ကင်းဝေးအောင်ပြုလုပ်ပေးသင့်ပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times